cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒေသမတူလျှင် စိုက်နည်းမတူသော ကွမ်းသီးပင်

. Cultivation Methods
ဒေသမတူလျှင် စိုက်နည်းမတူသော ကွမ်းသီးပင်
  • ကွမ်းသီး ဈေးကွက်ကလည်း ယခင်နှင့်မတူ ကျယ်ပြန့်လာသည်။ ပြည်တွင်း၌ ဈေးကွက်ကြီးမားပြီး ပြည်ပသို့လည်း နယ်စပ်ခြင်းထိဆက်သည့် နေရာမှ တင်ပို့ရောင်းချ နေကြသည်။

    ကွမ်းသီးပင်သည် ရေရရှိမှု၊ မိုးရွာမှုများသည့် ဒေသနှင့် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် စိုက်ပျိုးမှု များပြားသည်။ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့သည် ကွမ်းသီးပင်ကြိုက်သောဒေသနှင့်ရာသီဥတုဖြစ်သည်။

    မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံဒေသသည် မြစ်ငယ်၊ ချောင်းငယ် အသွယ်သွယ်ဖြင့် ရေရရှိသော ဒေသဖြစ်၍ ကွမ်းသီးအလုံးလည်းကြီးသည်။ အဆံလည်း ပြည့်သည်။

    လှေ၊ သမ္ဗာန်များဖြင့် ကွမ်းသီးသယ်ကြ၊ ရောင်းချကြသည်။ မွန်ပြည်နယ်တွင် ရေးမြို့နယ်သည် ကျယ်ပြန့်ကြီးမားသော ကွမ်းသီးခြံများရှိသည်။ မြေကောင်းမည်၊ ရေရရှိပြီး အရိပ်လည်းကျ၊ နေကွက်၊ လေကွက်တွင် ပို၍ဖြစ်ထွန်းပါသည်။

    မွန်ပြည်နယ်တွင် ကွမ်းသီးခြံကို သီးသန့်စိုက်ကြမှု နည်းပါသည်။ ဧရာဝတီတိုင်း ဒေသကြီးကဲ့သို့ အခြားသော ဥယျာဉ်ခြံများနှင့် သီးညှပ်စိုက် ပျိုးကြသည်က များပြားသည်။ ကွမ်းသီးပင် စိုက်တန်းလေးတန်းထားပြီး ကြားထဲတွင် ရေမြောင်းကြီးတစ်ခုခြား၍ စိုက်ကြသည်။ သီးညှပ် စိုက်ရာတွင် ဒူးရင်း၊ ကျွဲကော၊ မင်းကွတ်၊ အုန်းပင် တို့နှင့် အရိပ်မျှပေးစနစ် ကျင့်သုံးကြသည်။

    ကရင်ပြည်နယ်တွင် ကွမ်းသီးခြံ သီးသန့်စိုက်ကြသည်။ သံတောင်မြို့နယ်တွင် ကွမ်းသီးပင်များကို နှစ်ပေခန့်၊ လေးပေခန့်နှင့် ခပ်စိတ်စိတ် စိုက်ကြသည်။ တစ်ဧက အပင်များများစိုက်နိုင်ပြီး ခူးဆွတ်ရာတွင် တစ်ပင်မှတစ်ပင် ကူးသွားပြီး ခူးကြသည်။

    ပင်ကြား လေးပေထားလျှင်တစ်ဧက ၂၇၂၂ ပင်ရရှိသည်။ အပင်ကြပ်၍ လောင်းရိပ်ရသည်။ အပင်ခြေ၌ ပေါင်းပင်ပေါက်ရောက်မှု နည်းပါးသည်။ လေပူ၊ နေပူ မရှိသဖြင့် အပင်ပိုမိုဖြစ်ထွန်းပြီး ပွင့်သီးသည်။ အပင်ကြဲလျှင် တစ်ပင်ပြီးမှတစ်ပင် တက်ခူးရသည်။

    တချို့မှာအသီးခူးရာတွင် ဓားကောက်ပါရှိသည့် ဝါးလုံးရှည်ဖြင့်လည်း ခူးကြသည်။ အပင်စိပ်လျှင် အသီးခူးသူသည် အပင်တစ်ပင်သာတက်ပြီး အခြားကွမ်းသီးပင်သို့ အပင်ယိမ်းနွှဲ့ သွားအောင် ဝှေ့ယမ်းပြီး တစ်ပင်ပြီးတစ်ပင် ခူးကြသည်။

    ဧရာဝတီ တိုင်းဒေသကြီးတွင် သီးသန့်ကွမ်းသီးခြံ စိုက်ကြသည်ထက် အိမ်ခြံဝင်း များ၌ စိုက်ကြသည်။ ပင်လယ်ဒီရေ အတက်၊ အကျ ရှိသဖြင့် စိုက်ဘောင်ပြုလုပ်၍ ရေတစ်ကန့်၊ ကုန်းတစ်ကန့်ဖြင့် စိုက်ကြသည်။

    အများစုသည် ကွမ်းပင်နှင့် အုန်းပင်သီးညှပ် စိုက်ကြပြီး အောက်တွင် ဟင်းသီးဟင်းရွက် စိုက်ကြသည်။ ပင်ကြား၊ တန်းကြား လေးပေ၊ ခြောက်ပေထား၍ ကြားကွက်လပ်မြေတွင် ရွက်လှပင်၊ မာလကာပင်၊ ငှက်ပျောပင် စိုက်ကြသည်။

    ရွက်လှပင်များသည် မိုးတွင်း ကာလ၌ အကိုင်းဖြတ်၍ ရန်ကုန်ဈေးကွက်သို့ အများအပြားပို့ကြသည်။ အလှစိုက်ခြင်း မဟုတ်ပါ။ စီးပွားဖြစ် အကိုင်းရောင်းချရန် စိုက်ပျိုးခြင်းဖြစ်သည်။ အညာ ဒေသတွင် မိုးရွာမှုနည်းပါးပြီး ရေရရှိမှုခက်ခဲကာ နေပူပြင်းသည့်ဒေသဖြစ်၍ ကွမ်းသီးပင်စိုက်ပျိုးရာတွင် ရေ၊ မြေ အခြေအနေပေးသော မတ္တရာ၊ ကျောက်ဆည်ကဲ့သို့ ဒေသ၌သာ စိုက်ပျိုးကြသည်။

    နေပူဒဏ်မခံနိုင်၊ လေပူဒဏ်မခံနိုင်၊ အပွင့် အသီးငယ် ကြွေကျသည်။ ကွမ်းသီးအဝိုင်းမျိုး (အိုးပေါက်ကွမ်းသီး)၊ ကွမ်းသီးချွန်မျိုး (ချည်စင် ကွမ်းသီးမျိုး)၊ ကွမ်းသီးစိမ်း (ကွမ်းသီးခိုင်၏ အဖျားသီး) အလယ်သီး၊ အမှည့်သီး (အခိုင်၏အခြေသီး)၊ ရေးကွမ်းသီး (ရေးမြို့နယ်ထွက်အသီး)၊ တောင်ငူကွမ်းသီး၊ မြောင်းမြကွမ်းသီးမျိုးစုံ ရှိကြသည်။

    ကွမ်းသီးပင်သည် မိုးများ၊ ရေပေါသောဒေသ၊ ပင်လယ်နှင့်နီးသောဒေသ၊ မိုးရေချိန် (၈၀-၁၀၀) ရွာသောဒေသ ဖြစ်ထွန်း၍ မိုးရေချိန်လက်မ ၆၀ အောက်ရွာသော ဒေသတွင် ရေပေးသွင်းမှ ဖြစ်ထွန်းပါသည်။ မိုးများဒေသမှာပင် ဒေသတစ်ခုနှင့်တစ်ခု၊ အပင်ကြား၊ အတန်းကြားထားရှိမှု၊ အပင်ခြေသီးနှံ စိုက်မှုမတူကြသကဲ့သို့ ရေစပ်၊ ကုန်းစပ်၊ ရေတစ်ကန့်၊ ကုန်းတစ်ကန့် စိုက်ကြရသည်။

    ဤသို့စိုက်ပျိုးသည့် စနစ်များ ကွဲပြားသွားကြသည်မှာ မိမိတို့ဒေသ၏ ရေ၊မြေ၊ ရာသီဥတုနှင့် ချောင်းမြောင်း အနေအထားကြည့်ပြီး စိုက်ကြ၊ ပျိုးကြရသည်။ တစ်နေရာတွင် ဖြစ်ထွန်း အောင်မြင်သည်နှင့် အောင်မြင်သောဒေသနှင့် ရာသီဥတု၊ ရေမြေမတူလျှင် ပုံစံတူလိုက်ပြီး တုပ၍မစိုက်ပါနှင့်။ စိုက်ပျိုးရေးလုပ်ငန်းသည် တစ်ပုံစံတည်း မရနိုင်ပါ။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
27
comments
0
views
5392