cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြေပဲ ဥများအောင် လုပ်ဆောင်နည်း

. Plant Nutrition
မြေပဲဥဆင်းကောင်းခြင်းရဲ့နောက်ကွယ်ကလျို့ဝှက်ချက်
  •  မြေပဲ အထွက်ကောင်းဖို့ နုန်းမြေနဲ့ နုန်းဆန်တဲ့ မြေစေးကို ပိုနှစ်ခြိုက်ပါတယ်။ မိုးရေချိန် မီလီမီတာ ၃ဝဝ ကနေ ၄ဝဝ ရွာသွန်းတဲ့ ဒေသဆိုရင် အထွက်ကောင်းတာ တွေ့ရတယ်ဗျ။ မြေပဲမြစ်ဟာ မြေအစိုဓာတ်နည်းရင် မြေထဲကို နက်နက်ဆင်းလေ့ရှိတယ်။ ပင်ပြန့်မြေပဲဟာ စင်တီမီတာ ၁၈၀ ဆင်းနိုင်ပြီး ပင်ထောင်မြေပဲဟာ စင်တီမီတာ ၁၇၀ဆင်းနိုင်တယ်။ ပန်းပွင့်ချိန်၊ ပင်ပိုင်းကြီးထွားချိန်၊ အစေ့တည်ချိန်တွေမှာ မြေတွင်း အစိုဓာတ်ပြတ်ရင် ပန်းပွင့်မှုနည်းပြီး အထွက်ကျသွားစေနိုင်တယ်ဗျ။ မြေပဲဟာ သာမန်အားဖြင့်ကြည့်ရင် အမြစ်က မြေပဲတောင့်ဥတယ်လို့ ထင်ရတယ်။ တကယ်တမ်းကျတော့ မြေပေါ်မှာမြေပဲကိုင်း၊ ပင်စည်အဆစ်တွေကနေ ပန်းပွင့်တယ်။ ပန်းပွင့်ပြီး ဝတ်မှုန်ကူး သန္ဓေအောင်တယ်။ နောက်ပန်းပွင့်ရဲ့ ပွင့်တံထိပ်က ပန်းပွင့်ကြွေသွားတဲ့ အဲဒီပွင့်တံ ကလေးဟာ အတံလေးသဖွယ် ဖြစ်လာတယ်။ ထိပ်ကလေးချွန်နေတယ်။ အဲဒါကို မြေပဲစွယ်လို့ခေါ်တယ်။ အဲဒီမြေပဲစွယ် ထိပ်ချွန်လေးဟာသန္ဓေအောင်ပြီး နာရီပိုင်းအတွင်းမှာပဲ အောက်စိုက်ပြီး မြေကြီးထဲကို ထိုးဝင်သွားတယ်။ မြေကြီးထဲကို ၁ ဒသမ ၅ စင်တီမီတာအထိ ထိုးဝင်သွားနိုင်တယ်။ မြေပဲစွယ်ကလေး မြေကြီးထဲကို လွယ်လွယ်တိုးဝင်နိုင်ဖို့ မြေကြီးဟာ မွနေရမယ်။ ထယ်ရေးကောင်းရမယ်။ မြေကြီးမာနေရင်၊ ထယ်ရေးမကောင်းရင် စွယ်လေးဟာ ထိုးမဝင်နိုင်ဘဲ ကန်းသွားပြီး မြေပဲတောင့်ဖြစ်မလာနိုင်တော့ဘူး။ မြေပဲစွယ်ကလေးရဲ့ ထိပ်ကနေ မြေတွင်းမှ မြေပဲတောင့်အဖြစ်တဖြည်းဖြည်းကြီးထွားလာတယ်။ မြေပဲစွယ်ထိပ်ကလေးကနေ မြေပဲတောင့်ဖြစ်လာဖို့အတွက် အမှောင်ထုလိုအပ်တယ်။ ဒါကြောင့် စွယ်လေးဟာ မြေဆီလွှာအတွင်းအနက်ထိတိုးဝင်ရခြင်း ဖြစ်တယ်။ မြေအစိုဓာတ် လုံလောက်စွာရှိနေဖို့ လိုတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်စုံနေဖို့လိုအပ်တယ်။ မြေပဲအပင်သက် ၂၅ - ၃၀ ရက်သားမှာပန်းစပွင့်ပါတယ်။ ၆ - ၁၁ ပတ်အတွင်း အများဆုံးပွင့်ပါတယ်။ မြေပဲဝတ်မှုန်များဟာ နံနက် ၃ နာရီမှ စတင်နိုးကြားပြီး နံနက် ၅ နာရီမှ ၇ နာရီအတွင်း ဝတ်မှုန်ကူး သန္ဓေအောင်ပါတယ်။ သန္ဓေအောင်ပြီး မြေပဲစွယ်ဖြစ်သွားပါတယ်။ မြေပဲပင်ဟာ ပွင့်သမျှအပွင့်အားလုံးရဲ့ ၅၀-၇၀ ရာခိုင်နှုန်းသာ စွယ်ဖြစ်လာပါတယ်။ ပင်ပြန့်မြေပဲမှာ ၆၀-၈ဝရာခိုင်နှုန်း စွယ်ဖြစ်တာတွေ့ရပါတယ်။ ဖြစ်လာတဲ့ စွယ်များအနက်မှ ၇-၁၄ ရာခိုင်နှုန်းသာ မြေပဲတောင့်ဖြစ်လာပါတယ်။ ဖြစ်လာတဲ့မြေပဲတောင့်များအနက် ၆၆ ရာခိုင်နှုန်းသာ အောင်တောင့်ဖြစ်တာ တွေ့ရပါတယ်။ ဒါကြောင့် မြေပဲဟာ အပင်ရဲ့ဇီဝကမ္မသဘာဝဖြစ်စဉ်အရ မြေပဲတောင့်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတာကို တွေ့ရပါတယ်။ ဒါကြောင့် မြေပဲအောင်တောင့်ရဖို့အတွက် လူတို့က ဖန်တီးလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မြေပဲကိုအစိုဓာတ်မိစေဖို့အတွက် ကနဦး စိုက်ပျိုးချိန်မှန်အောင် စိုက်နိုင်ဖို့ စီမံရမယ်။ မြေပဲစိုက်ဖို့ ထယ်ရေးပြင်တဲ့အခါ မြေပဲစွယ် ကောင်းကောင်း ထိုးဆင်းသွားနိုင်အောင် ထယ်ရေးကို ညက်နေအောင် ပြုပြင်ဖို့လိုပါတယ်။ မြေပဲမျိုးရွေးချယ်တဲ့အခါ ဥဆင်းအားကောင်းပြီး အောင်တောင့်များတဲ့မျိုးကို ရွေးချယ်သင့်ပါတယ်။ အပင်ပေါက်ရာခိုင်နှုန်း၈၅ ရာခိုင်နှုန်းအထက်ရှိတဲ့မျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ မြေပဲကို စိုက်ပျိုးတဲ့အခါမှာ သတ်မှတ်ထားတဲ့ ပင်ကြား၊ တန်းကြားတိကျမှန်ကန်ဖို့လိုအပ်ပါတယ်။ တစ်ဧက သတ်မှတ်အပင်အရေအတွက်အပြည့်အဝရရှိဖို့ အရေးကြီးပါတယ်။ ပင်ကြား၊ တန်းကြားမမှန်ရင်၊ အပင်စိပ်နေရင် စွယ်ချတာနည်းမယ်။ အပင်ကြဲနေရင် တစ်ဧက အပင်အရေအတွက် ပြည့်ပြည့်ဝဝမရတာနဲ့ ကြုံရမယ်။ ပေါင်းမြက်ပြောင်အောင် ရှင်းရမယ်။ ပေါင်းမြက်ထူရင် စွယ်ချတာနည်းသွားမှာ ဖြစ်ပါတယ်။မြေပဲစိုက်ပျိုးရာမှာ ဘောင်တင်ပေးတာဟာ အရေးပါပါတယ်။ မြေပဲစွယ်မဆင်းခင် တစ်ပတ်အလိုမှာ တန်းကြားမှာ ပေါင်းမြက်လိုက်ရင် ပင်ခြေကို ဘောင်တင်ပေးဖို့လိုပါတယ်။ ဒါမှ မြေမွနေပြီး စွယ်ဟာ မြေတွင်းသို့ ကောင်းကောင်းထိုးဆင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဘောင်တင်တဲ့အခါမှာ သတိပြုရမှာကတော့ နောက်ထပ်လိုက်ထွက်လာတဲ့စွယ်တွေ အောင်မြင်ဖို့အတွက်ရည်ရွယ်ပြီး ဘောင်တင်ပေးရင် ရှေ့ကထိုးဆင်းပြီးသား မြေပဲစွယ်တွေ ထိခိုက်ပျက်စီးပြီး အထွက်ကျနိုင်တဲ့အတွက် နောက်ကျပြီးဘောင်တင်တာကို ရှောင်သင့်ပါတယ်။ မြေပဲစွယ်ဟာ မြေတွင်းသို့ ထိုးဆင်းပြီး လိုအပ်တဲ့အနက်ရောက်တဲ့အခါ ထိုးဆင်းမှုရပ်ဆိုင်းသွားပါတယ်။ ဒီအချိန်ကစပြီး စွယ်ထိပ်မှာ မြေပဲတောင့် စတင်ဖြစ်တည်ဖို့အတွက် နိုးကြားလာပါတယ်။ မြေပဲတောင့် စတင်နိုးကြားပြီး အတောင့်အဆင့်ဆင့် ကြီးထွားဖွံ့ဖြိုးလာဖို့အတွက် အဓိကလိုအပ်ချက်ကတော့ အမှောင်ထုနဲ့ ကယ်လ်စီယမ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြေပဲစိုက်ဖို့ မြေပြင်တော့မယ်ဆိုရင် မစိုက်ပျိုးမီ တစ်လအလိုမှာ မဖောက်ထုံးတစ်ဧက ပေါင် ၂ဝဝ-၃ဝဝ ထည့်ပြီး ထယ်ထိုးမြေပြင်ကာ နှပ်ထားဖို့လိုပါတယ်။ ထုံးဟာ အပင်ငယ်ကို လောင်တတ်တဲ့အတွက် တစ်လကြိုတင်ထည့်ထားခြင်းကို သတိပြုဖို့ လိုပါတယ်။ စိုက်ပျိုးဖို့မြေပြင်ချိန်မှာ ဂျစ်ပဆန်ကျောက်မှုန့်တစ်ဧက ပေါင် ၂ဝဝ ထည့်ပေးဖို့လိုပါတယ်။ အဓိက သတိပြုရမှာကတော့ မြေပဲစွယ်ဆင်းချိန်မှာ မြေတွင်းအစိုဓာတ် အလုံအလောက်ရှိဖို့ ဂရုစိုက်ဖို့ဖြစ်ပါတယ်။ မြေပဲစွယ်မချခင်မှာ တန်းကြားအတွင်း ပေါင်းမြက်ရှင်း ဘောင်ထပ်ပြုလုပ်တဲ့အချိန်မှာ ဂျစ်ပဆန်ကျောက်မှုန့်ကို ဘောင်ထဲသို့ တစ်ပါတည်းပါသွားအောင် ထည့်ပေးရင် ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။  

    အောင်ဆန်း (စိုက်ပျိုးရေး)- The Farmer Journal 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
likes11comments0
views7781