cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တူးဖိုးဒီ(ကမ္ဘာ့ပထမဦးဆုံးရွေးချယ်ပေါင်းသတ်ဆေး)

. Weeds Management
တူးဖိုးဒီပေါင်းသတ်ဆေးကို ဗီယက်နမ်စစ်အတွင်းတွင် အများဆုံး အသုံးပြုခဲ့ကြသည်။ တူးဖိုးဒီ ပေါင်းသတ်ဆေးသည် ကုန်းနေရေနေရွက်ပြန့်ပေါင်းများစွာကို သတ်ပေးနိုင်သော ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ သို့သော် မြက်မျိုးများကိုမူ နှိမ်နင်းနိုင်စွမ်းမရှိပေ။

  • ၎င်းသည် အပင်အတွင်း အောက်ဆင်(Auxin)ခေါ် အပင်ကြီးထွား ဟော်မုန်းကို အဆမတန်များပြားလာစေပြီး ခံနိုင်ရည်မရှိသော အပင်များကို အစာကြောစည်း၊ရေကြောစည်းများပိတ်၍ ရေ၊သကြားနှင့် အာဟာရဓါတ်များ မရနိုင်တော့ဘဲ သေစေသည့် အာနိသင်ဖြင့် ပေါင်းသတ်ပေးသည်။

    တူးဖိုးဒီပေါင်းသတ်ဆေးကို သက္ကရာဇ် ၁၉၄၀ခုနှစ်များတွင် စတင်တွေ့ရှိခဲ့ပြီး၊ မူပိုင်ခွင့်ကြာရှည်စွာမရှိခဲ့သဖြင့် ထုတ်လုပ်သူများစွာက ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည်။ ဤနည်းအားဖြင့် တူးဖိုးဒီကုန်အမှတ်တံဆိပ်များစွာဖြင့် ဖော်မြူလာမျိုးစုံ ထွက်ပေါ်လာခဲ့သည်။ တူးဖိုးဒီကို စီးပွားဖြစ် မြက်စိုက်ခင်းများတွင် အများဆုံးအသုံးပြုခဲ့ကြသည်။

    တူးဖိုးဒီပေါင်းသတ်ဆေးသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး အသိအမှတ်ပြုခံရသည့် ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ သီးနှံပင်များကို မထိခိုက်ဘဲ ပေါင်းများကိုသာ ရွေးချယ်သတ်ပေးသောရွေးချယ်ပေါင်းသတ်ဆေး(Selective Herbicide)ဖြစ်လာခဲ့သည်။

    ၁၉၅၄ ခုနှစ်မှစတင်၍ မြက်ခင်းများ၊ ဥယျာဉ်ခြံအပင်များ၊စပါး၊ဂျုံပြောင်းကဲ့သို့သော နှံစားသီးနှံ(Cereal Crops)များကြားရှိ ရွက်ပြန့်ပေါင်းများကိုသတ်ရန် အသုံးပြုလာခဲ့ကြသည်။ အတိအကျအားဖြင့်ဆိုသော် သီးနှံပင်များမစိုမီ တူးဖိုးဒီ ပေါင်းသတ်ဆေးဖြင့် ကြိုတင်ပက်ဖြန်း၍ ကာကွယ်ခြင်း၏ အကျိုးအာနိသင်ကိုလည်း သိရှိလာခဲ့ကြသည်။

    ပြောင်းခင်းအတွင်း အချိန်နောက်ကျသုံးစွဲပါက ပင်စည်နှင့်အမြစ်များ ထိခိုက်၍ အထွက်လျော့နည်းစေသည်။ ဂျုံခင်းတွင် နောက်ကျသုံးစွဲပါက အနှံများပုံစံမမှန် ထွက်လာတတ်ပါသည်။

    တူးဖိုးဒီပေါင်းသတ်ဆေးကိုအမြဲအသုံးပြုနေရသော အမျိုးသားအလုပ်သမား၊ လယ်သမားများအတွက် ဖြစ်နိုင်သော စွန့်စားမှုတစ်ခုမှာ ပုံမမှန်သောသုတ်ပိုးများ ထုတ်လုပ်ခြင်းနှင့် မျိုးအောင်မှုထိခိုင်စေတတ်ခြင်းတို့ဖြစ်ပါသည်။ တူးဖိုးဒီပေါင်းသတ်ဆေးကို မြန်မာနိုင်ငံတွင် ၁၉၉၀ နှစ်များ၌ စတင်သုံးစွဲလာခဲ့ကြပြီး သက္ကရာဇ်၂၀၀၀ နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့ကြသည်။အထူးသဖြင့် စပါးခင်းအတွင်းပေါက်သော ပေါင်းများဖြစ်သည့် မုံညှင်းစိမ်း၊မုံညှင်းဝါ၊မြက်ကွမ်းသီးလေး၊ဝက်လာ၊ဘော့ကြား အစရှိသည့် မုံညှင်းမျိုးအုပ်စုဝင် ပေါင်းများနှင့် ကတောက်ဆပ်၊လယ်ဗဒူ၊လယ်လေးညှင်း၊တက်ပြားပေါင်း၊မှိုနတို စသည့်‌ပေါင်းများကို နှိမ်နင်းရန် အသုံးပြုခဲ့ကြသည်။ သို့သော် တခါတရံ လယ်ဗဒူနှင့်မှိုနတိုပေါင်းများကို နှိမ်နင်းရာတွင် ထိရောက်မှုမရှိတတ်ပေ။ ဤကဲ့သို့သောအခြေအနေများတွင် တူးဖိုးဒီ‌ပေါင်းသတ်ဆေးကို ပေါင်းပေါက်ရောက်ပြီးသုံးရသော ပေါင်းသတ်ဆေး(Post emergence Herbicide)အဖြစ်သာမကဘဲ သီးနှံမစိုက်မီသုံးစွဲရသော(Pre-plant Herbicide)အဖြစ် ဂလိုင်ဖိုဆိတ်ကဲ့သို့သော ရွေးချယ်မဲ့ပေါင်းသတ်ဆေးဖြင့် တွဲဘက်အသုံးပြုလာခဲ့ကြသည်။

    တူးဖိုးဒီ‌ပေါင်းသတ်ဆေးသည် စပါးခင်းများတွင် ပေါက်သောမြက်မျိုးများအားလုံးကို မနှိမ်နင်းနိုင်သော်လည်း၊မြက်မျိုးပေါင်းများ မပေါက်ဘဲ မုံညှင်းနှင့် ရွက်ပြန့်ပေါင်းများ ဆိုးဝါးစွာ‌ပေါက်တတ်သောစပါးခင်းများတွင် စားရိတ်စကအကုန်အကျ အနည်းဆုံးနှင့် အထိရောက်ဆုံးပေါင်းသတ်ဆေးဖြစ်သဖြင့် မြန်မာလယ်သမားများ၊ အများဆုံးအသုံးပြုသည့် ပေါင်းသတ်ဆေးတစ်မျိုးလည်း ဖြစ်သည်။

    တူးဖိုးဒီ‌ပေါင်းသတ်ဆေးကို ဖော်မြူလာအမျိုးမျိုး၊ဆေးပါဝင်မှုရာခိုင်နှုန်းအမျိုးမျိုးဖြင့် ဖော်စပ်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။

    အအေးလွန်ကဲသောရာသီများ သို့မဟုတ် အအေးဓါတ်များသော တောင်ပေါ်ဒေသများတွင် ဆောင်းရာသီ၌ တူးဖိုးဒီပေါင်းသတ်ဆေးကို သတိထားသုံးစွဲသင့်သည်။ စပါးပင်ကလေးများ အပင်နုစဉ်၊နှင်းကျ၍အေးသောအချိန် တူးဖိုးဒီပေါင်းသတ်ဆေးကို နှုန်းထားအနည်းငယ်မြင့်၍သုံးမိပါက စပါးပင်ကလေးများကို ဆေးလောင်တတ်ပါသည်။အရွက်ဖျားလေးများ ဝါလာတတ်ပါသည်။ ဤကဲ့သို့အပင်လက္ခဏာများဖြစ်ပေါ်ပါက ဆေးဖြန်းပုံးတွင် ရေချည်းသက်သက်ထည့်၍ တစ်ဧကရေ(၁၀)ပုံးမှ (၁၆)ပုံးခန့် ဖြန်းပေးရသည်။ ‌ရေသွင်းရန်လွယ်ကူပါက တစ်ညသိပ်ခန့် စပါးခင်းကို ‌ရေနှစ်ပေး၍ နောက်တစ်နေ့နံနက်တွင် ရေပြန်ထုတ်ပေးရသည်။ ပြန်လည်စိမ်းလာပါက ရွက်ဖြန်းအားဆေးဖြန်းပေးရသည်။

    တူးဖိုးဒီပေါင်းသတ်ဆေးကို စပါး၊ပြောင်းခင်း၊ဂျုံခင်းနှင့် ကြံခင်းများကြားရှိ ရွက်ပြန့်ပေါင်းများနှင့် မုံညှင်းပေါင်းများမျိုးများကို နှိမ်နင်းပေးနိုင်သည်။ ဖော်မြူလာအမျိုးမျိုးဖော်စပ်ထားသဖြင့် ဆေးနှုန်းထားနှင့် သုံးစွဲနည်းစနစ်များကို ဆေးပုလင်းပေါ်ပါရှိသည့် အညွှန်းစာကိုသေချာစွာဖတ်ရှု အသုံးပြုရန်လိုအပ်ပါသည်။

    တူးဖိုးဒီပေါင်းသတ်ဆေးသည်လည်း အခြား‌သောပေါင်းသတ်ဆေးများ သဘာဝနည်းတူ ဆေးဖျော်စပ်ရာတွင် သန့်ရှင်းကြည်လင်သောရေဖြင့် ဖျော်စပ်မှသာ ဆေးအာနိသင်ပိုမိုထိရောက်ပါသည်။ရေငံများနှင့် ဖျော်စပ်ခြင်းကိုလည်းမပြုလုပ်ရပါ။ ‌ရွှံ့နွံများစွဲကပ်နေသော ‌ပေါင်းပင်များကိုလည်း မနှိမ်နင်းနိုင်ပါ။

    ကောင်းမှန်-ကံမြင့်

    ပေါင်းနှင့် ပေါင်းသတ်ဆေး-စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ 


  • article
likes
17
comments
0
views
2061