ဝယ်လက်များက အချိန်ဆွဲထားသဖြင့် အိန္ဒိယဆန်ဝယ်လိုအား လျော့နည်းနေ

၀၁ နိုဝင်ဘာ ၂၀၁၉ သတင်း
htwettoe

ဝယ်လက်များက အချိန်ဆွဲထားသဖြင့် အိန္ဒိယဆန်ဝယ်လိုအား လျော့နည်းနေ


ကမ္ဘာ့ ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနိုင်ငံတွင် ဆန်ပို့ကုန်ဈေးများ လေးလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသော်လည်း ဝယ်လက်များက ဆန်အဝယ်ဆိုင်းငံ့ခဲ့ကြသဖြင့် အိန္ဒိယဆန်ဝယ်လိုအား နိမ့်ကျခဲ့ပြီး ဗီယက်နမ်တွင်မူ ရောင်းလိုအားနည်းခြင်းကြောင့် ဆန်ဈေးများ နှစ်လအတွင်း အမြင့်ဆုံး၌ ရပ်တည်လျက်ရှိသည်။ အိန္ဒိယငါးမှတ်ပေါင်းဆန်ဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ၃၆၈-၃၇၂ဒေါ်လာ၌ ရပ်တည်ခဲ့ရာမှ ယခုအပတ်တွင် ၃၆၅- ၃၇၀ ဒေါ်လာသို့ လျော့ကျလာခဲ့သည်။

“အာရှနဲ့ အာဖရိကဝယ်လက်တွေဟာ ဆန်မဝယ်သေးဘဲ စောင့်နေပါတယ်။ ဈေးထပ်ကျလာဦးမယ်လို့ တွက်ဆပြီး ဆန်ဝယ်ယူမှုကို ဆိုင်းငံ့ထားကြပါတယ်”ဟု အိန္ဒိယတောင်ပိုင်း အန္ဓရပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အိန္ဒိယ၏ ဘာစမာတီမဟုတ်သော အခြားဆန်များကို အာဖရိကဘက်က ဝယ်အားလျော့ကျလာခြင်းနှင့် အခြားအကြောင်း အချက်များကြောင့် ဩဂုတ်လအတွင်း အိန္ဒိယဆန်တင်ပို့မှု နှစ်အလိုက် ၂၉ ရာခိုင်နှုန်းကျဆင်းကာ ၆၄၄၂၄၉ တန်သာ ရှိခဲ့သည်။ အိန္ဒိယ၏ ၂၀၁၉ ခုနှစ် မိုးစပါး ထုတ်လုပ်မှုမှာ ပြီးခဲ့သည့်နှစ်ထက် ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၀ဝ ဒသမ ၃၅ သန်းသာရှိခဲ့သည်။

ယခုတစ်ပတ်တွင် ဗီယက်နမ်၏ ငါးမှတ်ဆန်ဈေးမှာ ယခင်တစ်ပတ်ကအတိုင်း အပြောင်းအလဲမရှိဘဲ တစ်တန်လျှင် ဒေါ်လာ ၃၅၀ ၌ ရပ်တည်ခဲ့သည်။ “ဆန်ဝယ်လိုအား နည်းနေပါတယ်။ ဒါပေမယ့် ရောင်းလိုအားနည်းခြင်းက ဆန်ဈေးကျမသွားအောင် ထိန်းထားပါတယ်“ဟု မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသပြည်နယ်An Giang အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။ သို့တိုင် ဗီယက်နမ်ဆန်တင်ပို့မှုအနက် ၃၆ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် အကြီးဆုံး ဆန်တင်ပို့ဈေးကွက် ဖိလစ်ပိုင်က ဆန်တင်သွင်းမှုလျှော့ချရန် ကြိုးပမ်းလာခြင်းသည် ဗီယက်နမ်ဆန်ဈေးကွက်ကို ထပ်မံထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဟိုချီမင်းစီးတီးအခြေစိုက် အခြားကုန်သည်တစ်ဦးက ပြောသည်။

နှေးကွေးသည့်ဝယ်လိုအားကြောင့် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဗီယက်နမ်ဆန်ဈေးများသည် ၁၂ နှစ်နီးပါးအတွင်း အနိမ့်ဆုံးအထိ ကျဆင်း၍ တစ်တန်လျှင် ၃၂၅ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုမှာလည်း ဆန်ဝယ်လိုအားကို လျော့ကျစေသည့် အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးPhung Duc Tien က ယခုတစ်ပတ်တွင် သတင်းထောက်များကို ပြောခဲ့သည်။ ဆန်ဝယ်လိုအားနည်းခြင်းနှင့် ငွေတန်ဖိုးတက်ခြင်းတို့ကြုံနေရသော ကမ္ဘာ့ဆန်တင်ပို့မှုဒုတိယထိပ်သီး ထိုင်းနိုင်ငံတွင် ငါးမှတ်ဆန်ဈေးများမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ၃၉၆-၄၀ဝဒေါ်လာ၌ ရပ်တည်ခဲ့ရာမှ ယခုတစ်ပတ်တွင် အနည်းငယ်ပြောင်းလဲ၍ ၃၉၅-၄၀ဝ ဒေါ်လာနှုန်းတွင် ရပ်တည်ခဲ့သည်။

“ထိုင်းဆန်ဈေးကြီးမြင့်နေပြီး တခြားအခြေအနေ အပြောင်းအလဲသိပ်မရှိတာကြောင့် ထိုင်းဆန်ကို ဝယ်လိုအား အလွန်နည်းနေပါသေးတယ်” ဟု ဘန်ကောက် အခြေစိုက်ကုန်သည်တစ်ဦးကပြောသည်။ ထိုင်းဘတ်ငွေ တန်ဖိုးတက်နေခြင်းကြောင့် ထိုင်းဆန်မှာ အခြားပြိုင်ဘက်နိုင်ငံများထက် ဈေးနှုန်း ဆက်လက်ကြီးမြင့်နေဆဲဖြစ်သည်။ “ထိုင်းဘတ်ငွေ ဆက်မာနေခြင်းကြောင့် ပို့ကုန်လုပ်ငန်းတွေအနေနဲ့ ဆန်ဈေးကိမလျှော့ချနိုင်ဘဲရှိနေပါတယ်။ ဈေးကွက်ကလည်း ဘတ်ငွေတန်ဖိုး ဆက်လက် အားကောင်းဦးမယ်လို့ တွက်ဆထားကြပါတယ်”ဟု အခြားကုန်သည်တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးကျဆင်းခြင်းနှင့် သီးနှံရိတ်သိမ်းခကြီးမြင့်ခြင်းတို့ ကြုံနေရသော တောင်သူများကို ခေတ်မီလယ်ယာသုံးစက်ပစ္စည်းများ ဝယ်ယူ၍ ကုန်ထုတ်စရိတ်လျှော့ချခြင်းနှင့် အထွက်နှုန်းမြှင့်တင်ခြင်းများ ပြုလုပ်နိုင်စေရန် အစိုးရက အမတော်ကြေး တာကာငွေ ဘီလျံ ၃၀ (ကန်ဒေါ်လာ ၃၅၄ သန်း) ထောက်ပံ့ပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီး Abdur Razzaque က ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်ပေါင်းများစွာကြာ ပိတ်ပင်လာခဲ့သော ဆန်တင်ပို့မှုကို ယခုနှစ် မေလက ပြန်လည်၍ ခွင့်ပြုခဲ့သော်လည်းဘင်္ဂလားဒေ့ရှ် ဆန်ဈေးမှာ ပို၍သက်သာသော အိန္ဒိယနှင့် ထိုင်းဆန်တို့ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် လက်ရှိအချိန်အထိ ပြည်ပဆန်စာချုပ်များကို ချုပ်ဆိုနိုင်ခြင်းမရှိသေးပေ။

Reuters
ဘာသာပြန် - ဝေယံဟိန်း (B.Ag)
မြန်မာတောင်သူကြီးများ ဂျာနယ်