cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရွေးချယ်မဲ့ပေါင်းသတ်ဆေးမြေကို ပျက်စီးစေပါသလား?

. Nutrient Deficiency
ရွေးချယ်မဲ့ပေါင်းသတ်ဆေးမြေကို ပျက်စီးစေပါသလား?
  • မေးခွန်းက “သီးနှံမစိုက်ခင် မြေပေါ်ဖျန်းတဲ့ ရွေးချယ်မဲ့ အာနိသင်ရှိ ပေါင်းသတ်ဆေးတွေက မြေကို ပျက်စီးစေတယ်ဆိုတော့ မပျက်စီးအောင်ဘယ်လိုသုံးသင့်လဲ”တဲ့။

    ဒီအချက်နဲ့ပက်သက်လို့ ကျနော်မကြာခဏ ထည့်ရေးဖူးပါတယ်။ မဖတ်မိသည်ဖြစ်စေ၊ ဖတ်သော်လည်း မေ့သွားသည်ဖြစ်စေ ပြန်ရေးပေးပါမယ်။

    ပေါင်းသတ်ဆေးက မြေသားဖွဲ့စည်းမှုကို ဖျက်ဆီးတာမဟုတ်ပါဘူး။

    စိုက်ခင်းမြေရဲ့ အနုအကြမ်းဖွဲ့စည်းပုံအရ ယေဘုယျ သဲ၊ နုန်း၊ မြေစေး စသည်ခွဲသလို မြေရဲ့အလွှာအလိုက်လည်း အပေါ်ဆုံးက မြေဆွေးအလွှာ၊ ပြီးရင် အနည်းလိုအာဟာရဓာတ်တွေစုဝေးရာ A အလွှာ၊ ရေနဲ့ molecular weight များတဲ့ ဓာတ်ပေါင်းတွေစုဝေးရာ B အလွှာ၊ C အလွှာ၊ R ဆိုတဲ့ မိခင်ကျောက်သားအလွှာ စသည်ဖြင့်လည်း ခွဲခြားပါတယ်။

    အဲလိုမြေရဲ့ ဓာတု၊ ရူပ ဂုဏ်သတ္တိတွေမှာမှ သီးနှံအတွက်လိုအပ်သောအာဟာရဓာတ်များနှင့် အကျိုးပြုအနုဇီဝသက်ရှိများစုဝေးများပြားရာနေရာက O နဲ့ A အလွှာဖြစ်ပါတယ်။ မြေအမျိုးအစားအရဆိုရင် မြေဆွေးဓာတ် (organic matter) များသော မြေစေးမှာ အများအပြားရှိတတ်ပါတယ်။ ဒီလိုမြေအမျိုးအစားအများစုက စိုက်ပျိုးမြေကောင်းလို့ သတ်မှတ်ပါတယ်။

    ပေါင်းသတ်ဆေးဘက်ကို ဆွေးနွေးပါမယ်။

    မြေကြီးပေါ်ကိုဖျန်းသော ပေါင်းသတ်ဆေးတိုင်းသည် upward movement ဖြစ်ပြီး ဆေးကို အဓိကစုပ်ယူတာက အမြစ်နဲ့ မြစ်မွှားတွေပါ။ pre emergence ပေါင်းသတ်ဆေးကတော့ ပေါင်းမျိုးစေ့များ အပင်ပေါက်လာခြင်းကို ဟန့်တားပေးတာပါ။ အပင်ရဲ့ အမြစ်သည် မြေကြီးမှာ ကောင်းစွာကုတ်တွယ်နိုင်မှသာ အပင်ကောင်းစွာရှင်သန်နိုင်မှာဖြစ်သလို ဒီအခြေအနေရဖို့လည်း မြေကြီးရဲ့ စုစည်းမှုအတွက် အနုဇီဝသက်ရှိတွေက ကူညီပေးပါတယ်။

    ပေါင်းသတ်ဆေးတွေသည် ရေနဲ့ဖျော်လိုက်တာနဲ့ ပျော်ဝင်ခြင်းအဆင့်သာဖြစ်ပြီး အပင်ရဲ့အမြစ်ကနေ တိုက်ရိုက်မစုပ်ယူနိုင်ပါဘူး။ ဆေးတွေတိုင်းကို အပင်က စုပ်ယူနိုင်မယ့် available form ဖြစ်ဖို့ ပြိုကွဲပေးရတဲ့ဖြစ်စဉ်ကို degradation လို့ခေါ်ပြီး ဒီဖြစ်စဉ် ရဖို့အတွက်ကိုတော့ အနုဇီဝသက်ရှိတွေက ထုတ်တဲ့ အင်ဇိုင်းအမျိုးမျိုးရဲ့ အကူအညီယူရပါတယ်။

    ဒီလို အင်ဇိုင်းထုတ်လုပ်မှုအတွက်ရော၊ ဆေးရဲ့အဆိပ်သင့်မှုကြောင့်ရော အနုဇီဝသက်ရှိတွေရဲ့ ပွါးများမှုသည် ကာလတခုမှာ ထိခိုက်မှုရှိပါမယ်။ နောက်တချက်ကတော့ ထိုသို့ အပင်ကစုပ်ယူနိုင်သော အာနိသင်ရောက်အောင် ဆေးက ပြိုကွဲပြီဆိုတာနဲ့ အမြစ်က စုပ်ယူတဲ့အခါ ဆေးအာနိသင်သည် ပေါင်းပင်ရဲ့အမြစ်ကို စတင်တိုက်ခိုက်ပါတယ်။

    ထိုအခါ အမြစ်သည် မြေကြီးမှာ ကုတ်တွယ်နိုင်စွမ်းမရှိပဲ ဖြစ်လာပါမယ်။

    အချုပ်အားဖြင့်

    - အမြစ်ဇုံမှာရှိသော မြေသားဖွဲ့စည်းမှုအတွက် အကူအညီပေးသည့် အနုဇီဝသက်ရှိများထိခိုက်မှုကြောင့် မြေသားစုစည်းမှုကို လျော့နည်းစေခြင်း

    - အမြစ်မှ မြေကြီးကို ကုတ်တွယ်နိုင်မှုမရှိတော့သောကြောင့် မြေသားစုစည်းမှုကို မထိန်းနိုင်တော့ခြင်း။

    စတဲ့အချက်များအရ ရေရှည်မှာ မြေသားဖွဲ့စည်းပုံပျက်ပြီး မြေကျွံတာပါ။ ပေါင်းသတ်ဆေးတွေကို (ရွေးချယ်ဖြစ်စေ၊ ရွေးချယ်အာနိသင်မဲ့ဖြစ်စေ) အကြိမ်ရေဆက်တိုက် မြေပေါ်သို့ တိုက်ရိုက်ဖျန်းခြင်းကြောင့် အနုဇီဝသက်ရှိဦးရေလျော့နည်းလာခြင်းဖြစ်ပြီး ရလဒ်က မြေကျွံတဲ့ပြသနာဖြစ်တာပါ။

    တိုက်ရိုက်မဟုတ်သော သွယ်ဝိုက်တဲ့အကြောင်းပါ။ ဒါကြောင့် ပေါင်းကို အပြောင်ရှင်းသင့်သလားဆိုတဲ့ကိစ္စကို ပေါင်းပညာရှင်များနဲ့ မြေဆီလွှာပညာရှင်များ မကြာခဏ အငြင်းပွါးရတာပါ။

    မြေကို မပျက်စီးအောင် ဘယ်လိုသုံးမလဲဆိုရင်တော့ ဆေးတမျိုးထဲ အားမကိုးပဲ အခြားပေါင်းကာကွယ်နှိမ်နင်းနည်းတွေကိုပါ သုံးရမှာပါ။

    Dr. DaDa

    Ph. D Entomology

    ဤဆောင်းပါးအားထွက်တိုးPage တွင် ဖော်ပြခွင့်ပေးပါသော Dr. DaDa အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျ။


  • article
likes
20
comments
1
views
1569