cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ်ပင်စိုက်ပျိုးနည်း

. Cultivation Methods
ငရုတ် (Capsicum annuum)

  • ငရုတ် (Capsicum annuum, 2n=2x=24) သည် အရေးကြီးသော ဟင်းခတ်အမွှေးအကြိုင် သီးနှံတစ်ခုဖြစ်သည်။ ငရုတ်သည် ခြောက်သွေ့သော ရာသီအပူချိန် ၂၁-၃၃ ဒီဂရီစင်တီဂရတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ညအပူချိန်သည် ၃၀ဒီဂရီ စင်တီဂရိတ်ထက် ရှိနေမည်ဆိုလျှင် ငရုတ်ပင်သည် အသီးတင်လိမ့်မည် မဟုတ်ပေ။ မျိုးစေ့ထုတ်လုပ် ရန်အတွက် ရွေးချယ်ထားသော ကွင်းသည်ပြီးခဲ့သော ရာသီက စိုက်ခဲ့သည့် သီးနှံသည် ပဲမျိုးရင်းဝင်အပင်များ (သို့) နှံစားမျိုးရင်းဝင် အပင်များဖြစ်ခဲ့လျှင် ပိုကောင်းသည်။ သို့မဟုတ် ယခင်စိုက်ခဲ့သော သီးနှံသည် ကန်စွန်းဥ (သို့) ခရမ်းမျိုးနွယ်ဝင် အပင်များ(ခရမ်းချဉ် ၊ငရုတ်၊ ခရမ်း စသည့်) ဖြစ်ခဲ့လျှင် ၎င်းကွင်းအား ရှောင်ရှားသင့်သည်။ ထိုစနစ်သည် ရောဂါပိုးများ တိုးပွားများပြား လာခြင်းကို ကြိုတင်ကာကွယ်ပေးသည်။

    ရာသီဥတုနှင့် မြေအမျိုးအစား

    အပူချိန် ၁၅-၃၅ဒီဂရီ စင်တီဂရိတ် ရှိပြီးရက်၁၃၀-၁၅၀အတွင်း နှင်းခါးကျရောက်မှု ကင်းလျှင်ငရုတ်စိုက်ပျိုး ရန်သင့်တော်သည်။ မြေကြီး၏ အပူချိန်သည် ၁၀ဒီဂရီ စင်တီဂရိတ်နှင့်အောက် လျော့နည်းလျှင် အပင်၏ ကြီးထွားမှုကို တုံ့နှေးစေသည်။ အပူချိန်၄၀ ဒီဂရီစင်တီဂရိတ် အထက် ကျော်လျှင်အသီးတင်မှု ညံ့ရုံသာမက ဆိုးဆိုးဝါးဝါး အသီးကြွေကျမှု ကိုလည်းဖြစ်စေသည်။ ငရုတ်အား မြေအမျိုးအစား အတော်များများတွင် စိုက်ပျိုးနိုင်သော်လည်း ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော နှုန်းမြေသည် ငရုတ်စိုက်ပျိုး ထုတ်လုပ်ရန် အကောင်းဆုံးဖြစ်သည်။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိသော အပင်ဖြစ်သည်။သင့်တော်သော မြေချဉ်ငံဓါတ်မှာ ၅.၅-၆.၅ဖြစ်သည်။

    ပျိုးခင်းပြင်ဆင် စိုက်ပျိုးခြင်း

    မြေတစ်ဟက်တာ စိုက်ရန်အတွက် ၂၀ဝမီတာ ပတ်လည်ခန့်ရှိသော ပျိုးဘောင်လိုအပ်ပါသည်။ မြေကြီးအတွင်းသို့ နွားချေးများ သမအောင် ရောမွှေပြီးနောက် ပျိုးဘောင်/ပျိုးခင်းအား ထယ်ရေးညက်သည်အထိ ပြင်ဆင်သင့်ပါသည်။ ပျိုးဘောင်/ပျိုးခင်းအား ဓါတုဆေးများဖြင့် စီရင်ပေးခြင်းကို ခရမ်းချဉ်နှင့်ခရမ်းမှာ ကဲ့သို့ပင် အတူတူ ပြုလုပ်သင့်ပါသည်။ အညှောင့်ပေါက်မှု ကောင်းရန် ပျိုးခင်းအား အညှောင့်ပေါက်မှု ကာလပြီးဆုံးသည့် တိုင်အောင်မြက်ခြောက် များဖြင့်ဖုံးအုပ် ပေးလျှင်ပိုကောင်းပါသည်။ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရေဖျန်းပုံးဖြင့် ပုံမှန်ရေခပ်ပါးပါး လောင်းပေးခြင်းကို ပြုလုပ်သင့်ပါသည်။ ကျန်းမာသန်စွမ်းသော ပျိုးပင်ရရှိရန် ပျိုးခင်းအား ၄၀ဇကာနိုင်လွန်ပိုက်ဖြင့် ရောဂါပိုးမွှား သယ်ဆောင်လာသည့် အရာများမှ ကာကွယ်ရန် ဖုံးအုပ်ပေးလျှင် ပိုကောင်းပါသည်။

    စိုက်ပျိုးချိန်

    မိုးငရုတ် - မေလတွင်ပျိုးထောင်၍ ဇွန်၊ ဇူလိုင်လတွင်စိုက်ပျိုးကြသည်။

    ဆောင်းငရုတ် - အောက်တိုဘာလတွင်ပျိုးထောင်၍ နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စိုက်ပျိုးကြသည်။

    ပြောင်းရွေ့စိုက်ပျိုးခြင်း

    ပုံမှန်အားဖြင့် ပြောင်းရွေ့စိုက်ပျိုးခြင်းကို ပျိုးထောင်ပြီးနောက် (၄၀-၅၀)ရက်သားတွင် ပြုလုပ်ကြသည်။ ပြောင်းရွေ့မစိုက်မီ (၁၀)ရက်ခန့်အလိုတွင် ငရုတ်ပျိုးပင်၏ အရွက်များအား ဖြတ်ညှပ်တိပေးလျှင် ပြောင်းရွေ့စိုက်ပျိုးသော ပျိုးပင်အား ပို၍လန်းဆန်းရှင်သန် စေပါသည်။ ပျိုးပင်အား ပိုပြီးခံနိုင်ရည်ရှိလာအောင် လုပ်ပေးခြင်းကို ပြောင်းရွေ့မစိုက်မီ ၁ပတ်ခန့်တွင် ပျိုးခင်းအား ရေလောင်းပေးခြင်းကို ထိန်းညှိပေးခြင်းဖြင့် စတင်သင့်သည်။

    မျိုးစေ့နှုန်းထား - တစ်ဟက်တာလျှင် ၅၀ဝ-၆၀ဝဂရမ်နှုန်း

    ပင်ကြားတန်းကြား အကွာအဝေး - ၄၅×၃၀စင်တီမီတာ

    သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများ ထည့်သွင်းပေးခြင်း

    ယေဘုယျအားဖြင့် အာဟာရ ထည့်သွင်းပေးမှုသည် မြေခံအဖြစ် မြေတစ်ဟက်တာလျှင် နွားချေးတန် (၂၀)နှင့်အတူ ယူရီးယား ၉၀ကီလိုဂရမ်၊ တီဆူပါ၁၅၀ကီလိုဂရမ်၊ ဓါတ်ဆား၁၅၀ ကီလိုဂရမ် ဖြစ်ပြီး ယူရီးယား ၆၉ကီလိုဂရမ်ကို ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တို့တွင် နှစ်ကြိမ်ခွဲ၍ ထပ်မံထည့်သွင်းပေးခြင်းတို့ ဖြစ်သည်။

    ငရုတ်ပင် ပိုးမွှားရောဂါကာကွယ်ပုံနှင့် ရေသွင်းနည်းစနစ်

    စိုက်ခင်းတွင် အဓိကကျသော အင်းဆက်ပိုးမွှားဖြစ်သည့် သီးထိုးကျိုင်းနှင့် သီးထိုးယင် အကောင်ငယ်များသည် အသီးတောင့်များကို ဖျက်ဆီးသည်။ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို တစ်ပတ်လျှင် တစ်ကြိမ် အသုံးပြုပေးပါ။ကိုင်းဖျားခြောက်ရောဂါ၊ သီးတောင့် မှည့်ပြောက်စွန်း ရောဂါကျရောက်ခြင်းမှ ကာကွယ်ရန် မှိုသတ်ဆေးများဖြင့် အသုံးပြုပက်ဖျန်းပေးနိုင်ပါသည်။

    ရေသွင်းပုံ

    ငရုတ်ပင်များ မလှန်မချင်းလိုအပ်ပါက ၁နေ့ ရေသ ၃ကြိမ်လောင်းပေးရမည်။ အပင်လှန်ပါက ၁ နေ့ ၂ကြိမ်လောင်းပေးလျှင် လုံလောက်ပါသည်။ ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျရောစပ် ကြဲပက်ပြီးပါက အပင်ခြေရေမဝပ်စေရန် စိုစွတ်ရုံမျှရေသွင်းပေးရမည်။ ထိုကဲ့သို့ ၁လလျှင် ၁ကြိမ်နှုန်းဖြင့် အသီးရင့်မှည့်လာသည် အထိ ၃ကြိမ်ခန့် ပြုလုပ်ပေးရမည်။ပန်းစပွင့်လျှင် ရေသွင်းခြင်းကို ဆောင်ရွက်ရမည်။မိုးငရုတ်စိုက်ပျိုးရာတွင် ရေသွင်း၊ မိုးမိမဖြစ်စေရန် မိုးလေဝသရာသီဥတုကို လေ့လာ၍ ချိန်ချိန်ဆဆ ရေပေးသွင်းရမည်။

    ငရုတ်ပင်ခူးဆွတ်ပုံ

    ငရုတ်ပင်များသီးရာတွင် အောက်ဆုံးခွသီး၊အလယ်သီးနှင့် အဖျားသီးဟူ၍ ၃မျိုးရှိသည်။ဆွတ်ခူးရာတွင်လည်း အောက်သီး၊ အလယ်သီးနှင့် အဖျားသီး ဟူ၍ ၃ကြီမ်ခူးဆွတ်နိုင်သည်။ ရွှေ့ပြောင်းစိုက်ပြီး (၄၅-၆၀) ရက်သားတွင် ပန်းစတင်ပွင့်ပါသည်။ အစိမ်းအဖြစ် ခူးမည် ဆိုပါက အရွယ်ရောက်ပြီး အစိမ်းရင့်ချိန်တွင် ခူးရမည်။အသီးခူးရာတွင် အပွင့်များ မကြွေစေရန်၊ ကိုင်းနု၊ကိုင်းရင့်များ မကျိုးပဲ့စေရန် ဂရုစိုက်ခူးရမည်။ ၃ရက်ခြား၊ ၅ရက်ခြား၊၇ရက်ခြား မှန်မှန်ခူးပေးပါက ကျန်အသီးငယ်များကြီးထွားမှုကောင်းပြီး အထွက်တိုးလာနိုင်သည်။အသီးခူးပြီးတိုင်း ပုလဲနှင့် ပိုတက်ရှ် ဆတူရော၍ အပင်၂တန်းကြား သို့မဟုတ် အပင်ရင်းမှ ခွာ၍ အပင်ပတ်လည်ကျွေးပြီး မိုးရေမရပါက ရေသွင်းရေလောင်းပြုလုပ်ပေးခြင်းဖြင့် အထွက်တိုးနိုင်ပါသည်။ အပင်၂ပင်ကြားတွင် မြေသြဇာ ၂၀ဝ ဂရမ် ၂ဇွန်းမှ ၄၀ဝဂရမ် ၄ဇွန်းအထိကျွေးသင့်ပါသည်။ မျိုးကို လိုက်၍ ၁၀ကြိမ်မှ အကြိမ် ၂၀ခန့်အထိ ခူးဆွတ်နိုင်ပါသည်။

    ငရုတ် အခြောက်ပြုလုပ်လိုပါက ရင့်မှည့်၍ အနီရောင်သန်းနေသော ငရုတ်သီးများကို အရည်အသွေး ပျက်စီး လေလွင့်မှု မရှိစေရန် ခူးဆွတ်ရမည်။ထို့နောက် နေလှန်းခြင်း သို့မဟုတ် ရေနွေးဖျောခြင်းဖြင့် ငရုတ်ခြောက်ပြုလုပ်နိုင်သည်။ရေနွေးဖျောရာတွင် အပူချိန် ၅၀ဒီဂရီ စင်တီဂရိတ် ရှိသောအခါ ငရုတ်သီးများကို ထည့်၍မွှေပေးပါ။ ၁၀မိနစ် ၁၅မိနစ် ခန့် အကြာတွင် ဆယ်ယူ၍နေလှန်းရမည်။ရေနွေးဖျောခြင်းဖြင့် အသီးပုပ်ခြင်း၊ ဖလံဖြူဖြစ်ခြင်း စသည့် မှိုရောဂါများကို ကာကွယ်နိုင်သည်။

    -----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes16comments0
views3498