ကြံခုတ်ရာသီဖြစ်နေသော်လည်း သကြားစက်ရုံများ ကြံမဝယ်နိုင်ဖြစ်နေ

၂၀ နိုဝင်ဘာ ၂၀၁၉ သတင်း
htwettoe

#HtwetToeNews 

သကြားဈေးများကျခြင်းနှင့် လက်ကျန်များနေခြင်းတို့ကြောင့် ကြံခုတ်ရာသီဖြစ်သည့် နိုဝင်ဘာလလယ်အထိ သကြားစက်ရုံများမှာ ကြံဝယ်ယူမှု နောက်ကျနေကြောင်း ကြံတောင်သူများနှင့် သကြားစက်ရုံများထံမှ သိရသည်။ ပြည်တွင်း၌ သကြားစက်ရုံများအနက် တောင်သူများ စိုက်ပျိုးထွက်ရှိသော ကြံကို အဝယ်ဈေးနှုန်းဖွင့်လှစ်ထားသည့် စက်ရုံနှစ်ရုံသာရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက မြန်မာတောင်သူကြီးများဂျာနယ်ကို ပြောသည်။


 မြန်မာတစ်နိုင်ငံလုံးတွင် သကြား စက်ရုံအရေအတွက် ၂၃ လုံး ရှိပြီးပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ နဝဒေးသကြား စက်ရုံသည်ကြံတစ်တန် ကျပ် ၄၅ဝဝဝ နှုန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဂရိတ်ဝေါလ်စက်ရုံသည် ကြံတစ်တန် ကျပ်၄၁၅၀ဝ ဖြင့်လည်းကောင်း ဝယ်ယူရန် ဈေးနှုန်းဖွင့်လှစ်ထားကြောင်း သိရသည်။


“သကြားစက်တွေက ကြံဝယ်ယူမှု အရမ်းနောက်ကျနေပါတယ်။ သကြားဈေးက မကောင်းတော့ ကြိတ်ဝါးဖို့ အားမရှိကြတော့ ဈေးမဖွင့်သေးဘူး။ ကြံက မိုးခေါင်ထားတော့ ကြိတ်ဝါးချိန်မတန်သေးတာရယ်၊ ကုန်ထုတ်အဝင်အထွက်လမ်းတွေ မကောင်းသေးတာရယ်၊ သကြားဈေးကျတော့ စက်တွေမှာ သကြားလက်ကျန် ကျန်ရှိနေသေးတာရယ်၊ အဲဒီအချက်တွေကြောင့် နောက်ကျဝယ်ဖို့ဖြစ်နေတာပါ”ဟု ၎င်းက ပြောသည်။



၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကြံတစ်တန်လျှင် အနိမ့်ဆုံးဝယ်ယူသောဈေးနှုန်းမှာ ကျပ် ၄၂ဝဝဝ မှ ကျပ် ၄၇၀ဝ၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ ကြံစိုက်ဧက ၄၄၀ဝ၀ ကျော် စိုက်ပျိုးခဲ့ရာ သကြားတန်ချိန် ငါးသိန်းကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။ ယခုနှစ်တွင် ရာသီဥတုကြောင့် ကြံ အထွက်နှုန်းကျဆင်းခဲ့သလို ကြံဈေးနှုန်းလည်း ကျဆင်းခဲ့ကြောင်း ကသာမြို့နယ် အရှေ့ခြမ်း၊ ကျောက်ထုံးကြီးကျေးရွာက ကြံစိုက်တောင်သူ ဦးချိုတူးက ပြောသည်။



ယခင်က ကြံတစ်ဧကစိုက်လျှင် တန်ချိန် ၃၀ ခန့် ထွက်ရှိခဲ့သော်လည်း ယခုနှစ် ၌ ရာသီဥတုကြောင့် ၁၅ တန်ကျော်သာ ထွက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှသိရသည်။ “ကြံဝယ်ယူမှု နောက်ကျတော့ သွင်း အားစုတွေ အချိန်မီ၊ အချိန်ကိုက်မထည့်နိုင်ဘူး။တခြားစက်ရုံတွေဆို ဈေးတောင်မဖွင့်သေးဘူးဆိုတော့ ကျွန်တော်တို့က အသင့်အတင့်တော့ ဖြစ်နေသေးတယ်။ဈေးဖွင့်တဲ့ စက်ရုံတွေက ကြံစရန်ရတော့ လည်ပတ်နိုင်သေးတယ်။ ဒီနှစ်က ၁၀ စုနှစ်အတွင်း တွက်ခြေမကိုက်ဆုံးနှစ်ပါ။ ရောင်းလို့ မဖြစ်လို့သာရောင်းနေရတာ။ စက်ရုံ (ဂရိတ်ဝေါလ်) မှာကလည်း သကြားတွေ မရောင်းရတော့ ဂိုဒေါင်အပြည့်ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။ 


ယခုနှစ်ကြံရာသီအစ စက်ရုံစတင် လည်ပတ်မှုမှာ ယခင်နှစ်ထက် ရက်အနည်းငယ်နောက်ကျကြောင်း၊ နိုဝင်ဘာ ၂၅ ရက်ဝန်းကျင်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း၊ ယခုနှစ်ကြံရာသီ ကြိတ်ဝါးနိုင်မည့်တန်ချိန် ပြောရန်ခက်ခဲသေးသော်လည်း ၂၀၂၀ပြည့်နှစ် ဧပြီလကုန်အထိ ကြံကြိတ်ဝါးရန် စီစဉ်ထားကြောင်း ဂရိတ် ဝေါလ်သကြားစက်ရုံမှူး ဦးကျော်နိုင်က ပြောသည်။



“ရာသီဥတုကြောင့် စက်ရုံကို တင်ပို့တဲ့ ကြံစိုက်ကွင်းတွေ အထွက်နည်းတာ လည်း ပါတယ်”ဟု ၎င်းက ပြောသည်။ ပြည်တွင်း သကြားဈေးကွက်သို့ မြဝတီဒေသက သကြားမှောင်ခို တင်သွင်းမှု များစွာနှင့် ပြည်ပက သကြားဝယ်ယူတင်သွင်းခွင့်မူဝါဒများကြောင့် ပြည်တွင်း ကြံ၊ သကြားဈေးကွက်ကို ထိခိုက်ပျက်စီးစေကြောင်း ကြံစိုက်တောင်သူများနှင့် သကြားလုပ်ငန်းရှင်များက ပြောသည်။ ထို့ကြောင့် သကြားတင်သွင်းမှုနှင့်ပတ်သက်၍ အစိုးရထံ တင်ပြထားကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်၌ ပြီးခဲ့သည့်နှစ်က သကြားတစ်ပိဿာလျှင် ကျပ် ၁၂၀ဝ ဝန်းကျင်ရှိသော်လည်း ယခုနှစ်တွင် သကြား တစ်ပိဿာလျှင် ကျပ် ၉၁၀ မှ ကျပ် ၉၄၀ ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း သိရသည်။



- ရွှေမန်း
မြန်မာတောင်သူကြီးများ ဂျာနယ်