cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပိန္နဲပင် အသီးသီးအောင်ပြုလုပ်နည်း

. Cultivation Methods
ဒီတစ်ပတ် ခြံစိုက် တောင်သူ လယ်သမားကြီးတွေကို ဆွေးနွေးတင်ပြလိုတဲ့ အချက်ကတော့ ပိန္နဲပင် အသီးသီးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းပညာလေးပဲ ဖြစ်ပါတယ်။
  • အရင်တစ်လောက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ခြံစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက စာရေးသူဆီ ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့သူ့မှာ မချစ်စုနဲ့ ရင်ကွဲသရက်ခြံ လေးဧကရှိပါတယ်။

    အဲဒီသရက်ခြံရဲ့ ခြံစည်းရိုးတွေမှာ ဗမာပိန္နဲ အိမ်မာမျိုး မျိုးကောင်းတာနဲ့ အပင် ၅၀ လောက် စိုက်ပျိုးထားပါတယ်။အပင်သက်တမ်း ၁၅ နှစ်ကျော်လာပေမယ့် ပိန္နဲသီး အသီးကောင်းကောင်း မသီးလို့ ဆရာ့ဆီ ဖုန်းဆက်အကြံဉာဏ် တောင်းခံတာပါလို့ ပြောပါတယ်။ ပိန္နဲပင်ဟာ နှစ်ရှည်သီးပင် ဖြစ်ပါတယ်။ ကိုင်းဆက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ သုံးနှစ်သားဆိုရင် အသီးစသီးပါတယ်။ စီးပွားဖြစ်တော့ မရနိုင်သေးပါဘူး။ အစေ့ စိုက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ ၁၀ နှစ်ဆိုရင် အသီးစသီးပါတယ်။

    များများတော့ မသီးနိုင်သေးပါဘူး။ ပိန္နဲသီးဟာလည်း သရက်လို ရာသီစာဖြစ်တဲ့အတွက် မြန်မာတွေရဲ့ ခံတွင်းမှာ ခုံခုံမင်မင် စွဲမက်စွာစားသုံးတဲ့ အသီးတစ်မျိုးပါပဲ။ အနံ့မွှေးပြီး အရသာချိုလေးလေး၊ အသားလည်း နူးညံ့တော့ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။

    ရာသီပေါ်မှာ ပိန္နဲသီး ခပ်လတ်လတ် တစ်လုံးဆိုရင် ကျပ် ၃၀၀၀-၅၀၀၀ ထိ ဈေးပေါက်တာတွေ့ရပါတယ်။ ပိန္နဲပင်ကို မိမိအိမ်ခြံ၊ဒါမှမဟုတ် လယ်ကွင်း၊ ခြံတဲကုန်း စတဲ့မြေကွက်လပ်မှာ စိုက်ပျိုးထားမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တဲ့အပင်ဖြစ်ပါတယ်။

    ဒါပေမယ့် စိုက်တဲ့ပိန္နဲပင်က အသီးသီးဖို့ အရေးကြီးပါတယ်။ အသီးမသီးရင်တော့ အချိန်ကုန် လူပန်းဖြစ်နေမှာ သေချာပါတယ်။ပိန္နဲပင်ဟာ အကိုင်း၊ အခက်တွေက အသီးသီးတဲ့ အပင်မျိုးမဟုတ်ပါ။ ပင်မပင်စည်မှ ဖူးတံထွက်ပြီး အသီးသီးတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပင်မပင်စည်ကနေ အပွင့်ဖူးထွက်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ တချို့ကတော့ ပိန္နဲပင်မပင်စည် အခြေမှ ငါးပေ၊ ခြောက်ပေလောက်မှာ ပင်စည်ကို ပတ်ပြီး ဓားနဲ့ထစ်ကာ ပိန္နဲပွင့်ဖူးထွက်အောင်လုပ်တဲ့ နည်းပညာကို အသုံးပြုကြပါတယ်။ ဒီနည်းပညာဟာလည်း နှစ်စဉ် ဓားနဲ့ထစ်ပါများလာတော့ အပင်နာပြီး သေလွယ်တယ်လို့ သိရပါတယ်။

    နောက် အခုခေတ်ပေါ် နောက်တစ်နည်းကတော့ ပိန္နဲပင်စည်အပင်ခြေမှ ငါးပေ၊ခြောက်ပေအမြင့်ပေလောက်မှာ ပင်စည်ပတ်ပတ်လည် သစ်သားသပ်ရိုက်သွင်းတဲ့ နည်းစနစ်ပါပဲ။ ဒီနည်းဟာ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတာတွေ့ရပါတယ်။ ပိန္နဲပင် သက်တမ်းဟာအနည်းဆုံး ၁၀ နှစ်ရှိပါတယ်။ ပင်စည်လုံးပတ် အချင်း ရှစ်လက်မ၊ ၁၀ လက်မကျော်ခန့်ရှိဖို့ လိုပါတယ်။

    သပ်ရိုက်တဲ့ရာသီကတော့ မိုးဦးကျ၊ မိုးစရွာတဲ့ မေလ၊ ဇွန်လမှာ ပိန္နဲပင်ကို သပ်ရိုက်သွင်းရပါမယ်။ ပိန္နဲပင်ကို သပ်ရိုက်မသွင်းမီ အပင်ကို နွားချေး၊ မြေဆွေးနဲ့ ၁၅း၁၅း၁၅ အချိုး ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာတွေကို တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်းရောပြီး နှစ်ပတ်ကြိုတင်အစာကျွေးထားဖို့ လိုပါတယ်။

    ရိုက်သွင်းမယ့်သပ်ကို အသားမာတဲ့ (မဆွေးသွားနိုင်တဲ့) ပျဉ်းကတိုးသစ်လို သစ်မာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သပ်အရွယ်အစားကတော့ အရှည်သုံးလက်မခန့်၊ အလုံးဝါးတူခန့် (ထမင်း၊ ဟင်း စားတဲ့တူ) ပြုလုပ်ပြီး ထိပ်တစ်ဖက်ကို ချွန်ပေးရပါမယ်။ ၎င်းချွန်ထားတဲ့ သပ်ချောင်းလေးများကို ပိန္နဲပင်အခြေမှ ငါးပေ၊ ခြောက်ပေခန့်အမြင့်မှာ သပ်တစ်ချောင်းနဲ့တစ်ချောင်း ရှစ်လက်မ၊ ၁၀လက်မခန့်ခွာပြီး ကျပန်းရိုက်သွင်းရပါမယ်။ ပိန္နဲတစ်ပင်ကို အနည်းဆုံး ခြောက်ချောင်း၊ ရှစ်ချောင်းထိ ရိုက်သွင်းနိုင်ပါတယ်။ သပ်ကို ရိုက်သွင်းတဲ့အခါမှာ သပ်ရဲ့အရှည်အားလုံး ပင်စည်ထဲထိ မြုပ်သွားအောင် ရိုက်သွင်းဖို့လိုပါတယ်။ ရိုက်တဲ့ကိရိယာ (တူ သို့လက်ရိုက်တုတ်) နဲ့ ပင်စည်ထိပြီး အခေါက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရိုက်သွင်းဖို့ လိုပါတယ်။

    ပင်စည်အခေါက် ဒဏ်ရာရရင်အဲဒီနေရာကနေရေဝင်ပြီး အခေါက်ပုပ်သွားနိုင်ပါတယ်။ ဒီပိန္နဲပင်စည်ကို သပ်ရိုက်ထားပြီး နှစ်ပတ်ကြာလာရင် သပ်ရိုက်ထားတဲ့ဝန်းကျင်ပင်စည်ကနေ အဖူး၊ အစို့များ ထွက်လာပြီး အပွင့်ပွင့်၊ အသီးသီးမှာ ဖြစ်ပါတယ်။ ကဲ . . . စမ်းကြည့်လိုက်ပေါ့ဗျာ။

    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
10
comments
0
views
1483