cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့မတ်ပဲနှင့် ပဲတီစိမ်းတို့၏ ပြည်ပဈေးကွက်

. All News
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပဲတီစိမ်းကို ဝယ်လိုအားများပြီး အိန္ဒိယနိုင်ငံမှ မြေထောက်ပဲကို ဝယ်လိုအားများသည်။
  • မြန်မာနိုင်ငံ၏ ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဆန်စပါးပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး အဓိကသီးနှံများပင်ဖြစ်ပါသည်။

    စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧကများထဲမှ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်သည်။ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲမျိုးစုံတို့လည်း စိုက်ပျိုးကြသည်။

    ပဲမျိုးစုံ ပြည်ပတင်ပို့သည့်အခြေအနေမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ (၁,၆၄၀,၇၇၇) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၂၆၁ ဒသမ ၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈,၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈ ဒသမ ၇၈၉) သန်း၊ စုစုပေါင်း (၁,၉၁၉,၁၅၆) တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၄၇၀ ဒသမ ၆၆၃) သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

    ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကာလအတွင်းပင် လယ်ရေကြောင်းမှ (၇၃၃,၃၁၄ ဒသမ ၀၉၂) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၆၀၃ ဒသမ ၄၀၇) သန်း၊ နယ်စပ်မှ (၁၃၀,၀၅၂ ဒသမ ၄၁၂) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၁၁ ဒသမ ၆၀၄) သန်း၊ စုစုပေါင်း (၈၆၃,၃၆၆ ဒသမ ၅၀၄) တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၇၁၅ ဒသမ ၀၁၁) သန်း ရရှိခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော ပဲမျိုးစုံတို့တွင် မတ်ပဲနှင့် ပဲတီစိမ်းသည် စိုက်ပျိုးမှုအများဆုံးနှင့် ပြည်ပတင်ပို့မှု အများဆုံးလည်းဖြစ်သည်။

    ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ စာရင်းအရ မတ်ပဲကို ပင်လယ်ရေကြောင်းမှ တန်ချိန် (၃၈၀,၂၉၉.၄၃၃) တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၉၅၉ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တန်ချိန် (၁၄၆၉ ဒသမ ၃၂၅) တန်တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၄၀ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများမှ သိရသည်။

    ပဲတီစိမ်းကို ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ၂၉ ရက်အထိ ပင်လယ်ရေကြောင်းမှ တန်ချိန် (၁၈၃,၁၉၈ ဒသမ ၄၉၈) တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၁၃၃ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တန်ချိန် (၅၅,၉၉၂.၉၀၆) တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၀၈၇ သန်း ရရှိခဲ့ကြောင်း သိရသည်။

    အပူဒဏ်နှင့် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ပဲတီစိမ်းနှင့် မတ်ပဲများသည် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများတွင် စုစုပေါင်းစိုက်ပျိုးမှု ဟက်တာပေါင်း ၇ ဒသမ ၃ သန်းရှိပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ဟက်တာပေါင်း ၅ ဒသမ ၃ သန်းခန့်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ထွက်ရှိသည့် သုတေသနစာတမ်းမှ သိရသည်။

    ရာခိုင်နှုန်းအားဖြင့် အိန္ဒိယနိုင်ငံတွင် ၃၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၃၀ ရာခိုင်နှုန်းဖြင့် ပဲတီစိမ်းနှင့် မတ်ပဲကို အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပြီး တရုတ်နိုင်ငံတွင် ၁၆ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၅ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးထုတ်လုပ်ကြောင်း ဖော်ပြထားသည်။

    ပဲတီစိမ်းနှင့် မတ်ပဲ တင်ပို့သည့် နိုင်ငံများ၌ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ မက်ထရစ်တန်ချိန် ထောင်ပေါင်း ၁၄၂၄ ဖြင့် အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ်ရှိခဲ့ပြီး ဒုတိယအများဆုံးမှာ သြစတြေးလျနိုင်ငံဖြစ်သည်။တတိယအများဆုံးမှာ ဥဇဘက်ကစ္စတန်နိုင်ငံဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

    မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကမ္ဘာပေါ်တွင် ပဲတီစိမ်းနှင့် မတ်ပဲ အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး နိုင်ငံပေါင်း ၇၂ နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

    ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ပဲတီစိမ်းနှင့် မတ်ပဲ တင်သွင်းမှုအများဆုံး (၁၀) နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့နှင့် ယူအေအီး (United Arab Emirates) နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

    ထိုကဲ့သို့ ပြည်ပတင်ပို့မှုများသည့် ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုများမှ ဈေးကွက်ဝယ်လိုအား နှစ်စဉ်အားကောင်းလျက်ရှိသည်။ပဲတီစိမ်း စိုက်ပျိုးမှုကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့တွင် စိုက်ပျိုးကြပြီး အထက်မြန်မာပြည်တွင် မိုးရေသောက်သီးနှံအဖြစ် မိုးဦးနှင့် မိုးလယ်များတွင် စိုက်ပျိုးကြသည်။အောက်မြန်မာပြည်တွင် ပဲတီစိမ်းကို မိုးစပါးပြီးနောက် သီးထပ်စိုက်ပျိုးကြသကဲ့သို့ ရေသွင်းစိုက်ပျိုးနိုင်သည့် ဒေသများတွင် မိုးကြိုးသီးနှံအဖြစ် စိုက်ပျိုးကြသည်။

    ပဲတီစိမ်းကို ပဲတီရွှေဝါ၊ ပဲတီစိမ်း၊ ပဲတီစိမ်း (အညာ)၊ ပဲနောက်စိမ်း၊ ပဲတီနက်၊ ပဲနောက်နက်ဟူ၍ ဒေသအလိုက် ခေါ်ဆိုမှုအမျိုးမျိုးရှိသည်။အထက်မြန်မာပြည်တွင် မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း စိုက်ပျိုးကြပြီး မိုးပဲတီစိမ်းကို မေလလယ်မှ သြဂုတ်လလယ်အတွင်း စိုက်ပျိုးမှုရှိကြသည်။အောက်မြန်မာပြည်တွင် ဆောင်းပဲတီစိမ်းကို စပါးရိတ်သိမ်းပြီးချိန်တွင် သီးထပ်အနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း စိုက်ပျိုးကြသည်။

    ပဲတီစိမ်းသည် လူ့ခန္ဓာကိုယ်အား အကျိုးပြုသည့် အာဟာရများစွာ ပါဝင်သည်။ပဲတီစိမ်း တစ်အောင်စ (၂၈ ဂရမ်) တွင် ကယ်လိုရီ ၁၀၀၊ အမျှင်ဓာတ် ၅ ဂရမ်၊ ပရိုတင်း ၇ မီလီဂရမ်တို့ပါဝင်ပြီး ပဲတီစိမ်း တစ်အောင်စတွင် ကြက်သား၊ ကြက်ဆင်၊ ကြက်ဥပြုတ်တစ်လုံးနှင့် ဆယ်လ်မွန်ငါးတို့တွင် ပါဝင်သော ပရိုတင်းဓာတ်ပမာဏနှင့် ထပ်တူညီမျှကြောင်း သိရသည်။ထို့အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များ၊ သံဓာတ်များ ပါဝင်၍ ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ အရိုးများအားကောင်းခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုး ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ပေးစွမ်းသည်။

    မတ်ပဲသည် ပြည်ပဈေးကွက် ဝယ်လိုအားများခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအများစုတွင် နှစ်စဉ်စိုက်ပျိုးလေ့ရှိကြသည်။မတ်ပဲသီးနှံကို မြန်မာပြည် မြေပြန့်နှင့် အောက်ပိုင်းဒေသတို့၌ မိုးနှောင်းနှင့် ဆောင်းဦးတွင် အများဆုံးစိုက်ပျိုးပြီး ဆောင်းနှောင်း၊ နွေဦးတွင် ရိတ်သိမ်းကြသည်။

    မတ်ပဲသည်လည်း ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည့် အာဟာရဓာတ်များ အမြောက်အများ ပါဝင်နေခြင်းကြောင့် ကျန်းမာရေးအတွက် အလွန်အရေးပါသည့် ပဲဖြစ်သည်။နှလုံးကျန်းမာရေး၊ ဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း စသည့် ရောဂါများကို သက်သာပျောက်ကင်းစေသည့် အကျိုးကျေးဇူးများကို ပေးစွမ်းသည်။

    ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော မတ်ပဲ၊ ပဲတီစိမ်းတို့သည် ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်က ပို၍အားသာချက်ရှိသည်။မြန်မာနိုင်ငံအနေဖြင့် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယသို့ အဓိကတင်ပို့လျက်ရှိပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပသို့ တင်ပို့လျက်ရှိသည်။

    မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် (၂၅၀,၀၀၀) နှင့် ပဲစင်းငုံ တန်ချိန် (၁) သိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ အိန္ဒိယနိုင်ငံမှ ၅ နှစ်ဆက်တိုက် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

    လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်လူမျိုးများ၏ စားသောက်မှုနှင့် နေထိုင်မှုပုံစံ ပြောင်းလဲလာသည်။ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပိုမိုစားသုံးလာကြသည်။တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပဲတီစိမ်းကို ဝယ်လိုအားများပြီး အိန္ဒိယနိုင်ငံမှ မြေထောက်ပဲကို ဝယ်လိုအားများသည်။ မတ်ပဲနှင့် ပဲတီစိမ်း ပြည်ပဈေးကွက်ကြီးမားသော်လည်း တောင်သူများတွင် မြေသြဇာဈေးကြီးမြင့်ခြင်း၊ အလုပ်သမားစရိတ်များမြင့်ခြင်း၊ ကုန်ဈေးနှုန်းများတက်ခြင်း အစရှိသည့် စိုက်ပျိုးရေးအခက်အခဲများရှိနေကြောင်း ပဲစိုက်တောင်သူများက ပြောသည်။

    စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်ဝယ်လိုအားကို ရရှိထားပြီးသားဖြစ်သည်။ယင်းကဲ့သို့ အခြေအနေကောင်းများရှိသည့်အတွက် ပြည်တွင်းမှ တောင်သူများသည် ပိုမိုအားကောင်းလာမည့် စိုက်ပျိုးထုတ်လုပ်မှုများကို နှစ်စဉ်မျှော်လင့်လျက်ရှိနေပါသည်။

    အမွန်

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views2240