မိုးရွာသွန်းမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ ပျက်စီး

၂၉ နိုဝင်ဘာ ၂၀၁၉ သတင်း
htwettoe

#HtwetToeNews 


နိုဝင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာရွာခဲ့မှုကြောင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းပင်များ ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် မျိုးရှားပါးမှုကြောင့် အခက်တွေ့နေရကြောင်း ကျောက်တန်းမြို့နယ်က ပဲစိုက်တောင်သူများက ပြောသည်။ လက်ရှိတွင် ပျက်စီးသွားသည့် ပဲတီစိမ်းစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေရာ မျိုးရှားပါးနေသည့် အပြင် ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံနေရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် နှစ်ကုန်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ပဲများစိုက်ပျိုးလေ့ရှိသော်လည်း ယခုနှစ်တွင် နိုဝင်ဘာလဆန်းပိုင်းက မိုးရွာသွန်းမှုကြောင့် ပဲ
စိုက်ပျိုးရေးလုပ်ငန်းများ ကြန့်ကြာနေကြောင်း၊ ပြန်လည်စိုက်ပျိုးရန် မျိုးအခက်အခဲရှိခဲ့သော်လည်း ရာသီဥတုအခြေအနေကိုကြည့်ပြီး နောက်တစ်ကြိမ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ 


“ပဲကတော့ လောလောဆယ်မှာ စိုက်လို့အဆင်မပြေသေးဘူး။ ရာသီဥတုအခြေအနေ ကြည့်ရဦးမယ်။ အရင်စော စိုက်ထားတဲ့သူတွေ
လည်း ရေနစ်ပြီးတော့ အပင်တွေ ခါးပြတ်ကုန်ပြီ။ စိုက်ထားတာတွေကလည်း မြေကြီးထဲမြုပ်သွားပြီ။ ရေနဲ့နယ်လိုက်သလိုဖြစ်သွားတော့ အကုန်လုံးပျက်စီးတာပဲပေါ့။ အခုဆိုရင် လယ်သမားတွေမှာ စုထားတဲ့မျိုးက ကုန်သလောက်ကိုဖြစ်သွားပြီ။ပြန်စိုက်ဖို့ မျိုးအခက်အခဲရှိနေတယ်။ ဈေးကြီးပေးဝယ်ရရင်တောင် မျိုးက လိုသလောက်မရဘူး။ ဈေးကွက်ကောင်းလာပြီဆိုမှ ဒီလို အခြေအနေ ကြုံနေရတယ်“ဟု ကျောက်တန်းမြို့နယ်က လယ်သမား ကိုဂျေမီကပြောသည်။ 


အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ပဲများကို သတ်မှတ်တန်ချိန်ထက် ပိုမိုဝယ်ယူမည်ဆိုသောကြောင့် တောင်သူများ ယခုနှစ်တွင် ပဲများကို တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲပင်များရေနစ်မြုပ်ကာပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ကျောက်တန်းမြို့နယ်သည် ပဲတီစိမ်း အဓိက စိုက်ပျိုးလျက်ရှိကာ မက်ပဲစိုက်ပျိုးရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။



 ပြည်တွင်းကပဲများကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က ဝယ်ယူမည်ဖြစ်သောကြောင့် ဈေးကောင်းရရှိမည်ကို သိရှိသော်လည်း လက်ရှိတွင် စိုက်ပျိုးရန် အခက်အခဲကြုံတွေ့နေရကြောင်းလယ်သမား ဦးကြည်သောင်းက ပြောသည်။ မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို ဧရာဝတီ၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးကြပြီး စပါး၊ ဝါ ပြောင်းသီးနှံတို့ဖြင့် သီးလှည့်စိုက်ပျိုးခြင်း၊ ပဲစင်းငုံ၊ 
ဝါ၊ ပြောင်း၊ ကြံတို့ဖြင့် သီးညှပ်စိုက်ပျိုးခြင်း၊ ပဲစင်းငုံ၊ နှမ်းတို့ဖြင့် သီးရောစိုက်ပျိုးကြကြောင်း သိရသည်။



 ဂျူးမေဇင်
မြန်မာတောင်သူကြီးများ ဂျာနယ်


ရွှေမန်း

၃၀ နိုဝင်ဘာ ၂၀၁၉၀၉:၀၆ မနက်ပိုင်းကြိုက်တယ်