cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကျွဲကောစိုက်ပျိုးနည်း

. Cultivation Methods
မြန်မာအမည် - ကျွဲကော

အင်္ဂလိပ်အမည် - POMELO

ရုက္ခဗေဒအမည် - Citrus maxima

မျိုးရင်းအမည် - Rutaceae


  • မြေအမျိုးအစား

    မြန်မာနိင်ငံတွင်ကျွဲကောမျိုးများကိုမြန်မာမျိုးများ(ပန်းရောင်(၁)၊ပန်းရောင်(၂)၊ပန်းရောင်(၃)၊ကျောက်စိမ်း၊ခွံပါး၊အဖြူ)၊ရှမ်းမျိုးများ၊ထိုင်းမျိုးများ(ခွန်သောင်ဒီ၊ပျားရည်ဆမ်း၊ ပတ္တမြားနီ)စသည်ဖြင့်အများအပြားတွေ့နိုင်ပါသည်။

    မူရင်းဒေသ

    အမေရိက၊တောင်အာဖရိကနှင့် ဩစတြေးလျ။

    ရာသီဥတု

    နေ့အချိန်တွင်ပူနွေးပြီးညအချိန်တွင်အေးမြခြင်းသည်အကောင်းဆုံးဖြစ်သည်။သင့်တော်သောအပူချိန်မှာ(၂၀°C‒၃၀°C)ဖြစ်သည်။အပူချိန်နိမ့်လွန်းပါကအသီးမှည့်ရန်အချိန်ကြာခြင်း၊အသီးအရည်မရွှမ်းခြင်း၊အသီးအရွယ်အစားငယ်ခြင်း၊အရောင်မလှခြင်းများဖြစ်တတ်သည်။အထူးသဖြင့်နံနက်ပိုင်းတွင်စိုထိုင်းဆမြင့်ပါကအသီးအရွယ်အစားကြီးခြင်း၊အခွံပါးပြီးအရည်ရွှမ်းစေပါသည်။အသင့်တော်ဆုံးမိုးရေချိန်မှာ(၁၅၀‒၂၀၀)စင်တီမီတာဖြစ်သည်။ကျွဲကောသည်အမြစ်ဖွဲ့စည်းပုံတိမ်သဖြင့်မိုးများပါကအမြစ်ပုပ်စေနိုင် သည်။ရေများလွန်းပါကအသီးအရည်အသွေးကိုထိခိုက်စေနိုင်သည်။ကျွဲကောကိုသစ်ဆွေးဓာတ်များပါသောနှုံးမြေများတွင်စိုက်ပျိုးသင့်ပါသည်။မြေစေးပါကရေနှုတ်မြောင်းများသေချာပြုလုပ်ထားရမည်။မြေအောက်ရေမျက်နှာပြင်လေးပေထက်ပိုမမြင့်သင့်ပါ။ကျွဲကောစိုက်ပျိုးမည့်မြေအားထယ်ထိုး၊ထွန်မွှေခြင်းကိုသေချာစွာပြုလုပ်ရမည်။ကျွဲ ကောသည်အမြစ်ဖွဲ့စည်းမှုတိမ်သောသီးနှံဖြစ်ခြင်းကြောင့်အပင်စိုက်ပြီးနောက်စိုက်ခင်းအတွင်းထယ်ထိုးခြင်းကိုဖြစ်နိုင်သမျှရှေုာင်ကျဉ်ရမည်။မြေချဉ်ငံဓာတ်Ph(၅.၅‒၆) သည်အသင့်တော်ဆုံးဖြစ်သည်။

    စိုက်ပျိုးနည်းစနစ်

    ကျွဲကောပင်အားမိမိစိုက်ပျိုးလိုသောမျိုး၊ရေမြေ၊ရာသီဥတုအပေါ်မူတည်၍စိုက်ကျင်းအကွာအဝေးကို(၂၅'x၂၅')၊(၂၀'x၂၀')၊(၁၅'x၂၀')စသည်ဖြင့်ထားရှိနိူင်ပါသည်။စိုက်ကျင်းအားကျွဲကောမစိုက်ပျိုးမီတစ်လကြို တင်၍(၂)ပေပတ်လည်တစ်ပေခွဲအနက်တူးရမည်။စိုက်ကျင်းအတွင်းသို့နွားချေးတစ်တင်း၊ကျောက်မှုန့်(၁)ကီလိုဂရမ်အားအပေါ်ယံမြေသားဖြင့်ရော၍စိုက်ကျင်းအတွင်းသို့ထည့်ပြီးမြေနှပ်ပါ။

    စိုက်ပျိုးခြင်း

    မိုးဦးကျဇွန်၊ဇူလိုင်လများတွင်ကြိုတင်၍မြေနှပ်ထားသောစိုက်ကျင်းအတွင်းသို့မြေအောင်းပိုးသတ်ဆေးထည့်ပြီးစနစ်တကျစိုက်ပျိုးပါ။အပင်ခြေပတ်လည်အမြစ်လေဟာမှုမရှိှစေရန်မြေသားအားသေချာစွာဖိသိပ်ပါ။

    အပင်ပြုစုခြင်း

    ပေါင်းရှင်းခြင်းကိုတစ်နှစ်(၃)ကြိမ်မဖြစ်မနေဆောင်ရွက်ရမည်။စိုက်ခင်းအတွင်းထယ်ထိုးခြင်းကိုရှောင်ကျဉ်ပြီးမြက်ဖြတ်စက်ဖြင့်ပေါင်းရှင်းခြင်း၊ပေါင်းသတ်ဆေးဖြင့်ပေါင်းနှိမ်နင်းခြင်းကို ဆောင်ရွက်နိုင်သည်။ ရေဝပ်ကျင်းဖော်ခြင်းကို ဇန်နဝါရီလတွင် ပြုလုပ်ပေးပါ။ ရေသွင်းခြင်းအားဒီဇင်ဘာလမှစတင်ပြီးမေလကုန်အထိ တစ်ပတ်တစ်ကြိမ်ဆောင်ရွက်ပါ။ပန်းပွင့်ချိန်သည်ရေအလိုအပ်ဆုံးအချိန်ဖြစ်သည့်အတွက် ရေသွင်းခြင်းကိုဂရုတစိုက်ဆောင်ရွက်ရမည်။ ကိုင်းရှင်းခြင်းကိုအသီးခူးပြီးချိန် ဒီဇင်ဘာလတွင်ဆောင်ရွက်ရပါမည်။ကျွဲကောပင်သည်(Heavy Pruning)ပြုလုပ်ပေးရန်မလိုအပ်သော်လည်းကိုင်းခြောက်များ၊အဖျားပိုင်းမှအပေါ်သို့ထောင်တက်နေသောကိုင်းများနှင့်အပင်အတွင်းပိုင်းမှထွက်လာသောရေတက်(Water Shoot)များကိုရှင်းလင်းပြီးနေရောင်ခြည်အပြည့်အဝရရှိရန်နှင့်လေဝင်လေထွက်ကောင်းစေရန်ဆောင်ရွက်ရပါမည်။ အကိုင်းများရှင်းလင်းပြီးနောက် ကိုင်းဖြတ်ရာများနှင့်ပင်စည်အား မြေပြင်မှ(၅)ပေအထိဘော်ဒိုဆေးရည်(၅꞉၅꞉၅၀)အချိုးဖြင့်ဖျော်၍သုတ်လိမ်းပါ။

    မြေဩဇာကျွေးခြင်း

    အရွယ်ရောက်ကျွဲကော(၄‒၅)နှစ်သားတစ်ပင်အားနွားချေး(၂)တင်းနှင့်(၁၅꞉၁၅꞉၁၅)ကွန်ပေါင်းမြေဩဇာ(၂)ကီလိုဂရမ်အားအသီးခူးပြီးနောက်ပိုင်းပင်ခြေပတ်လည်တွင်ပတ်မြောင်းတူး၍ထည့်သွင်းပါ။အသီးများသံပုရာသီးအရွယ်တွင်(၁၅꞉၁၅꞉၁၅)ကွန်ပေါင်းမြေဩဇာ(၂)ကီလိုဂရမ်အားထပ်မံထည့်သွင်းပါ ။အသီးခူးရန်တစ်လအလိုတွင်ပိုတက်ဓာတ်မြေဩဇာ(၁)ကီလိုဂရမ်အားထည့်သွင်းပါ။အဖူးထွက်ချိန်၊ပန်းပွင့်ချိန်နှင့်သီးကင်းနုချိန်တို့တွင်အနည်းလိုအဟာရဓာတ်ပါသောဆေးများပက်ဖျန်းပေးပါ။

    ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

    သီးထိုးယင်၊ပိုးစေးနှဲ၊လှေးပိုး၊ရွက်ထွင်းပိုးနှင့်အကြေးပိုးများသည်ကျွဲကောတွင်အများဆုံး ကျရောက်သဖြင့်ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်နှိမ်နင်းနိင်ပါသည်။အသီးမခူးမှီ(၃၀‒၄၅)ရက်အလိုတွင်အသီးအိတ်စွပ်ခြင်းသည်သီးထိုးယင်ကိုကာကွယ်နိင်သည့်အပြင်အသီးအရောင်လှပြီးအသီးအရည်ရွှမ်းစေပါသည်။အမြစ်ပုပ်၊ပင်စည်ပုပ်ရောဂါ၊ကိုင်းခြောက်ရောဂါ၊မှည့်ပြောက်စွန်းရောဂါနှင့်အစေးထွက်ရောဂါများကျရောက်သည့်အတွက်မက်တက်လက်ဇီ၊မန်ကိုဇက်၊ဘီနိုမိုင်းစသောမှိုသတ်ဆေးများဖြင့်ကာကွယ်နှိမ်နင်းနိုင်ပါသည်။

    သီးကင်းခြွေခြင်း၊သီးကိုင်းထောက်ခြင်း

    သီးကင်းခြွေခြင်းကိုအသီးများသံပုရာသီးအလုံးကြီးအရွယ်တွင်ပြုလုပ်ပေးရမည်။သီးကင်းခြွေခြင်းအားဖြင့်အသီးအရွယ်အစားညီခြင်း၊အသီးကြီးခြင်း၊ရင့်မှည့်ချိန်ညီခြင်း၊အသီးခူးချိန်တွင်အပြစ်အနာနှင့်ရောဂါပါသောအသီးများကင်းစင်ခြင်းစသောအကျိုးကျေးဇူးများရရှိပါသည်။ကိုင်းထောက်ခြင်းကိုအသီးအညှာမြဲချိန်တွင်ဆောင်ရွက်ပါ။သီးကိုင်းများကျိုးခြင်း၊အသီးထိခိုက်မှုမရှိစေရန်နှင့်အပင်နှင့်အသီးအရေအတွက်မျှတစေရန်သီးကိုင်းထောက်ခြင်းကိုစနစ်တကျပြုလုပ်ပေးပါ။

    Source: DOA 


  • article
likes
23
comments
3
views
4221