cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၅.၆.၂၀၂၃ မှ ၉.၆.၂၀၂၃ ရက်နေ့ထိဈေးကွက်သုံးသပ်ချက်

. Market Price
-မတ်ပဲ၊ပဲစင်းငုံနီ၊ ကုလားပဲစျေးဆက်တိုက်ဈေးမြင့်တက်နေ
-နှမ်းမျိုးစုံဈေးကွက်ထဲ ဈေးကောင်းရ
-နှမ်းနက်(စမုံ) ပြည်ပဝယ်လိုအားရှိတဲ့အတွက်ဈေးက မြင့်တက်လာ
-နှမ်းဖြူ(ဂျပန်)က လက်ရှိမှာ အမြင့်ဆုံးဈေး ရရှိနေ
-နှမ်းညို အဟောင်းလက်ကျန်တွေ မရှိတော့ပဲ အသစ်ထွက်ရှိတဲ့ နှမ်းတွေ ဈေးကောင်းရရှိနေ
  • မတ်ပဲ

    မတ်ပဲကတော့ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်က အိန္ဒိယနိုင်ငံဗဟိုအစိုးရက မတ်ပဲခွဲခြမ်း သိုလှောင်မှု ကို ကန့်သတ်ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ဈေး အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်းဈေးပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေး မြင့်တက်မှု နဲ့အတူ ဈေးဆွဲတင်ရောင်းချမှုတွေအပြင် အိန္ဒိယနိုင်ငံအတွင်း ပဲလိုအပ်ချက်ကြောင့် ဈေး ဆက်တိုက်မြင့်တက်နေ တာလို့လည်း ပဲကုန်သည်အချို့က ဆိုပါတယ်။

    အိန္ဒိယအစိုးရက မတ်ပဲထွက်ရှိမှုနှုန်းက ၂၀၂၂-၂၀၂၃ နှစ်အတွင်း တန်ချိန် ၂ဒသမ၇သန်းသာ ထုတ်လုပ်နိုင်မယ်လို့ ကြေညာထားတဲ့အတွက် မတ်ပဲဈေးက ဆက်ပြီး တက်နိုင်ခြေ ရှိဦးမယ်လို့ ပဲကုန်သည်အများစုက သုံးသပ်ထားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၄၁၄၀၀၀ ပေါက်ဈေး ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။FOB ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၉၅၀ ကနေ ၉၇၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ မတ်ပဲက တစ်အိတ်ကို ၂၃၈၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။

    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၇၀၀၀ ကနေ ၇၉၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်ပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကလည်း ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက် က မြင့်မားနေသလို ပြည်တွင်း မှာလည်း ပဲလက်ကျန်မရှိခြင်း၊ငွေလဲလှယ်နှုန်းဈေး မြင့်တက်နေခြင်းတို့ကြောင့် ဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။လက်ရှိ အရောင်းအဝယ်ကတော့ ကြိုက်ရောင်း ကြိုက်ဝယ်အနေအထား ဖြစ်နေပြီး ယခုထက် တက်လာမယ့် ဈေးကို စောင့်ရောင်းချနေသူတွေလည်း များပြားတယ်လို့ ပဲကုန်သည်အချို့က ပြောပါတယ်။

    ရန်ကုန်ဈေးကွက် မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၂၉၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၇၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ FOB ပေါက်ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂၃၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၁၁၀ ဈေးမြင့်တက်လာသည်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ် ဈေးမြင့် တက်လာပါတယ်။

    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၁၀၅၀၀၀ ကနေ ၁၀၅၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၁၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

    ကုလားပဲ

    ကုလားပဲဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ငွေလဲလှယ်နှုန်းဈေး မြင့်တက်လာမှု နဲ့အတူ ကုလားပဲဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေးမြင့်တက်ပေမယ့် အရောင်းမရှိဘူးလို့ ပဲကုန်သည်တွေက ဆိုပါတယ်။

    လက်ရှိပေါက်ဈေးနှုန်းသည် စံချိန်တင်ဈေး မြင့်တက်နေခြင်းဖြစ်ပြီး ဆက်ပြီး တက်နိုင်ခြေ ရှိကြောင်း ကုန်သည်အချို့ကတော့ခန့်မှန်းထားသည်။ ကုလားပဲတစ်တင်း တစ်သိန်း ထိ ရောက်ရှိနိုင်မလား ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၄၁၅ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပြီး ၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၆၆၅ ကနေ ၄၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ် ဈေးတက်လာပါတယ်။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၈၀၀ ကနေ ၆၀၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၇၅ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၆၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မုံရွာဈေးကွက်မှာလည်းကုလားပဲ ၉၂၉ က တစ်တင်းကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀၀ ကျပ် ၊ကုလားပဲ(ဗွီတူး)ကတော့တစ်တင်းကို ၉၀၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၅၀၀ ကျပ် ဈေးတက် လာပါ တယ်။

    နှမ်းမျိုးစုံ

    နှမ်းမျိုးစုံကတော့ ဈေးကွက်ထဲ ဈေးကောင်းရရှိနေပါတယ်။ ဈေးကွက်ထဲ ကို အသစ်တွေ အဝင်ရှိနေပြီး အဝင်နည်းနေသေးတဲ့အတွက် အဝယ်ကလည်း သွက်နေတယ်လို့သိရပါတယ်။ နှမ်းထွက်ချိန် မိုးရွာသွန်းမှုကြောင့် နှမ်းစိုက်ခင်းများ ပျက်စီးမှုတွေရှိခဲ့ပြီး နှမ်းအထွက်နှုန်းလျော့နည်းနိုင်တာကြောင့် နှမ်းဈေးကတော့ ဆက်ပြီး ကောင်းဦးမယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။

    နှမ်းနက်(စမုံ)

    နှမ်းနက်(စမုံ)ကတော့ ပြည်ပ ဝယ်လိုအားရှိတဲ့အတွက်ဈေးက မြင့်တက်လာပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၀၀၀၀၀ ကနေ ၃၄၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၉၀၀၀၀ ကနေ ၃၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    နှမ်းဖြူ

    နှမ်းဖြူကတော့ အသစ်တွေ ဈေးကောင်းရရှိနေပါတယ်။နှမ်းဖြူ(ဂျပန်)ကလည်း လက်ရှိမှာ အမြင့်ဆုံးဈေး ရရှိနေပါတယ်။တရုတ်နှင့် ဂျပန်က က အဓိကဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ နှမ်းဖြူ(ရိုးရိုး)က တစ်အိတ်ကို ၃၄၀၀၀၀ ကနေ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၃၅၀၀၀၀ ကနေ ၃၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ကျပ်ဈေး မြင့်တက်လာပါတယ်။

    နှမ်းညို

    နှမ်းညိုကလည်း အဟောင်းလက်ကျန်တွေ မရှိတော့ပဲ အသစ်ထွက်ရှိတဲ့ နှမ်းတွေ ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းညိုအသစ် တစ်အိတ်ကို ၃၀၃၀၀၀ ကနေ ၃၀၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ပန်းနှမ်း

    နှမ်းမျိုးစုံဈေးမြင့်တက်ပေမယ့် ပန်းနှမ်းကတော့ ဈေး ကျဆင်းသွားပါတယ်။ဈေးကွက်အတွင်းပစ္စည်းလက်ကျန် မရှိတော့သလို အရောင်းအဝယ်လည်း အေးသွားပြီး ဈေးကျဆင်းသွားတာလို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၀၀၀၀၀ကနေ ၂၀၅၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    AMIA

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes8comments0
views2751