cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကောရှီး(ခေါ်) တင်းကောသီးမှ စားသုံးဆီများထုတ်ယူရရှိ

. All News
တင်းကောသီးကို ဆီထုတ်ယူမည်ဆိုပါက ခူးဆွတ်ပြီးသော တင်းကောသီးအမှည့်များကို ရေနွေးနှင့် အချိန်တစ်နာရီခန့် ပွက်ပွက်ဆူဆူအောင် စတင်ပြုတ်ပြီး ပြုတ်ပြီးသားတင်းကောသီးများကို ကွဲထွက်လာသည်အထိ ထောင်းကာ
  • ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသထွက်သီးနှံတစ်ခုဖြစ်သော နန်ကောရှီးခေါ်တင်းကောသီးမှ စားသုံးဆီများ တစ်ပိုင်တစ်နိုင် ထုတ်ယူလျက်ရှိသည်။ တင်းကောသီးသည် မချမ်းဘောမြို့နယ်အတွင်းရှိ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်တတ်ပြီး အချို့ကလည်းတောင်ယာခြံစည်းရိုးများ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြသော အပင်မှရရှိခြင်းဖြစ်ကာ ၄င်းအပင်သည် ထန်းပင်၊ပေပင်တို့နှင့် အလားသဏ္ဍာန်တူပြီး စတင်စိုက်ပျိုးချိန်မှ နှစ်ပေါင်း ၁၀ ကျော်ကာလသို့ ရောက်ရှိချိန်မှသာ အသီးများစတင်သီးလာပြီး နှစ်ရှည်သီးပင် အမျိုးအစားဖြစ်ကြောင်း သိရသည်။ တင်းကောသီးများသည် နိုဝင်ဘာလတွင် စတင်ရင့်မှည့်ပြီး အသီးများရင့်မှည့်လာချိန်တွင် အပြင်ဘက်ပိုင်းမှာ မင်းကွတ်သီးအရောင်နှင့်တူပြီး အတွင်းသားမှာ အဝါရောင်ဖြစ်လာကာ ဒေသခံများက ရေနွေးနှင့် အနည်းငယ်ပြုတ်၍ အတွင်းသားကိုခြစ်ကာ ငရုတ်သီးထောင်း၍ သော်လည်းကောင်း သရေစာအဖြစ်သော်လည်းကောင်း တစ်နေလှန်းပြီး ကောက်ညှင်းပေါင်းများဖြင့် နယ်၍လည်းကောင်းစားကြပြီး အရသာမှာ ဆိမ့်ကာဆီထွက်သော အစားအစာတစ်မျိုး လည်းဖြစ်ပါသည်။

    တင်းကောသီးများကို ဆီထွက်သီးနှံအဖြစ် ဆီများညှစ်ထုတ်ယူမည်ဆိုပါက ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်း လောက်မှသာ ခူးဆွတ်ရခြင်းဖြစ်ပြီး ၄င်းအချိန်ခူးဆွတ်သော တင်းကောသီးများမှသာ ဆီထွက်နှုန်း များခြင်းဖြစ်ကြောင်း သိရသည်။

    တင်းကောသီးကို ဆီထုတ်ယူမည်ဆိုပါက ခူးဆွတ်ပြီးသော တင်းကောသီးအမှည့်များကို ရေနွေးနှင့် အချိန်တစ်နာရီခန့် ပွက်ပွက်ဆူဆူအောင် စတင်ပြုတ်ပြီး ပြုတ်ပြီးသားတင်းကောသီးများကို ကွဲထွက်လာသည်အထိ ထောင်းကာထောင်းပြီးသားတင်းကောသီးများကို အခွံနှင့်ကပ်လျက်ရှိသော အသားအစေ့များ သီးခြားဖြစ်လာစေရန် စကာနှင့်ခါချပြီးအဝတ်စ သို့မဟုတ် စူပါအိတ် အပိုင်းအစများထဲသို့ထည့်၍ အသင့်ဆင်ထားသော ဆီညှစ်မောင်းဆုံတွင် သစ်သားတုံးများဖြင့် ဖိညှစ်ကာ ဆီကိုညှစ်ထုတ်ယူရခြင်းဖြစ်သည်။ ဆီများညှစ်ထုတ် ယူရာတွင်လည်း တင်းကောသီးအခွံနှင့် ကပ်နေသော အသားများကို အပူဓာတ်မကုန်ဆုံးမီတွင် ညှစ်ယူမှသာ ဆီထွက်ရှိပြီး အေးသွားပါက ဆီများမထွက်ရှိတာကြောင့် ပြုတ်ပြီးသားတင်းကောသီးကို တစ်ခါဆယ်ယူ တစ်ခါထောင်း တစ်ခါညှစ်ထုတ် ယူရခြင်းဖြစ်သည့်အတွက် ဆီရရှိဖို့အကြိမ်ကြိမ် ပြုလုပ်ရခြင်းဖြစ်သည်။ ညှစ်ထုတ်ယူပြီးသားတင်းကောဆီကို ဆီနှင့်ရေကွဲသွားစေရန် တစ်ညခန့်စစ်ထားရခြင်းဖြစ်ကာ ဆီများအေးခဲသွားသည့်အခါ ရေနှင့်သီးခြား ဖြစ်သွားသော တင်းကောဆီများကို ခပ်ထုတ်ယူပြီး ပြန်လည်ကျိုချက် ပြီးသည့်အခါမှသာ ကြက်ဥနှစ်အရောင် ဝါဝင်းသော တင်းကောဆီသန့်တွေကို ရရှိခြင်းဖြစ်သည်။

    တင်းကောသီး ၈ပြည်ပါတစ်ပုံးကို ဆီညှစ်ထုတ်လျှင် တင်းကောသီးအတွင်းသား အထူအပါးပေါ်မူတည်ကာ တင်းကောဆီ ၂ ပုလင်းမှ ၃ပုလင်းထိ ပိဿာအားဖြင့် ခန့်မှန်းခြေ ၁ပိဿာ နီးပါးခန့် ထွက်ရှိတာဖြစ်ကြောင်းသိရသည်။ ယခုနှစ်တွင် တင်းကောဆီ ၁ပုလင်းကို ကျပ်၁၀၀၀၀ထိ ရောင်းဝယ်ကြကြောင်းလည်းသိရသည်။

    အဆိုပါ တင်းကောဆီ၏ အကျိုးပြုပုံကို ဒေသခံပြည်သူများ၏ ပြောပြချက်အရ သဘာဝသီးနှံမှ ထွက်ရှိသည့်ဆီဖြစ်သည့်အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သည့် ဆီဖြစ်ပြီး အထူးသဖြင့် ထမင်းပူပူတွင် တင်းကောဆီကိုဆမ်းပြီး ကလေးများကို ကျွေးပါကကလေးများကျန်းမာဝဖြိုးလာကြောင်းလည်း သိရသည်။ ထို့ပြင် မီးလောင်ဒဏ်ရာများ အပူလောင်ဒဏ်ရာများရရှိပါက တင်းကောဆီကို သုတ်လိမ်းပေးခြင်းဖြင့် အပူလောင်ဒဏ်ရာများ လျင်မြန်စွာပျောက်ကင်းကြောင်းလည်း သိရသည်။

    မချမ်းဘောမြို့နယ်တွင် တင်ကောပင်များကို ဒေသအစားအစာ တစ်ခုအဖြစ်လည်းကောင်း၊ ဆီထွက်သီးနှံအဖြစ်လည်းကောင်း အရွက်များကို အိမ်အမိုးတဲအမိုးများအဖြစ် လည်းကောင်း အသုံးပြုရန် စိုက်ပျိုးကြကြောင်း လည်းသိရသည်။

    ယောရွှေနီ (မချမ်းဘော)

    ကချင်ပြည်နယ်

    အမြို့မြို့အနယ်နယ်သတင်းများ

    Information and public relations department မှ လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။

    Photo crd.

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
likes5comments0
views1580