cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နွားချေး စနစ်တကျ သိုလှောင်သုံးစွဲနည်း

. Home Garden
ပြောရရင် နွားချေးဟာ အာဟာရတန်ဖိုးအပြည့်ပါဝင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်ဓာတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်ဓာတ် သုည ဒသမ ၂ရာခိုင်နှုန်းနဲ့ ဆာလ်ဖာဓာတ် ၁ ဒသမ ၆ရာခိုင်နှုန်း၊ အခြားအနည်းလိုအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ ပြီးတော့မြေဆွေးဓာတ်ကလည်း ၇၅ ရာခိုင်နှုန်းအထိပါဝင်တာ တွေ့ရတယ်။
  • တောင်သူလယ်သမားကြီးများကို နွားချေးစနစ်တကျ သိုလှောင်သုံးစွဲနည်းလေးကိုဆွေးနွေးတင်ပြချင်ပါတယ်။ တောင်သူလယ်သမားကြီးများရဲ့ လယ်ယာသီးနှံတွေအထွက်တိုးဖို့သဘာဝကပေးထားတဲ့ အဖိုးတန်ရတနာတွေ အလဟဿ လေလွင့်ဆုံးရှုံးနေတာအလွန်နှမြောစရာပါပဲ။နွားချေးဆိုတာ လယ်သမားကြီးများအတွက် သီးနှံတွေ အထွက်တိုးဖို့ အနီးကပ်ဆုံး၊ အလွယ်ကူဆုံး၊ တန်ဖိုးအရှိဆုံးရနိုင်တဲ့သဘာဝမြေဆွေးပါပဲ။ ဘယ်မှာမှ သွားရှာစရာ မလိုဘူး။ ကိုယ့်အိမ်ဘေးမှာ ကိုယ်မွေးထားတဲ့ ကျေးဇူးရှင်နွားကြီးတွေက နေ့စဉ်ထုတ်ပေးနေတာပါ။ ကိုယ်က အလေးမထားဘူး၊စနစ်တကျမသိုလှောင်ဘူး၊အကျိုးရှိရှိမသုံးစွဲဘူးဆိုရင် ပေးကားပေး၏ မရ ဆိုသလို နှမြောစရာဖြစ်ပါတယ်။

    ပြောရရင် နွားချေးဟာ အာဟာရတန်ဖိုးအပြည့်ပါဝင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်ဓာတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်ဓာတ် သုည ဒသမ ၂ရာခိုင်နှုန်းနဲ့ ဆာလ်ဖာဓာတ် ၁ ဒသမ ၆ရာခိုင်နှုန်း၊ အခြားအနည်းလိုအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ ပြီးတော့မြေဆွေးဓာတ်ကလည်း ၇၅ ရာခိုင်နှုန်းအထိပါဝင်တာ တွေ့ရတယ်။ ဒီလိုတန်ဖိုးရှိတဲ့ နွားချေးကို စနစ်တကျမသိုလှောင်ဘဲ မိုးရွာအစို၊နွေပူအခြောက်ပစ်ထားရင် အချိန်တန် နွားချေးကို လယ်ထဲယာထဲ ထည့်တဲ့အခါ အာဟာရမရှိတော့တဲ့ နွားချေးအခြောက်သာဖြစ်နေတယ်။ ဘာမှအကျိုးမခံစားရတော့ပါဘူး။ လူပင်ပန်းတာပဲ အဖတ်တင်ပါမယ်။

    ထို့ကြောင့် နွားချေးကို စနစ်တကျသိုလှောင်သုံးစွဲနည်းလေး အကြံပြုပေးခဲ့ပါ့မယ်။ နွားတဲဘေး၊ နွားတင်းကုပ်ဘေး၊ တံစက်မြိတ်အောက်မှာ အရှည် ၁၀ ပေ၊ အကျယ်ခြောက်ပေ၊ အနက်ငါးပေ (နွားကောင်ရေအလိုက် အရွယ်အစားကို ပြုပြင်သုံးနိုင်) နွားချေးကျင်းတူးပါ။ တူးလို့ရတဲ့မြေကို ကျင်းထဲသို့ ရေမဝင်စေရန် ပတ်ပတ်လည် ကန်သင်းအဖြစ်ဖို့ပေးပါ။ နွားတဲ၊ နွားတင်းကုပ်နဲ့တစ်ဆက်တည်း ကျင်းကို မိုးရေလုံအောင် အမိုး (အဖီ) ဆွဲချပေးပါ။ နေ့စဉ်ရလာတဲ့ နွားချေး၊ နွားခွာစာကပ်၊ နွားချေးအမှုန့်၊ အမှိုက်သရိုက်တွေ ကျင်းထဲ ထည့်ပါ။မိမိအိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေးလွယ်တဲ့သစ်ရွက်၊အမှိုက်သရိုက်၊ မီးဖိုချောင် စားကြွင်းစားကျန်တွေကိုလည်း ထည့်ပါ။

    တစ်ပတ်ပြည့်တဲ့အခါ ကျင်းထဲမှာအိကျသွားပါမယ်။ အဲဒါကို ထွန်ခြစ်နဲ့ ဆွဲညှိပေးပါ။ ညှိပြီးရင် ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်းတစ်ပြည်ခန့် အပေါ်က ညီညာအောင် ပက်ဖြူးပေးပါ။ အီးအမ်ဖျော်ရည် (သို့) တင်လဲရည်ကို ကြိုတင်ပြီး ဖျန်းပေးပါ။ ၎င်းအပေါ်က နောက်ထပ်နေ့စဉ်ရလာတဲ့ နွားချေးနဲ့သစ်ရွက်ခြောက်၊ အမှိုက်သရိုက်တွေ ထပ်ထည့်ပါ။ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်းတစ်ပြည်ခန့်ထပ်ပက်ပေးပါ။ ဒီနည်းအတိုင်း နွားချေးကျင်းပြည့်လာတဲ့အထိဆောင်ရွက်ပါ။ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားကလေးများ ပွားများလာပြီး နွားချေး၊ အမှိုက်သရိုက်အားလုံး ဆွေးမြည့်သွားပါလိမ့်မယ်။ဒီအခါမှာ အာဟာရနဲ့ပြည့်ဝပြီး အလွန်တန်ဖိုးရှိတဲ့ နွားချေးမြေဆွေးရရှိလာပါတယ်။ ဒီနွားချေးကျင်းဟာ မိမိအိမ်နောက်ဖေးမှာ အဖိုးတန်တဲ့နွားချေးမြေဆွေး အမြဲထုတ်ပေးနေမယ့်မြေဆွေးစက်ရုံတစ်ရုံ တည်ထားသလို မိမိကို ရေရှည်အကျိုးပြုနေပါလိမ့်မယ်။

    အောင်ဆန်း (စိုက်ပျိုးရေး)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes16comments0
views5368