cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးပင်မှာ ကျရောက်ဖျက်ဆီးတဲ့ သရစ်ပိုး အချိန်မီကာကွယ်နှိမ်နင်းပါ

. Pests Management
စပါးပင်မှာ ကျရောက်ဖျက်ဆီးတဲ့ သရစ်ပိုး အချိန်မီကာကွယ်နှိမ်နင်းပါ
  • article
  •  အောင်ဆန်း (စိုက်ပျိုးရေး)  ဒီတစ်ပတ်ဆွေးနွေးချင်တာကတော့ စပါးပင် ငယ်စဉ်မှာကျရောက်ဖျက်ဆီးတတ်တဲ့သရစ်ပိုး ကာကွယ်နှိမ်နင်းနည်းအကြောင်းပဲဖြစ်ပါတယ်။ ခုတစ်လော နွေစပါးစိုက်တဲ့ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်ဒေသတွေမှာ သရစ်ပိုးကျရောက်ဖျက်ဆီးလို့ တောင်သူလယ်သမားကြီးများ ဒုက္ခရောက်နေကြရတယ်ဆိုတဲ့သတင်းကို သတင်းစာ၊ ဂျာနယ်များမှာ ဖတ်ရှုရပါတယ်။  သရစ် (Baliothrips biformis)ပိုးဟာစပါးပင်ငယ်စဉ် (ကြံခင်း (သို့) ပျိုးခင်း) မှာပိုမိုကျရောက်တတ်ပါတယ်။ စပါးပင်အပြင် ကန်သင်းပေါ်မှာရှိတဲ့ ပေါင်းမြက်ပင်တွေမှာ လက်ခံအပင်အဖြစ် ပြောင်းလဲရှင်သန်နေနိုင်ကြပါတယ်။ အဲဒီပေါင်းမြက်ပင်တွေမှာ ဘဝစက်ဝန်းလည်ပတ်ရင်း ခိုအောင်းနေရာမှ စပါးခင်း (ကြဲခင်း (သို့) ပျိုးခင်း) အပင်နုနုဘက်သို့ ကူးပြောင်းဖျက်ဆီးတာဖြစ်ပါတယ်။ ပေါင်းမြက်ခင်းမှ စပါးပင်သို့ ကူးစက်ခြင်းဟာ စပါးပင်အချင်းချင်းကူးစက်ခြင်းထက် ပိုမိုကူးစက်ပြန့်ပွားမှုနှုန်းမြန်တာကို တွေ့ရပါတယ်။နွေစပါးခင်းမှာ ပိုမိုကျရောက်လေ့ရှိပါတယ်။  ရေကျနောက်စိုက်စပါးခင်းများ၊တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးတဲ့ စပါးခင်းများ၊ရေကြီးနစ်မြုပ်ပြီး ပြန်လည်စိုက်ပျိုးတဲ့ စပါးခင်းများမှာ ဆိုးရွားစွာ ကျရောက်လေ့ရှိပါတယ်။ သရစ်ပိုးကျရောက်မှုကြောင့် စပါးအထွက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းအထိ အထွက်ထိခိုက်နိုင်ပါတယ်။သရစ်ပိုးကျရောက်ဖျက်ဆီးတဲ့ လက္ခဏာကတော့ ရွက်ထိပ်ဖျားများ ခြောက်သွေ့ပြီး ကျရောက်မှုများပါက ရေပြတ်၊ ရေငတ်နေသော စပါးပင်လက္ခဏာနဲ့ ဆင်တူတာတွေ့ရပါတယ်။ စိုက်ခင်းမှာ ရေမရှိပါကလက္ခဏပိုမိုထင်ရှားပြီး စပါးရွက်အောက်မျက်နှာပြင်အဝါရောင်မှ အနီရောင်အထိအစင်းများ တွေ့ရပြီး အရွက်အနားမှာအရွက်အလယ်ရိုးအထိ အစင်းများ တွေ့ရပါတယ်။ စပါးနှံထွက်ချိန်မှာ ကျရောက်ဖျက်ဆီးခံရပါက စပါးအဖျင်းဖြစ်စေတတ်ပါတယ်။ ထိပ်ဖျားစပါးအရွက်လိပ်ထဲမှာ သရစ်ပိုးအကောင်ကြီး၊ အကောင်ငယ်နှစ်မျိုးစလုံး တွေ့နိုင်ပါတယ်။သရစ်ပိုးရဲ့ ဘဝစက်ဝန်းဟာ ဥဘဝလေးရက်၊ အကောင်ငယ်နဲ့ နားနေအဆင့်၁၀-၁၄ ရက်၊ ရုပ်ဖုံးအဆင့် ၇-၁၁ ရက်၊စုစုပေါင်း ဘဝစက်ဝန်းနှစ်ပတ်ခန့်သာရှိပါတယ်။ တချို့လိင်မဲ့နည်းနဲ့ မျိုးပွားနိုင်ပါတယ်။    ဒါကြောင့် သရစ်ပိုးကျပြီဟေ့ဆိုရင်မြန်မြန်ပွားနိုင်ပါတယ်။ စပါးပင်သက်တမ်းတစ်ခုအတွင်းမှာ ဆက်ပွားနိုင်တဲ့အတွက် ဂရုပြုကာကွယ်နှိမ်နင်းမှု မပြုလုပ်ရင်တော့ ပျက်စီးဆုံးရှုံးမှု ပိုမိုခံစားကြရပါတယ်။ ဥမှပေါက်စ အကောင်ဟာ အဖြူ (သို့) အဝါဖျော့ရောင်ရှိပြီး အရွက်ထဲမှာ အရောင်ပြောင်းပါတယ်။ အကောင်ကြီးဟာ ညိုမည်းရောင်ရှိပြီး တစ်မီလီမီတာခန့်ရှည်ပါတယ်။အဆစ် ခုနစ်ဆစ်ပါပြီး ဦးမှင်တစ်စုံပါရှိပါတယ်။  သရစ်ပိုးကို ကာကွယ်နှိမ်နင်းဖို့ကတော့ (က) ကြိုတင်ကာကွယ်ခြင်းစပါးခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်ချုံနွယ်တို့ကို ပြောင်စင်အောင် သုတ်သင်ရှင်းလင်း၍ မီးရှို့ပါ။စပါးခင်းကို ဆေးရွက်ကြီးဇီဝပိုးသတ်ဆေးရည်ကို ပိုးမလာမီ ကြိုတင်၍တစ်ပတ်တစ်ကြိမ် သုံးကြိမ်ဖျန်းပါ။ (ခ) နှိမ်နင်းခြင်းစပါးရွက်ထိပ်ဖျားလိပ်၍ ခြောက်နေသော အပင်များကို နုတ်၍ မီးရှို့ပစ်ပါ။စပါးခင်းကို စပါးပင်ထိပ်ဖျားမြုပ်သည်အထိ ရေသွင်းပေးပါ။ခြောက်သွေ့နေသော စပါးရွက်လိပ်ကို ခွဲကြည့်ပါက စပါးခင်းတစ်ဧက အမည်းရောင် အကောင်ကလေးများပါသော စပါးပင် ၂၀ တွေ့ရှိပါက ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပတ်တစ်ကြိမ် ဖျန်းပေးပါ။ 


likes
27
comments
0
views
3154