cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပုလဲအစားထိုး နိုင်ထရိုဂျင်ဓါတ်ကို ဖြည့်တင်းပေးနိုင်သော ပဲမြစ်ဖုဇီဝမြေဩဇာ(Rhizobium)၏ အကျိုးကျေးဇူး

. Plant Nutrition
ပုလဲအစားထိုး နိုင်ထရိုဂျင်ဓါတ်ကို ဖြည့်တင်းပေးနိုင်သော ပဲမြစ်ဖုဇီဝမြေဩဇာ(Rhizobium)၏ အကျိုးကျေးဇူး
  • ပဲမြစ်ဖုဇီဝမြေဩဇာဆိုသည်မှာလေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်သောဘက်တီးရီးယား(Rhizobium)များသည်ပဲမျိုးရင်းဝင်အပင်များ၏ အမြစ်များတွင်ပဲမြစ်ဖုများကို ဖြစ်ပေါ်စေပြီး အပင်ကြီး ထွားမှုကိုအားပေးသည့် ဇီဝမြေဩဇာဖြစ်သည်။ ပဲမြစ်ဖု ဇီဝမြေဩဇာကို အသုံးပြုရာတွင် တစ်ဧကစာအတွက် လိုအပ်သော မျိုးစေ့နှင့် ဇီဝ မြေဩဇာ(၂)ထုတ်ကို လူးနယ်၍ ရေကိုအပေါ်မှ စိုစွတ်ရုံ ဖျန်းပေးပြီး နှံ့စပ်အောင်နယ်ပါ။ မျိုးစေ့ကို လူးနယ်ပြီး ချက်ချင်းစိုက်၍ မြေဖုံးပါ။ လူးနယ်ခြင်းကို အရိပ်အောက်တွင် ဆောင်ရွက်ပါ။

    ပဲမြစ်ဖု ဇီဝမြေဩဇာကို အသုံးပြုခြင်းသည် ပဲပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ကို စျေး နှုန်းချိုသာစွာဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း၊ မြေမှ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ခြင်း၊ ပဲ အပြီး သီးထပ်စိုက်ပျိုးထားသော ဒုတိယသီးနှံ၏ အထွက်တိုးရေးကို သွယ်ဝိုက်အကျိုးပြုခြင်း၊ နိုက်ထ ရိုဂျင် မြေသြဇာအသုံးပြုရန် မလိုတော့သဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အခြားသီးနှံများတွင် ပိုမို သုံးစွဲနိုင်ခြင်း၊ပဲမျိုးအလိုက်(၂၇- ၄၈)ရာခိုင်နှုန်းအထိအထွက်တိုးစေခြင်းစသည့်အကျိုးကျေးဇူး များရရှိနိုင်ပါသည်။

    မတ်ပဲ၊ ပဲတီစိမ်းပင်များသည် အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို (၁) မြေဆီလွှာမှ စုပ်ယူခြင်း၊ (၂) ပဲမြစ်များတွင် တည်ရှိနေသော ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများက လေထဲမှ နိုက်ထရိုဂျင်ကို စုပ်ယူပြီး ပဲပင်ကို ကူညီပေးခြင်းဖြင့် ရရှိသည်။ ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများသည် တစ်ဧကလျှင် လေထဲက နိုက်ထရိုဂျင်ကို ပေါင် ၄၀ မှ ပေါင် ၁၅၀ အထိ ဖမ်းယူ၍ ပဲပင်များကို ပို့ပေးနိုင်စွမ်းရှိသည်။

    အကြောင်းအမျိုးမျိုးကြောင့် ပဲပင်အမြစ်တွင် ရိုက်ဇိုဘီယမ်ဘက်တီးရီးယားအဖုကလေးများ ဖြစ်တည်မှုနည်းမည်ဆိုလျှင်ပဲပင် နိုက်ထရိုဂျင်ဓာတ်ချို့တဲ့ပြီး အပင်မကြီးထွားခြင်း၊ အပွင့်နည်းခြင်း၊ အတောင့်နည်းခြင်း၊ အစေ့အောင်မြင်မှုနည်းခြင်းတို့ခံစားရပါသည်။ ပန်းပွင့်သည်မှ ပဲတောင့်ရင့်သည်အထိ ရက် ၂၀ မှ ရက် ၃၀ ကြာမြင့်ပါသည်။ ၎င်းအချိန်တွင် နိုက်ထရိုဂျင်ဓာတ် မလုံလောက်ပါက အထွက်ကျရန် သေချာပါသည်။

    မတ်ပဲနှင့် ပဲတီစိမ်းအပင်များကို ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများက အကျိုးပြုပေးနေသည်ဟုဆိုသော်လည်း ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများက လေထဲမှဖမ်းယူပြီး ပဲပင်သို့ပေးသော လုပ်ငန်းစဉ်သည်ပန်းမပွင့်မီအချိန်ထိသာ ဆောင်ရွက်ပေးသဖြင့် ပန်းပွင့်မပွင့်မီ ၎င်း၏လုပ်ငန်းစဉ် ရပ်ဆိုင်းသွားပါသည်။ မတ်ပဲ၊ ပဲတီစိမ်းအပင်များသည် ပန်းပွင့်ပြီးပါက ချက်လုပ်သောအစာများ၏ ၇၅ရာခိုင်နှုန်းကို အပင်ရှင်သန်ရေးနှင့် သီးတောင့်များ ကြီးထွားဖွံ့ဖြိုးရေးအတွက် အပင်အပေါ်ပိုင်းကိုသာအစာပို့ပါတော့သည်။

    အပင်၏အောက် အစိတ်အပိုင်းများသို့ အစာပို့ဆောင်မှု နည်းသွားပါသည်။ သို့အတွက်လည်း ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများမှာ အပင်ကအစာပြန်မရရှိတော့သဖြင့် သေကျေပျက်စီးရခြင်းလည်းဖြစ်ပါသည်။ မတ်ပဲ၊ ပဲတီစိမ်းပင်သည် ပန်းပွင့်ပြီးသန္ဓေအောင်၊ သီးတောင့်များဖြစ်တည်ပြီးလျှင် သီးတောင့်ထဲမှာ အစေ့အဆန်လေးများ အရည်ကြည်စဖြစ်ပါသည်။ အရည်ကြည်အဆင့်မှ တဖြည်းဖြည်း ကြီးထွားလာပြီး ပဲစေ့ဖြစ်သည်အထိ ဇီဝကမ္မဖြစ်စဉ်ဖြစ်ရပါသည်။ ဤကဲ့သို့ ပဲစေ့ဖြစ်ရန် အရည်ကြည်အဆင့်မှ ပဲစေ့အဆင့်ထိ ကြီးထွားဖွံ့ဖြိုးလာစေရန် အရွက်များက ချက်လုပ်သောအစာ၏ ၇၅ ရာခိုင်နှုန်းကို အသုံးချပါသည်။

    တောင်သူလယ်သမားကြီးများသည် ဤဖြစ်စဉ်ကို သိရှိနားလည်သဘောပေါက်ခြင်းဖြင့် မတ်ပဲ၊ ပဲတီစိမ်းပင်များ၏ အစာ လိုအပ်ဆုံးအချိန် (ပန်းဖြိုင်ဖြိုင်ပွင့်ချိန်) တွင်မိမိက ဂရုတစိုက်ဖြင့် အစာပံ့ပိုးဖြည့်တင်းပေးရန် လိုအပ်ပါသည်။ အလွယ်ကူဆုံး၊ ဈေးအသက်သာဆုံးနည်းလမ်းမှာ တစ်ဧကအတွက် ယူရီးယားဟင်းစားဇွန်း လေးဇွန်းခွဲ၊မြန်မာပရဆေး လက်ချားမှုန့် ဟင်းစားဇွန်းတစ်ဇွန်းကို ရေဂါလန် ၂၀ ဖြင့် သမအောင်ဖျော်၍ သုံးကြိမ်ခန့် ပက်ဖျန်းပေးခြင်းဖြစ်ပါသည်။

    ပက်ဖျန်းသည့်အခါမှာနံနက်စောစောနှင့် ညနေစောင်းအချိန်များမှာ ပက်ဖျန်းပေးရန်ဖြစ်ပါသည်။ ဆေးဖျန်းချိန်တွင် ဆေးပိုက်ခေါင်းကိုပက်လက်လှန်၍ အရွက်များ၏ အောက်မျက်နှာပြင်ကို ထိအောင် ဖျန်းရန်လိုအပ်ပါသည်။ ပဲရွက်များ၏ အောက်မျက်နှာပြင်တွင် လေရှူပေါက်များ တစ်မီလီမီတာစတုရန်းတွင် ၅၀-၃၀ဝအထိ ရှိပါသည်။ လေရှူရန် အဆိုပါလေရှူအပေါက်များသည် နံနက်စောစောနှင့် ညနေနေအေးချိန်တွင် ပွင့်ပါသည်။ နေ့လယ်နေပူချိန်တွင် ပိတ်နေပါသည်။ ဖျန်းလိုက်သော ဓာတ်မြေဩဇာအရည်ကိုလည်း ှအသာအေပေါက်များက ၉၀ ရာခိုင်နှုန်း စုပ်ယူ၍ အပင်သို့ အစာချက်ရန် ပို့ပေးပါသည်။ သို့အတွက် နံနက်စောစောနှင့် ညနေနေအေးချိန်ဖျန်းစေခြင်းပါသည်။

    ပဲမြစ်ဖုဇီဝမြေဩဇာအသုံးပြုပုံမှာ မြေဩဇာနှင့် ပဲစေ့များ လူးနယ်၍စိုက်ပျိုးရပါသည်။ မြေကြီးအတွင်း ဓာတ်မြေဩဇာများ ထည့်သကဲ့သို့ အသုံးပြု၍မရသည်ကို သတိပြုရန် လိုအပ်ပါသည်။ ပဲစေ့များကိုထမင်းရည်နှင့် မဖျန်းမီ ရေရှစ်နာရီကြာစိမ်၍ အရိပ်တွင် ပြန်အခြောက်ခံရပါမည်။

    ပဲမြစ်ဖုဇီဝမြေဩဇာကို ပဲစေ့များနှင့် လူးနယ်ရာတွင်မြေဩဇာနှင့် ပဲစေ့ကောင်းစွာတွယ်ကပ်နေစေရန် ဦးစွာ ပဲစေ့များကို ထမင်းရည်မပျစ်မကျဲနှင့် ဖျန်း၍ မွှေပေးရန် လိုပါသည်။၎င်းနောက်ပဲမြစ်ဖုဇီဝမြေဩဇာထုပ်တစ်ထုပ်မှ နှစ်ထုပ်ကိုဖောက်၍ ပဲစေ့များ ပေါ်တွင် နှံ့စပ်အောင် ဖြူးပေးပြီး သမအောင် လက်ဖြင့် ခပ်ဖွဖွမွှေပေးရန် လိုပါသည်။ ပဲစေ့များကို ထမင်းရည်ဖျန်း၍ လူးနယ်ခြင်း၊ ဇီဝမြေဩဇာနှင့် လူးနယ်ခြင်း၊ ဖြန့်၍ အအေးခံထားခြင်းများကို ညနေပိုင်း နေအေးချိန် အရိပ်အောက်တွင် ဆောင်ရွက်ရန်လိုပါသည်။ နေရောင်ခြည်နှင့် ထိတွေ့မှုမရှိအောင် ထားရှိရန် လိုပါသည်။

    ပဲစေ့များကိုစိုက်ပျိုးမည်ဆိုပါက ညနေပိုင်းနေအေးချိန်တွင် စိုက်ပျိုးပြီး အစိုဓာတ်မိစေရန် ကျမ်းတုံးနှစ်ပြန် အုပ်ပေးရန် လိုအပ်ပါသည်။မြေတွင်းရှိ အစိုဓာတ်နှင့် ညအချိန်ကျသော နှင်းဓာတ်ကြောင့် တစ်ပတ်ခန့်ကြာလျှင် အပင်များ ပေါက်လာပါသည်။ ပဲစေ့များ အပင်ပေါက်ပြီး အမြစ်များကြီးထွားလာသောအခါ အပင်သက်တမ်း နှစ်ပတ်ခန့်အကြာတွင် ပဲစေ့၌ကပ်ပါသွားသော ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများစတင်နိုးကြားပွားများသည်။

    ၎င်းနောက် ပဲမြစ်များတွင် တွယ်ကပ်၍ အဖုကလေးများသဖွယ် အိမ်ဖွဲ့၍ အခြေချနေသည်။ ၎င်းအချိန်မှစ၍ လေထဲမှ နိုက်ထရိုဂျင်ကိုဖမ်းယူ၍ ၎င်းရှင်သန်ကြီးထွားပွားများရန်နှင့် ပဲပင်သို့ပို့ပေးရန် လုပ်ငန်းစဉ်ကို စတင်ထမ်းဆောင်ပါသည်။ ပဲစေ့များကို ရေရှစ်နာရီကြာ ရေစိမ်အခြောက်ခံ၍ စိုက်ပျိုးခြင်းသည် အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဇမ်ဘီယာနိုင်ငံတို့တွင် အထွက်တိုးမှု ၂၀၆ ရာခိုင်နှုန်းရှိကြောင်းနှင့် အပင်ပေါက်လျင်မြန်ခြင်း၊ အပင်ပေါက်စုံလွယ်ခြင်း၊ အပင်ငယ် လျင်မြန်စွာကြီးထွားဖြစ်ထွန်းခြင်း၊ အမြစ်ဇုန်ဖွံ့ဖြိုးမှုကောင်းပြီး ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများနိုးကြားရှင်သန်မှုမြန်ပြီးပြန့်ပွားမှုများခြင်းအကျိုးကျေးဇူးများ ရရှိသည်ဟု သုတေသနရလဒ်က ဆိုသည်။

    ပဲမြစ်ဖုဇီဝမြေဩဇာကို သက်ဆိုင်ရာက ရယူလာပြီးပါက မိမိအိမ်တွင်နေရောင်နှင့် တိုက်ရိုက်မထိတွေ့နိုင်သောနေရာ၊ အပူချိန် ၂၀ ဒီဂရီစင်တီ ဂရိတ်ထက် ကျော်နိုင်သောနေရာများတွင် သိုလှောင်မထားမိစေရန် ပြုရန် လိုပါသည်။

    ပဲမြစ်ဖုဇီဝမြေဩဇာကို မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ ထက်နိမ့်သော မြေအမျိုးအစားတွင် အသုံးမပြုရေး သတိပြုရန် လိုပါသည်။ အသုံးပြုမိပါက ထိရောက်မှုမရှိနိုင်သည်ကို သတိပြုရပါမည်။ ချဉ်ငန်ကိန်း ၅ ဒသမ ၅ ထက်နိမ့်ပါက တစ်ဧက ထုံး ပေါင်၂၀ဝ ကြိုတင်ထည့်၍ အသုံးပြုနိုင်ပါသည်။ ပဲစေ့များကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်ပြီးပါက ဓာတုပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများနှင့် တိုက်ရိုက်မထိတွေ့စေရန်သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများနှင့် ရောနှောသုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ရန်လိုအပ်ပါသည်။

    တွေ့ရှိချက်အရ ပဲပင်များ အရွက်ဝါကြန့်ကြန့်ဖြစ်နေပါက ဂျစ်ပဆန်ကျောက်မှုန့်မြေဩဇာ သုံးစွဲခြင်းဖြင့် ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများ ကြီးထွားရှင်သန်မှု ပိုကောင်းစေပြီး အရွက်ဝါခြင်းမှ ပျောင်းစေသည်ဟု ဆိုပါသည်။

    References – MOALI, အောင်ဆန်း(စိုက်ပျိုးရေး), Htwettoe Crop Guide 


  • article
  • article
  • article
  • article
likes14comments4
views4296