cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သနပ်ခါးပင် စိုက်ပျိုးနည်း🌱🌱

. Cultivation Methods
အရွက်
၁။ ဝက်ရူးပြန်ရောဂါဆေးတွင် သုံး၏ ။ အနာကြီးရောဂါများသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်ရ၏ ၊ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ဌက်ဖျားရောဂါ ပျောက်၏ ။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့်သောက်ရ၏ ။
  • သနပ်ခါးပင်၏ ဝိသေသလက္ခဏာ

    သနပ်ခါးပင်၏ ပုံသဏ္ဍာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ – ၃၀ ထိ မြင့်တက်ပြီးပင်စည် နှင့် အကိုင်းအခတ်များတွင် လက်မဝက်၊ ၁ လက်မခန့် ရှည်သည့် မာကျောသော ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေး ထူလာပါသည်။ အရွက်ပုံသဏ္ဍာန်မှာ ရွက် ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံ ထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါ သည်။ ရွက်ပြား ပြောင်ချောပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင့်ရောင်ရှိသည်။ အပွင့်ပုံသဏ္ဍာန်မှာသေးငယ်ပြီး၊ အ ဝါနုရောင်ရှိ သည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုပေါ် မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန် လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေ သောက်မြစ်ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေး အခေါက်ပါရှိသည်။ အမြစ်မှ သားတက်များထွက်လေ့ရှိပါသည်။

    စိုက်ပျိုးနည်းစနစ်

    မြေအမျိုးအစား

    စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ၊ ကျောက်စရစ်မြေ (Gravel soi)ရွှံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှလွှဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပါသည်။

    သဲမြေတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ သို့သော်စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေ အပျောက်များပြီး အပင်ဖြစ်ထွန်းအားနည်းပါသည်။

    မိုးရေချိန်

    ၁၀ – ၄၀ လက်မ အကြားတွင်ရှိသော နေရာဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။

    သနပ်ခါးမျိုးစေ့ယူနည်း

    သနပ်ခါးပင်များသည် ရေမြေရာသီဥတုပေါ်တွင် မူတည်၍ တပေါင်း၊ တန်ခူး လများတွင် ပွင့်ဖူး ပြီး၊ ဝါဆို၊ ဝါခေါင်လများတွင် အသီးများရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူနိုင် ပါသည်။ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင် စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များ ကိုသာ ယူ၍ ပျိုးထောင်ရပါမည်။ ရေပေါ်တွင် ပေါလော ပေါ်နေသောအစေ့များသည်မျိုးအောင်မြင်ခြင်း မရှိပါ။သနပ်ခါးကို ပျိုးထောင်၍ စိုက်ပျိုးသည်။ ပျိုးထောင်ပုံ (၂)မျိုးရှိသည်။ ပျိုးဘောင်လုပ်၍ပျိုးထောင်ခြင်းနှင့်အိတ်ဖြင့် ပျိုးထောင်ခြင်းတို့ဖြစ်သည်။

    ပြောင်းရွှေ့စိုက်ပျိုးခြင်း

    ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေတွင် စတင်ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။

    သီးညှပ် စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ ပင်ကြား (၈ ပေ× ၄ပေ)၊ (၈ ပေ× ၅ ပေ) စိုက်ပျိုးနိုင် ပါသည်။ သီးညှပ်အဖြစ်နှမ်း၊ ပဲစဉ်းငုံ၊ မြေပဲစသည့်ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး မိမိကြိုက် နှစ်သက်သည့် သီးနှံများကို စိုက်ပျိုးနိုင်ပါသည်။

    သီးညှပ်စိုက်ခြင်းမပြုလျှင် တန်းကြား၊ ပင်ကြား (၄ ပေ × ၄ပေ)နှင့် (၅ပေ ×၅ ပေ) စိုက်ပျိုးလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။

    ကျရောက်တတ်သော ပိုးမွှား/ရောဂါများ

    အမြစ်ပုပ်ရောဂါနှင့် ကိုင်းဖျားခြောက်ရောဂါတို့ အဓိကကျရောက်တတ်ပါသည်။

    အပင်ပြုစုထိန်းသိမ်းနည်း

    မိုးဦးကျစအချိန်နှင့်မိုးကုန်ခါနီးအချိန်တွင် အနည်းဆုံး တစ်နှစ်(၁)ကြိမ်၊ (၂)ကြိမ် ကွန်ပေါင်းဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောနှော၍ ကျွေးသင့်ပါသည်။ သနပ်ခါးပင်ခြေမှ ၂-၃ ပေခွာ၍ အပင်ပတ်လည် မြေဆွပေးရပါမည်။ပေါင်းမြက်များ ရှင်းလင်းပေးရပါမည်။

    အပင် (၂ -၃) နှစ်သား အရွယ်မှစ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်း ဖယ်ရှားပေးရပါမည်။ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ်မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုး သတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပက်ဖျန်းပေးသင့်ပါသည်။

    ဈေးကွက်ဝင် သနပ်ခါးအဆင့်(ရိတ်သိမ်းချိန်)

    စိုက်ခင်းအသစ်များတွင် အပင်သက်တမ်း (၆) နှစ်၊ (၇)နှစ်သားမှစတင်၍ သနပ်ခါးအဖြစ် စ တင်ဈေးကွက်ဝင် ရောင်းချနိုင်ပါသည်။အများအားဖြင့် (၈)နှစ်မှ (၁၀)နှစ်သားအရွယ်သည် ဈေးကွက်တွင်းသို့အရောင်းအများဆုံး အရွယ် ဖြစ်ပါသည်။သားတက် သနပ်ခါးခင်းများတွင် အပင်သက်တမ်း (၅-၆)နှစ်တွင် စတင်ရောင်းချပြီး၊ (၆)နှစ် မှ(၈)နှစ်အရွယ်သက်တမ်းသည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန် ဖြစ်ပါသည်။ အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း (၃၅) နှစ်ခန့် လိုပါသည်။ ဒေသအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေးအ ကောင်းဆုံးဖြစ်သည်။

    သနပ်ခါးတွင် ဓာတုပစ္စည်းပါဝင်မှု

    2 – quinolone and 2 – hydroxyquinoline

    N – acetyl – N- methyltryptamine

    Tanakine and Tanakamine

    7- methoxy – 6-(2,3-epoxy-6-methylbutyl)coumarin

    4-methoxy – 1-methyl – 2 quinolone and marmesin from the organic extracts of the root bark Suberosin နှင့် marmesin တို့သည် Antibacterial activity နှင့် UV absorption ဂုဏ်သတ္တိများရှိပါသည်။

    သနပ်ခါးမှ ဆေးဘက်အသုံးဝင်ပုံ

    မြန်မာ့ဆေးကျမ်းများအရ

    သနပ်ခါးသည် ပူ၏ ၊ သွေးကိုကြွစေတတ်၏ ၊ ပူ ခါး ချုပ် ပွင့် ဖြစ်၏ ၊ ငန်းမန်းကို နိုင်စေ၏ ။ အပူနာ၊ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ ဟု ဆိုထားပါသည်။

    အသုံးပြုပုံ

    အရွက်

    ၁။ ဝက်ရူးပြန်ရောဂါဆေးတွင် သုံး၏ ။ အနာကြီးရောဂါများသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်ရ၏ ၊ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ဌက်ဖျားရောဂါ ပျောက်၏ ။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့်သောက်ရ၏ ။

    ၂။ အရွက်ကို အခြောက်လှန်းအမှုန့်ပြပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်ပါက အဖောအရောင်၊ အနာ အဆာနှင့် ကိုယ်တွင်း ရောဂါဟူသမျှ ကင်းရှင်းပပျောက်၏ ။

    အသီး

    ၃။ အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့်ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

    အမြစ်

    ၄။ ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေး တို့တွင် သုံး၏ ။ အမြစ်ကို နနွင်းနှင့် သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ ပျောက်၏ ။ ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူ တိုက်ကာ ချွဲအမြန်ကျ၏ ။

    ၅။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည်နှင့် ရောလျက်သော အစာအိမ်ရှိ အဆိပ်ပြေစေ၏ ဟုဆိုထားပါသည်။

    သိပ္ပံနည်းဆေးကျမ်းအရ

    ၁။ Anti – bacterial နှင့် Anti- fungal ပါဝင်မှုကြောင့် အသားရေကို ကြည်လင်သန့်စင်စေသည်။ ဝက်ခြံ၊ တင်းတိပ်ကို ပျောက် ကင်းစေသည်။ အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက် ကင်းစေပြီး၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေပါသည်။

    ၂။ သနပ်ခါးတွင် Coumarine တို့ပါဝင်သဖြင့် အသားအရည်ပေါ်တွင် ဘက်တီးရီးယားနှင့်မှိုကြောင့် ဖြစ်သော ရောဂါများ ကိုဖယ်ရှား ပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျိုလန်းဆန်း စေပါသည်။

    ၃။ Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ခြည် (UV-A ray) ကြောင့် ဖြစ်ပေါ်သော မျက်နှာပေါ် တွင် အရေပြားတွန့်လိမ်ခြင်း (အရေးကြောင်းပေါ်ခြင်း)တို့မှ ကာကွယ်ပြီး၊ အိုမင်းရင့်ရော်မှုမှ ကာကွယ် နိုင်ပြီး၊ ခရမ်းလွန်ရောင်ခြည် (UV – B ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း (Skin discoloration) မှကာကွယ်ပြီး၊ တင်းတိတ်နှင့် အရေပြား ကင်ဆာဖြစ်ပေါ်မှု ကိုလည်း ကာကွယ်ပါသည်။

    မြန်မာအမည် – သနပ်ခါး

    အင်္ဂလိပ်အမည် - Chinese Box Tree

    မျိုးရင်း – Rutaceae

    မျိုးစု -Limonia

    မျိုးစိတ် – L. acidissima

    သိပ္ပံအမည် – Naringi crenulata (Roxb)

    Hesperethusa crenulata (Roxb) Roeam

    Source : စိုက်ပျိုးရေးဦးစီးဌာန

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes15comments2
views2134