cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးအမိုင်နိုအက်ဆစ် (သို့) အပင်များအတွက် အဏ္ဏဝါ၏လက်ဆောင်

. Home Garden
သဘာဝရွက်ဖျန်းအားဆေးများအနက် သဘောအကျဆုံးမှာ ငါးအမိုင်နိုအက်ဆစ်ဖြစ်သည်။ တောင်သူများထံ နည်းပညာပေးရန်ရောက်ရှိတိုင်း ငါးအမိုင်နိုအက်ဆစ်ရွက်ဖျန်းအားဆေး (Fish Amino Acid, ငါးအမိုင်နိုအက်စစ်(FAA)) ၏ အကျိုးရှိပုံများအား ပြန်ကြားရသလို၊ VFRDC တွင် ဆောင်ရွက်ခဲ့သည် သုတေသနများနှင့် မိမိကြီးကြပ်ခဲ့သည် မဟာသိပ္ပံနှင့် Postdoc ကျောင်းသားများ၏ သုတေသနရလဒ်များအရ ငါးအမိုင်နိုအက်စစ်(FAA) ၏ အပင်ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှုများစွာရှိကြောင်း တွေ့ရှိရပါသည်။ အော်ဂဲနစ်သမားများ တွင်ကျယ်စွာအသုံးပြုနေကြသည့် ရွက်ဖျန်းအားဆေးတစ်ခုလည်းဖြစ်သည်။


  • သဘာဝရွက်ဖျန်းအားဆေးများအနက် သဘောအကျဆုံးမှာ ငါးအမိုင်နိုအက်ဆစ်ဖြစ်သည်။ တောင်သူများထံ နည်းပညာပေးရန်ရောက်ရှိတိုင်း ငါးအမိုင်နိုအက်ဆစ်ရွက်ဖျန်းအားဆေး (Fish Amino Acid, ငါးအမိုင်နိုအက်စစ်(FAA)) ၏ အကျိုးရှိပုံများအား ပြန်ကြားရသလို၊ VFRDC တွင် ဆောင်ရွက်ခဲ့သည် သုတေသနများနှင့် မိမိကြီးကြပ်ခဲ့သည် မဟာသိပ္ပံနှင့် Postdoc ကျောင်းသားများ၏ သုတေသနရလဒ်များအရ ငါးအမိုင်နိုအက်စစ်(FAA) ၏ အပင်ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှုများစွာရှိကြောင်း တွေ့ရှိရပါသည်။ အော်ဂဲနစ်သမားများ တွင်ကျယ်စွာအသုံးပြုနေကြသည့် ရွက်ဖျန်းအားဆေးတစ်ခုလည်းဖြစ်သည်။

    သတ္တဝါများကဲ့သို့ အပင်များသည်လည်း အမိုင်နိုအက်ဆစ်ကိုလိုအပ်သည်။ ပရိုတင်းများတည်ဆောက်ရန် အခြေခံဖြစ်သော်လည်း၊ အပင်များ၏ အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုသည် နည်းပါးလေ့ရှိပြီး၊ အလုံအလောက်မရရှိလျှင် အပင်ကြီးထွားမှု၊ ပန်းပွင့်မှုနှင့် အထွက်နှုန်းကို ထိခိုက်နိုင်သည်။ ဥပမာ အမိုင်နိုအက်ဆစ်နှင့် ဆက်စပ်နေသည့် Indole နှင့် Pyrrol compounds များအား အပင်များ၏လိုအပ်ချက်မှာ အနည်းငယ်သာဖြစ်သော်လည်း လုံးဝမရရှိလျှင် သီးနှံဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကျဆင်းတတ်၏။

    အပင်များအတွက်အဓိကလိုအပ်သည့် နိုက်ထရိုဂျင်ကဲ့သို့ အာဟာရများသာမက၊ ဖော့စဖရက်နှင့် ပိုတက်စီယမ်များ၊ ကြီးထွားမှုလှုံ့ဆော်သည့်ဓာတ်များပါ ငါးအမိုင်နိုအက်ဆစ်တွင်ပါဝင်သည်။ ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်သည့်ငါးအမျိုးအစားအလိုက်အာဟာရဓာတ်များပါဝင်မှုကွာခြားနိုင်သော်လည်း protein, vitamins, amino acids, docosahexaenoic acid (DHA) နှင့် eicosapentaenoic acid (EPA) ကဲ့သို့သော essential fatty acids များ ပါဝင်လေ့ရှိသည်။ အမိုင်နိုအက်ဆစ်များသည် phytohormone များနှင့် အပင်ကြီးထွားစေသည့်ပစ္စည်းများ၏ ရှေ့ပြေးများဖြစ်သည်။ ဥပမာဆိုရလျှင် Tryptophan သည် Auxin ဖြစ်ပေါ်ရန် ရှေ့ပြေးဖြစ်သကဲ့သို့ Methionine သည် ethylene ၏ ရှေ့ပြေးဖြစ်သည်။ ထို့ပြင် အပင်များအား အမိုင်နိုအက်ဆစ်များပက်ဖျန်းပေးခြင်းဖြင့် auxins, gibberellins နှင့် cytokinins များ၊ အပင်ကြီးထွားလာချိန်တွင် ABA နှင့် ethylene ကဲ့သို့သော ဟော်မုန်းနှင့် PGRs များကို တိုးလာစေသည်။

    ငါးအမိုင်နိုအက်စစ် (FAA) အား အရွက်မျက်နှာပြင်မှ စုပ်ယူနိုင်သဖြင့် ရွက်ဖျန်းအားဆေးအဖြစ်လည်းကောင်း၊ မြေဆီသြဇာတိုးတတ်စေ၍ အဏုဇီဝများပွားများလာစေရန်အတွက် မြေဆီလွှာအတွင်း ထည့်သွင်းပေးခြင်းဖြင့်လည်းကောင်း အသုံးပြုကြပါသည်။


    ငါးအမိုင်နိုအက်စစ် (FAA) ပြုလုပ်နည်း

    ၁။ ယေဘူယျအားဖြင့် ငါးနှင့် တင်လဲရည်/ထန်းလျက်/သကြား/သကြားညို ဆတူထည့်လေ့ရှိသည်။

    ၂။ ငါးအကောင်ကြီးပါက ခုတ်ထစ်ပါ၊ ငါးသေးငါးနုတ်များ၊ ငါးခေါင်း/အူ/ကလီစာများကိုပါ အသုံးပြုနိုင်သည်။

    ၃။ မြေအိုး၊ ကော်ပုံး သို့မဟုတ် ထည့်စရာတစ်ခုခုအတွင်းသို့ ငါးနှင့် ထန်းလျက်/သကြားများကို တစ်ထပ်စီထည့်ပါ။

    ၄။ အပေါ်ဆုံးအထပ်သည် ထန်းလျက်/သကြားဖြစ်နေပါစေ။

    ၅။ တင်လဲရည်/ထန်းလျက်အရည်အသုံးပြုမည်ဆိုပါက သမအောင်ရောမွှေပေးပါ။

    ၆။ အကျိုးပြု EM သို့မဟုတ် ကိုယ်တိုင်ပြုလုပ်သည့် ဒေသခံ IMO ကို ထည့်သွင်းပေးခြင်းဖြင့် ငါးများပြိုကွဲမှုကို မြန်ဆန်စေမည်။ (ပျစ်နေလျှင် ရေကျက်အေးထပ်ထည့်ပေးပါ)

    ၇။ သတိပြုရမည့်အချက်မှာ အဆိုပါထည့်သွင်းပစ္စည်းများကို အိုး/ခွက်၏ ၃ ပုံ ၂ ပုံခန့်အထိသာ ထည့်၍ ၁/၃ ပုံကို အလွတ်ချန်ပေးခြင်းဖြင့် ဓာတ်ပြုခြင်းကိုမထိခိုက်စေဘဲ၊ လျှံကျခြင်းမှ ကာကွယ်နိုင်သည်။

    ၈။ အဖုံးသေချာဖုံး၍ အေးမြပြီးခြောက်သွေ့ပြီး၊ ပုရွက်ဆိတ်မလာနိုင်သောနေရာ၌ ထားရှိပါ။

    ၉။ ရက်အနည်းငယ်အတွင်း တင်လဲရည်/ထန်းလျက်/သကြားနှင့် ငါးတို့အကြား (ပျစ်ရာမှကျဲရာသို့ စီးဆင်းခြင်းဖြစ်စဉ်ကြောင့်) ငါးများအရည်အပျော်လာမည်။ အနံ့ဆိုးပျောက်၍ ချိုအီသည့်အနံ့တစ်ခုထွက်လာမည်။

    ၁၀။ ငါးအမျိုးအစားနှင့် အသုံးပြုသည့်အစိတ်အပိုင်းအလိုက် (၄၅) ရက်မှ (၉၀)ရက်အတွင်း ငါးအမိုင်နိုအက်စစ်(FAA) ကိုရရှိမည်။ ပုပ်နံ့မရှိ၊ စေးကပ်၍ အရောင်ရင့်မှသာ ကောင်းမွန်သည် ငါးအမိုင်နိုအက်စစ်(FAA) ဖြစ်သည်။

    ၁၁။ အပင်အရွယ်ကိုလိုက်၍ ရေနှင့် ၁း၁၀၀၀ မှစ၍ အချိုးအစားအမျိုးမျိုးပြောင်းလဲသုံးနိုင်သည်။

    အထက်ပါအချက်များမှာ ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်နည်းဖြစ်၍ ပညာရှင်နှင့် တောင်သူများသိရှိကြပြီးဖြစ်သည်။

    ထပ်မံဖြည့်စွတ်လိုသည့်အချက်များရှိပါသည်။

    ငါးအစိတ်အပိုင်း

    မည်သည့်ငါးဖြင့်ပြုလုပ်သင့်ပါသလဲ?

    VFRDC တွင် ဆောင်ရွက်ခဲ့သည် သုတေသနများအရ ငါးအမိုင်နိုအက်စစ်(FAA) ကို ငါးသေးငါးနုတ်ဖြင့်ပြုလုပ်ပါက ငါးအကြီးနှင့် ငါးခေါင်း/အူ/ကလီစာစသည်တို့ဖြင့်ပြုလုပ်သည်ထက် အာဟာရဓာတ်များပိုမိုပါဝင်၍ အထူးသဖြင့် Phosphorous, Iron, Calcium များ ပါဝင်မှုမြင့်မားသည်ကို တွေ့ရှိရသည်။ အကျိုးအာနိသင်အနေဖြင့် အပင်ဖွံ့ဖြိုးမှုနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည်ကိုတွေ့ရှိရပါသည် (ဖရုံ၊ ပြောင်းချို)။

    တင်လဲရည်/ထန်းလျက်/သကြား/သကြားညို

    ငါးနှင့်ရောရန် မည်သည့်ပစ္စည်းကိုအသုံးပြုရမလဲဟု မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ အားလုံးကို အသုံးပြုနိုင်ပါသည်။

    -ဖွေးဆွတ်နေသောသကြားဖြူတွင် သတ္တုဓာတ်နှင့်ဗီတာမင်များမပါဘဲ သကြားဓာတ်သာအဓိကပါမည်။

    -သကြားညိုတွင်တင်လဲရည်အနည်းငယ်ပါဝင်နေပြီး သကြားဓာတ်နှင့်အတူ အခြားအာဟာရများပါဝင်သည်။ ထို့ပြင်သကြားညိုသည် သကြားဖြူထက် calcium, iron နှင့် potassium များ ပိုမိုပါဝင်သည်။

    -တင်လဲရည် စားပွဲတင်ဇွန်း (၁)ဇွန်းတွင် (Manganese: 13%, Magnesium: 12%, Copper: 11%, Vitamin B-6: 8%, Selenium: 6%, Potassium: 6%, Iron: 5%, Calcium: 3%) ပါဝင်ခြင်းကြောင့် တင်လဲရည်ဖြင့် ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်ပါက သကြားဓာတ်အပြင် အခြားအာဟာရများပါ ငါးအမိုင်နိုအက်စစ်(FAA) တွင် ပါဝင်သွားနိုင်သည်။

    -ထန်းလျက်တွင် တင်လဲရည်ကဲ့သို့အာဟာရများပါဝင်၍ သတ္တုဓာတ်ပိုများသည်။ ထန်းလျက်သည် ငါးအမိုင်နိုအက်စစ် (FAA) တွင် Sulphur ကဲ့သို့ အနံ့ဆိုးထွက်စေသည့် ဘက်တီးရီးယားများပွားများမှုကိုတားဆီး၍၊ အမိုင်နိုအက်ဆစ်များအဖြစ် အမြန်ပြိုကြွစေနိုင်သည့် Saccharomycetes ကဲ့သို့သော micro-fungi များအား အားပေးသည်။

    -သကြားဖြူနှင့်သကြားညိုတွင် အချိုဓာတ်ပိုမိုမြင့်မားသောကြောင့် ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်ရာတွင် ငါးများဆွေးမြည့်မှု ပိုမိုမြန်ဆန်သည်။ သတိထားရမည့်အချက်မှာ အထက်အောက် ပုံမှန်မွှေပေးရမည်။

    -တင်လဲရည်/ထန်းလျက်တွင်ပါဝင်သည့်သကြား၏ ပျော်ဝင်မှုနှေးကွေးမှုကြောင့် ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်ရာတွင် အနည်းငယ်နှေးသော်လည်း အခြားအာဟာရဓာတ်များ ပိုမိုပါဝင်သည်ကို တွေ့ရှိရပါသည်။

    EM သို့မဟုတ် IMO ထည့်သွင်းခြင်း

    -ငါးအမိုင်နိုအက်စစ် (FAA) ပြုလုပ်ရာတွင် EM သို့မဟုတ် IMO ထည့်သွင်းရခြင်းမှာ အကျိုးပြုအဏုဇီဝများပိုမိုပါဝင်စေရန်၊ ငါးများဆွေးမြည့်မှုမြန်ဆန်စေရန်နှင့် ပုပ်မသွားစေရန်ဖြစ်သည်။

    -EM မရရှိနိုင်ပါက မထည့်ဘဲ ပြုလုပ်နိုင်သည်။ ငါးအမိုင်နိုအက်စစ် (FAA) ရရှိမှုအချိန်ကွာခြားမှုမရှိပါ။

    -Papain သို့မဟုတ် သင်္ဘောသီးအခွံမှရရှိသည့်အစေးများအား ထည့်သွင်းပေးပါက ငါးများဆွေးမြည့်မှုမြန်ဆန်သည်။ (ပရိုတင်းမှ အမိုင်နိုအက်ဆစ်နှင့် peptides အဖြစ် အမြန်ပြိုကွဲသွားစေနိုင်သည့် Papain ၏အာနိသင်ကြောင့် ၄င်းကို အသားများအမြန်နူးစေရန်အသုံးပြုလေ့ရှိကြသည်။)

    ငါးပိနှင့် ငါးချဥ်များအားအသုံးပြုနိုင်ပါသလား

    -ငါးပိတွင်လည်း ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မီးစုန်းဓာတ်၊ သံဓာတ်နှင့် အခြားအနည်းလိုဓာတ်များပါဝင်သော်လည်း မြေကိုငန်စေခြင်းကြောင့် အသုံးမပြုသင့်ပါ။

    -ငါးချဥ်ကြောင့် မြေချဥ်ငန်ဓာတ်ပြောင်းလဲမှုမရှိဘဲ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝများအရေအတွက်တိုးတက်လာခြင်း၊ အနည်းလိုအာဟာရဓာတ်များ ရရှိနိုင်ခြင်း၊ အချို့အပင်များ၌အမြစ်ဖုဖြစ်ပွားမှုများပြားလာခြင်း စသည့်ကောင်းကျိုးများရရှိနိုင်ပါသည်။

    အခြားသိထားသင့်သည့်အချက်များ

    (က) ငါးအမိုင်နိုအက်စစ် (FAA) ပြုလုပ်ပြီးနောက် (၃) ရက်တစ်ကြီမ် ဒုတ်သန့်သန့်ဖြင့်မွှေပေးပါက မပုပ်တော့ဘဲ ဆွေးမြည့်မှု မြန်ဆန်လာသည်ကို တွေ့ရသည်။

    (ခ) ပလပ်စတစ်ပုံး/ခွက်ဖြင့်ထည့်သွင်းပြုလုပ်သည်ထက် မြေအိုးဖြင့်ပြုလုပ်ပါက ပြင်ပအပူချိန်မြင့်မားမှုမှကာကွယ်ပြီး၊ ငါးအမိုင်နိုအက်စစ်(FAA) ရရှိမှုမြန်ဆန်သည်။

    (ဂ) အနံ့ဆိုးထွက်လာပါက သကြားရည်/တင်လဲရည်ထပ်ထည့်ပေးပါ။

    (ဃ) အပင်များငယ်စဉ်တွင်ဖျန်းပါက နှုန်းထားလျှော့ပေးပါ။

    (င) မျိုးစေ့များစိမ်ပေးပါက အပင်ပေါက်ရာခိုင်နှုန်းကောင်းမွန်၍ အမြစ်ဖြစ်ထွန်းမှုမြန်ဆန်သည်။

    ငါးအမိုင်နိုအက်စစ် (FAA): Fish Amino Acid

    EM: Effective Microorganisms

    IMO: Indigenous microorganism

    ABA: Abscisic acid

    PGRs: Plant growth regulators

    (ဒေါက်တာဝဏ္ဏထွန်း)

    -------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes18comments0
views4983