cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

"ခရမ်းချဉ် စိုက်ပျိုးနည်း"

. Cultivation Methods
"ခရမ်းချဉ် စိုက်ပျိုးနည်း"
  • article
  • မြန်မာအမည် - ခရမ်းချဉ်

    အင်္ဂလိပ်အမည် - TOMATO

    ရုက္ခဗေဒအမည် - Lycopersicun esculentum

    မျိုးရင်းအမည် - SOLANACEAE

    ၁။ မူရင်းဒေသ

    တောင်အမေရိကတိုက်၊ပီရူးနိုင်ငံ။

    ၂။ အမျိုးအစား

    ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံး Table type , Cherry type နှင့် Processing type ဟူ၍ ခွဲခြားစိုက်ပျိုးလေ့ရှိကြပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု မြင့်မားပြီး အသီးအရွယ်အစား သေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများပြားခြင်း ရာသီဥတုဒဏ်(အပူချိန်မြင့်မားမှု)ကို ပိုမိုခံနိုင်ရည်ရှိခြင်း ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း တို့ကြောင့် မျိုးစပ်လုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။

    မီးဖိုချောင်သုံးနှင့် Table type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစား အသင့်အတင့်မှ ကြီးမားပြီး အစေ့ပါဝင်မှုနည်းပါးသည်။ အနည်းငယ်အေးသော ဒေသများတွင်ပို၍ စိုက်ပျိူးဖြစ်ထွန်းမှု အားကောင်းပါသည်။

    Cherry tomato ခရမ်းချဉ်သီးတွင် အချိုဓာတ်ပါဝင်မှုမြင့်မားပါသည်။ စက်ရုံသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှိသည့်အတွက် စက်ဖြင့်အလွယ်တကူ ရိတ်သိမ်းနိုင်ပါသည်။

    ၃။ အပင်ပုံသဏ္ဍာန်

    (က) တိုင်ထောင်မျိုး ( Indeterminate )

    အပင်ကြီးထွားပုံမှာ အဖျားတွင်အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ်(၂)ဆစ်မှ အထက်ရှိသည်။ ပြုစုစောင့်ရှောက်မှု ကောင်းပါက တစ်နှစ်ခံပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများမှန်မှန် ဆောင်ရွက်ရန် လိုအပ်ပါသည်။

    (ခ) တိုင်လွတ်မျိုး (Determinate )

    အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတန်းအဆုံးသတ်လေ့ ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ်(၃)ဆစ်သာရှိသည်။ စက်ရုံသုံး ခရမ်းချဉ်သီးအားလုံး ဤအုပ်စုအောက်တွင် ပါဝင်ပြီး မိုးလွတ်ကင်းသော ဆောင်းနှင့်နွေဥတုတွင်စိုက်ပျိုးသည်။

    ၄။ စိုက်ပျိုးသည့်ဒေသ

    အပူပိုင်းဒေသနှင့်သမနွေးပိုင်းဒေသ တို့တွင်ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ သမနွေးပိုင်းရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။

    ၅။ မြေနှင့်ရာသီဥတု

    နွေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။ နံနက်ပိုင်းအပူချိန်(၁၅)ဒီဂရီစင်တီဂရိတ်တွင် ပန်းပွင့်မှုအကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ပူပြင်းပြီး အပူချိန်(၁၃)ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်၎င်း၊ (၃၂)ဒီဂရီစင်တီဂရိတ်ထက်မြင့်လျှင်၎င်း၊ ခရမ်ချဉ်အပွင့်များ မျိုးမအောင်အသီးမတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း အေးလွန်းခြင်းစသည့် လွန်ကဲသောရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျမ်းမျှအပူချိန် (၁၅-၁၈) ဒီဂရီစင်တီဂရိတ် ရရှိလျှင်အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပါသည်။

    ခရမ်းချဉ်ကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ နုံးမြေနှင့်နုံးစနယ်မြေ ဖြစ်ပါသည်။ ရေဝပ်သောမြေကို လုံးဝရှောင်ကျဉ်ရမည်။ မြေအချဉ်အငံဓာတ်(၅.၅ - ၇.ဝ)တွင် အကောင်းဆုံးဖြစ်သည်။ မြေအချဉ်အငံဓာတ် (၅.၅)ထက်နိမ့်ကျပါက ထုံးထည့်၍စိုက်ပျိုးရန် လိုအပ်ပါသည်။

    ၆။ အသီးပုံသဏ္ဍာန်

    Deep globe,Globe,Oblate,Rectangular and Plum ဟူ၍ ခွဲခြားနိုင်သည်။ အသီးညှာတွင် အစိမ်းရစ်ပါသော Green Shoulder နှင့်မပါသောမျိုးဟူ၍ ပေါ်လွင်စွာခွဲခြားလေ့ရှိသည်။ အသီးထိပ်တွင် Pointed,Semi-pointed,Smooth and Sink ဟူ၍ (၄)မျိုးခွဲခြားထားပါသည်။ အသီးအရောင်အနေဖြင့် အနီ၊ ပန်းရောင် နှင့် အဝါဟူ၍ အုပ်စု(၃)ခုခွဲခြားထားပါသည်။

    ၇။ ပျိုးထောင်ခြင်း

    စနစ်တကျပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့်တစ်တန်း(၂)လက်မခြား စိုက်တန်းများ ဖြောင့်တန်းစွာ ဆွဲ၍ တစ်စေ့နှင့်တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးရန်လိုသည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊သက်ကယ်(သို့)စပါးခွံဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရန် လိုသည်။ ခရမ်းချဉ်ပျိုးဘောင်တွင် ရောစပ်ရမည့် မြေအချိုးနှုန်းမှာ လယ်မြေနှစ်ဆ မြေဆွေးတစ်ဆနှုန်းဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင်သာ ဆောင်ရွက်၍ ပိုးမွှားရောဂါအခြေအနေကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးပေးရန် လိုသည်။

    ရာသီလွန်အခါမဲ့ Off-season စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်မျိုးစေ့များကို (၂.၅ × ၁.၅ )အရွယ်ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီးမြေဆွေးများထည့်၍ အထက်ဖေါ်ပြပါ အကွာအဝေးအတိုင်း အတန်းလိုက် တစ်စေ့ချင်း စီချကာ ပျိုးထောင်ရန်လိုအပ်ပါသည်။

    အပင်ပေါက်ပြီး (၁၀-၁၅)ရက်သား၊ ရွက်မှန် True leaf (၂)ရွက်ထွက်ချိန်တွင် (၄)လက်မထိပ်ဝအချင်းရှိသော ပလပ်စတစ်အိတ်(သို့)ပျိုးခွက်များတွင် ရွှေ့ပြောင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါပျိုးခွက်အတွင်း (၂၀-၂၅)ရက် ထားရှိကာ ထာဝရစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

    ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးဘောင်ပေါ်တွင်(၄×၂)ပေ အကွာအဝေးထား၍ ပျိုးထောင်ပြီး ပျိုးသက်(၃၀-၃၅) ရက်သားတွင် အစိုဓာတ်လုံလောက်သော စိုက်ခင်းအတွင်းသို့ မွန်းလွဲပိုင်း ညနေခင်းများတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

    ၈။ မျိုးစေ့နှုန်း

    တစ်ဧကမျိုးစေ့(၁၀၀)ဂရမ်နှုန်း၊ အပင်(၈၀၀၀-၁၀၀၀၀)အထိ ဝင်ဆန့်အောင် စိုက်ပျိုးရမည်။

    ၉။ မြေသြဇာနှုန်းထား

    နွားချေး၊မြေဆွေး - ၈-၁၀ စီး

    ယူရီးယား(၅၀)ကီလို - ၂ အိတ်

    တီစူပါ (၅၀)ကီလို - ၂ အိတ်

    ပိုတက် (၅၀)ကီလို - ၃ အိတ်

    နွားချေး၊တီစူပါနှင့်ပိုတက် တစ်ဝက်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေသြဇာများကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင်အသီးတင်ချိန်၊ ပထမအကြိမ်အသီးခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ်အသီးခူးဆွတ်ချိန် တို့တွင်ထပ်မံထည့်သွင်းရန် လိုအပ်ပါသည်။

    သို့မဟုတ်.......

    နွားချေး၊မြေဆွေး(၁၀)စီး၊ ဇီလီယန်မြေသြဇာ(NPK=16:16:16) ၂ အိတ်

    နှင့် မော်နီတာမြေပြုပြင် သဘာဝကျောက်မှုန့် ကိုမြေခံထည့်သွင်း၍ ပန်းစပွင့်ချိန်နှင့် အသီးတစ်ကြိမ်ခူးပြီးတိုင်း ဇီလီယန်မြေသြဇာထပ်မံ ထည့်သွင်းပေးရပါမည်။

    ၁၀။ မြေပြုပြင်နည်း

    မြေအခြေအနေပေါ်မူတည်၍ ထယ်(၂ - ၄ )စပ်ထိုးပြီးထွန်ရေးညက်သည်အထိ(၁၆)သွားထွန်ဝင်ပေးရန် လိုအပ်ပါသည်။ ခရမ်းချဉ်အမြစ်သည် တည့်မတ်စွာ မြေအနက်(၃)ပေခန့်အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေးနက်ရန် လိုအပ်သည်။ မိုးများဒေသတွင် ရေမဝပ်စေရန် ရေနှုတ်မြောင်း လုပ်ပေးရသည်။ ထွန်ရေးညက်လျှင် ကြမ်းတုံးရိုက်၍ တစ်တန်းနှင့်တစ်တန်း (၃)ပေ၊ တစ်ပင်နှင့်တစ်ပင်(၂)ပေခြား စိုက်ပျိုးရပါမည်။

    ၁၁။ စိုက်ပျိုးနည်း

    ပျိုးသက်(၃၀-၃၅)ရက်သား(သို့)ပျိုးပင်ရွက်မှန်အဆင့်(၆-၈)ရွက်တွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးရသည်။ မွန်းလွဲပိုင်း နေပူရှိန်စတင်ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှပျိုးပင်ကလေးများကို လက်ထိုးတူရွင်းဖြင့် အမြစ်မထိခိုက်စေရန် တူးယူပြီး အမြစ်ကိုပြောင်စင်အောင် ရေဆေးရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန်လိုပါသည်။

    ၁၂။ အပင်ပြုစုနည်း

    ရွှေ့ပြောင်းစိုက်ပျိုးပြီး (၁၅)ရက်ခန့်အကြာ အပင်လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်မြှောက်ပေး၍ မြေသြဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုးသောမျိုးပေါ်မူတည်၍ တိုင်ထောင်မျိုးဆိုပါက လိုအပ်သောအတက်ဖဲ့ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုလုပ်ရမည်။

    ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာသော ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ပြူထွက်လာသော ဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဘက်ရှိ ဘေးတက်အားလုံးကို ဖဲ့ချွေပစ်ရန်လိုအပ်ပါသည်။

    စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီးဈေးကွက် အခြေအနေအရ၎င်း၊ မျိုးစေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှု အရ၎င်း၊အပင်ပုံသွင်းပြုစုနည်းကို(၃)မျိုးခွဲခြားဆောင်ရွက်နိုင်သည်။

    (က) ပင်စည်(၃)ကိုင်း ထားရှိခြင်း

    တစ်ပင်နှင့်တစ်ပင်(၂)ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး (၁၅)ရက်သားတွင် မူလပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှကပ်လျက် ဘေးတက်အား ဒုတိယပင်စည်(သီးကိုင်း)အဖြစ်မွေးမြူရမည်။ ၎င်းအောက်ရှိဘေးတက်အားလုံး ဖဲ့ချွေပစ်ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာသော ဒုတိယပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသော ဘေးတက်နှင့် ဒုတိယပင်စည်(သီးကိုင်း)မှ ထွက်လာသော ပထမပန်းခိုင်အောက်မှ ကပ်လျက်တည်ရှိသည့် အရွက်ကြားမှထွက်လာသော ဘေးတက်(၂)ခုအား သန်စွမ်းကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမိုသန်စွမ်းသည့်ဘေးတက်ကို တတိယပင်စည်(သီးကိုင်း) အဖြစ်ဆက်လက်မွေးမြူ ချန်လှပ်ထားရှိရပါမည်။

    ပင်စည်(၃)ကိုင်းပေါ်တွင် ထွက်ရှိလာသော ဘေးတက်မှန်သမျှ အားလုံးချွေပစ်ခြင်းကို ပုံမှန်ဆောင်ရွက်ပေးရန် လိုပါသည်။ ပင်စည်(သီးကိုင်း)တစ်ခုစီပေါ်တွင် ပန်းခိုင်(၄-၅)ခိုင်စီထွက်ရှိပြီးပါက အဆိုပါသီးကိုင်း(၃)ကိုင်းစလုံးအား ခေါင်ညွန့်နှိမ်ပေးရမည်။

    (ခ) ပင်စည်(၂)ကိုင်းထားရှိခြင်း

    အထက်ဖေါ်ပြပါ ပင်စည်(၃)ကိုင်းထားရှိသည့် အပင်ပုံသွင်းပြုစုနည်းစနစ်အတိုင်း ဆောင်ရွက်၍ ဒုတိယပင်စည်(သီးကိုင်း) ရရှိပြီးချိန်တွင် ပင်စည်(၂)ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာသမျှသော ဘေးတက်များအားလုံး ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်းဖြတ်ပုံသွင်းနည်းစနစ်သည် သီးနှံဈေးနှုန်းအေးချိန် ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲစိုက်ပျိုးနည်း စနစ်ဖြစ်ပါသည်။

    (ဂ) ပင်စည်ထီးထီးထားရှိခြင်း

    ခရမ်းချဉ်ပျိုးပင်အား စိုက်ကွက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးပြီး အပင်လှန်ချိန်တွင်စတင်၍ မူလပင်စည်(Main stem)မှ ထွက်ပြူလာသော ဘေးတက်များအားလုံး ဖဲ့ချွေပစ်၍ ပင်စည်သီးကိုင်း တစ်ခုတည်းထားရှိ စိုက်ပျိုးသောစနစ် ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်ချဉ်ပင်တန်း အကွာအဝေးကို (၂-၃)ပေထိ စိုက်ပျိုးသည့်အတွက် တစ်ဧကတွင် Main stem မှထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်အရွယ်အစား ကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း၊ စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

    ၁၃။ ရေသွင်းနည်း

    စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်းစနစ်၊ ရေဖြန်းစနစ်(Sprinkler)၊ အစက်ချစနစ်(Drip irrigation)တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။

    မြောင်းဖြင့် ရေပေးသွင်း စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်ပင်မျညး ရွှေ့ပြောင်းစိုက်ပျိုးခြင်းမပြုမီ ရေသွင်းမြောင်းမနှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင်ပြုပြင်ထားရပါမည်။

    မိုးရာသီစိုက်ပျိုးပါက ဘောင်ဖေါ်စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများ ကောင်းစွာပြုလုပ်ထားပြီး အခြေအနေပေးပါက ပလပ်စတစ်စဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။

    ၁၄။ ပိုးမွှား ရောဂါကာကွယ်ခြင်း

    ခရမ်းချဉ်ပျိုးပင်တွင် အပင်ပေါက်ပြီး(၁၅)ရက်သားတစ်ကြိမ်၊ မရွှေ့ပြောင်းမီ(၂)ရက်ခန့်အလိုတွင်တစ်ကြိမ်၊ ပင်လုံးပြန့်သတ္တိ (System action) ရှိသည့် အေမီဒါ(Imidacloprid) နှင့် ကေလာ(Thiamethoxam) ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများဖြစ်သည့် ဘင်ဇိုကာ(Carbendazim)-သို့မဟုတ်-ဇိုလာ(Difenoconazole)ဆေးများကို ပိုးသတ်ဆေးနှင့်အတူ ရောစပ်ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ(Damping Off)ကျရောက်တတ်သဖြင့် ဘာလီဆိုဒ်(Validamycin)ဆေးဖြင့်လည်း ပက်ဖျန်းကာကွယ်နိုင်ပါသည်။

    စိုက်ခင်းတွင် အဓိကကျရောက်သောပိုးများမှာ လှေးပိုး(Thrip)၊ ယင်ဖြူ(White fly)နှင့်သီးလုံးဖေါက်ပိုး(American bollworm)များ ကျရောက်တတ်ပါသည်။ အီမာလန်ဒါ၊ ကေလာ၊ ဆိုင်လာ၊ စသည့်အစွမ်းထက်ပိုးသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ အဓိက ကျရောက်တတ်သည့်ရောဂါမှာ လောင်မဲရောဂါ(Late Blight)နှင့်(Early Blight) တို့ဖြစ်ပြီး ဒိုင်ကိုဇက်(Mencozeb)၊ ဆိုင်မောက်(Cymoxanil)၊ စူပါမော့(Dimethomorph)၊ ဇိုလာ(Difenoconazole)၊ ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

    ၁၅။ ခူးဆွတ်ရိတ်သိမ်းခြင်း

    ခရမ်းချဉ်သီးအကွက် အသီးတင်ချိန်မှ ရင့်မှည့်ချိန်အထိ သင့်တော်မည့်အဆင့်တွင် ခူးဆွတ်ရန်လိုအပ်ပါသည်။ ခရမ်းချဉ်သီး အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး လမ်းခရီးတွင် ပျက်းစီးဆုံးရှုံးမှု သက်သာမည်ဖြစ်ပါသည်။ ဒေသဝန်းကျင်ဈေးတွင်သာ ပို့ဆောင်ရောင်းချမည် ဆိုပါက ဝမ်းပြင်းအဆင့် အဝါရောင်ပြောင်းစ အသီးများကို ခူးဆွတ်ရောင်းချနိုင်ပါသည်။ မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန်လိုအပ်ပါသည်။ စနစ်တကျစိုက်ပျိုးပါက ကုန်းမြေတွင်အထွက်နှုန်း (၅၀၀၀-၈၀၀၀)ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေးဒေသတွင် တစ်ဧကလျှင် ပိဿာချိန်(၁၀၀၀၀)ထွက်ရှိနိုင်သည်။

    #Credit.


likes
10
comments
0
views
5000