cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အချိုမှုန့်ကို စိုက်ပျိုးရေးတွင်သုံးစွဲမှု

. Plant Nutrition
မြေပဲအပါအဝင် ပဲမျိုးရင်းများနှင့် အချို့အပင်များတွင် ဘက်တီးရီးယားများအကူအညီဖြင့် နိုက်ထရိုဂျင်ကို ရယူပြီး အပင်များအတွက်ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။
  • ကျွန်တော် အချိုမှုန့်မစားသည်မှာ (၁၀)နှစ်ကျော်ပါပြီ။ သို့သော် အချိုမှုန့် (Monosodium glutamate "MSG") ဟု ကြားရတိုင်း ကျွန်တော်ရင်ခုန်နေဆဲဖြစ်သည်။ အတိအကျပြောရလျှင် အချိုမှုန့်ထဲပါဝင်သည့် glutamate ကြောင့်ဖြစ်သည်။

    ကျွန်တော် PhD တက်စဥ် ကျောင်းသားတိုင်းကြောက်သည့် Applied Plant Physiology ဆိုသည့် ဘာသာရပ်တစ်ခုကို Semester (၃)ခု လေ့လာခဲ့ရသည်။ ထိုဘာသာရပ်သည် ခက်ခဲနက်နဲသည့်ဘာသာရပ်မို့ သင်ကြားသည့် စတိုင်ကလည်း ထူးခြားသည်။ အတန်းချိန်တိုင်း၌ ဆရာ (၃)ယောက်က တပြိုင်နက်ဝင်ရောက်ဆွေးနွေးခြင်းဖြစ်သည်။ ဆရာတစ်ယောက်ထဲ၏ မေးခွန်းများ၌ပင် ချာချာလည်ဖြစ်ရချိန်တွင်၊ (၃)ယောက်မို့ ကျောင်းသားတိုင်းစိတ်ညစ်ရသည်။ မနက်ဖြန်အတန်းရှိလျှင် ဒီည၌ စာများကိုကြိုဖတ်ထားနိုင်မှ အတန်းထဲတွင် ဆွေးနွေးနိုင်မည်ဖြစ်သည်။

    ထားပါလေ...........။ ပြောချင်တာက ကျွန်တော့်သုတေသနမှာ အဓိကက N2-Fixation မို့၊ ဆရာများက ၄င်းနှင့်ပက်သက်သည့် အကြောင်းအရာများအား သင်ကြားတိုင်း အတန်းရှေ့ထွက်ခိုင်းပြီး၊ အမွှေခံရသူမှာ ကျွန်တော်ဖြစ်သည်။ Rhizobium Bacteria များမှ စုစည်းပေးသည့် နိုက်ထရိုဂျင်များ အပင်ထဲ၌ မည်သို့ဖြစ်သွားမလဲ၊ ဘယ်လိုအသုံးချသလဲ၊ နောက်ဆက်တွဲဘယ်လိုဖြစ်သွားသလဲ စသည့်မေးခွန်းများမှာ ကျွန်တော်ကြုံနေကျဖြစ်သည်။ အဲ့သည့်မှာ Glutamate တို့ Glutamine တို့ ပါလာပြီဖြစ်သည်။

    မြေပဲအပါအဝင် ပဲမျိုးရင်းများနှင့် အချို့အပင်များတွင် ဘက်တီးရီးယားများအကူအညီဖြင့် နိုက်ထရိုဂျင်ကို ရယူပြီး အပင်များအတွက်ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။ ဒါက ဇာတ်လမ်းတစ်ခုဖြစ်သည်။

    အခြားဇာတ်လမ်းကတော့ အရွက်များ၌ အစာချက်ခြင်းမှရသော သကြားဓာတ်/ကစီဓာတ်များဖြစ်သည်။ Photosynthesis pathway များကလည်း ခေသူမဟုတ်၊ အခုတွေးမိ၊ အခုမျက်ရည်ဝဲရလောက်အောင် ရှုပ်ထွေးလေသည်။

    အဆိုပါဇာတ်လမ်းနှစ်ခုပေါင်းခြင်းကို Applied Plant Physiology ဘာသာရပ်တွင် သင်ကြားချိန်၌ အလွန်ခက်ခဲလေသည်။ အရွက်မှအစာချက်ပေးသည့်သကြားဓာတ်နှင့် အမြစ်ဖုထဲမှ နိုက်ထရိုဂျင်တို့ပေါင်းစပ်ပြီးနောက် အပင်များအတွက်လိုအပ်သည့် အမိုင်နိုအက်ဆစ်ဖြစ်ပေါ်လာစေရန် ပထမဦးစွာ Glutamate ပါလာရလေသည်။ ပါမောက္ခကလည်း စာမေးတိုင်း Glutamate အကြောင်းပါ၍၊ ရှင်းပြရသူမှာ ကျွန်တော်ဖြစ်​သော​ကြောင့် ၄င်းကိုအလွန်မုန်း​လေသည်။

    အခုလည်း ရင်ခုန်စရာ Glutamate ပါသည့် အချိုမှုန့်ကို စိုက်ပျိုးရေးတွင်အသုံးပြုမှုနှင့်ပက်သက်ပြီး မိတ်ဆွေတစ်ဦးက မေးသည်မို့ သိသမျှလေး ဝေမျှချင်မိလေသည်။ ဒါ့အပြင် Photosynthetic Bacteria များအား မွေးမြူရာတွင်လည်း အချိုမှုန့်ထည့်လေ့ရှိသည်မို့ နောက်ဆက်တွဲရလဒ်များအား ရှာဖွေလေ့လာမိရင်း ဝေမျှမိခြင်းဖြစ်ပါသည်။

    ကျန်းမာရေးလိုက်စားသူများအတွက်တော့ အချိုမှုန့်သည် အန္တရာယ်အလွန်များမှန်းသိကြသည်။ အဓိကကတော့ အချိုရှောင်ချင်သလို၊ သွေးတိုးသည်ဟု သတ်မှတ်ထားသည့် ဆိုဒီယမ်ကြောင့်ဖြစ်သည်။

    လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၀)ခန့်က ဂျပန်ဓာတုဗေဒပညာရှင်မှ MSG ကို ပင်လယ်ရေညှိရေမှော်များ၌ စတင်တွေ့ရှိခဲ့ပြီး၊ အစားအစာများ၌ အရသာထူးကဲစေကြောင်း သတိထားခဲ့မိသည်။ ခရမ်းချဥ်ကဲ့သို့သော ဟင်းသီးဟင်းရွက်များ၌လည်း သဘာဝအတိုင်းတွေ့နိုင်သည်။ ယနေ့ထက်ထိ ဂျပန်နှင့် ကိုရီးယားဟင်းလျာများကို ချိုမြိန်စေရန် ရေညှိခြောက်ကို ဟင်းစတည်ချိန်၌ ထည့်နေဆဲဖြစ်သည်။

    ယနေ့ခေတ်တွင်တော့ MSG ကို ကော်ဓာတ်ပါသော ပြောင်း၊ဂျုံစသည့်သီးနှံများ၊ ကြံ၊ Sugar beet၊ တင်လဲရည်များကို အချဥ်ဖောက်ခြင်းမှ ထုတ်လုပ်ကြလေသည်?

    MSG သည် သီးနှံများအတွက်ရော......ဘေးဖြစ်စေနိုင်သလား။

    သုတေသနတွေ့ရှိချက်များအရ MSG ကို အပင်အားဆေးအဖြစ်အသုံးပြုနိုင်သည်ဟု ဆိုပါသည်။ သေချာတာပေါ့ ကျွန်တော့်ရဲ့ Glutamate က အထက်တွင်ဖော်ပြထားသည့်အတိုင်း အပင်ရဲ့နေရာမျိုးစုံကရတဲ့ အာဟာရများချိတ်ဆက်ထားခြင်းမှ ဖြစ်ပေါ်လာသည့် အဖိုးတန်ရလဒ်တစ်ခုလေ။

    နိုက်ထရိုဂျင်၊ အမိုင်နိုအက်ဆစ်၊ ဖော့စဖရက်၊ ပိုတက်စီယမ်၊ ဆာလဖာ၊ ထုံးဓာတ်၊ မဂ္ဂနီစီယမ်နှင့် အော်ဂဲနစ်ပစ္စည်းများ ပါဝင်သည်မို့ အပင်များအတွက် အထောက်အပံ့ရလေသည်။

    အားလုံးကြောက်ကြသည့် ဆိုဒီယမ်ရော?

    ဆားဓာတ်ကို အပင်အားတိုက်ရိုက်ဖျန်းလျှင် အဆိပ်ဖြစ်မည်၊ အရွက်များမှစ၍ အပင်လောင်မည်၊ အပင်၏လုပ်ငန်းဆောင်တာများအား အနှောင့်အယှက်ပေးသည့်အပြင်၊ သေစေနိုင်သည်အထိ ဖြစ်နိုင်သည်။

    မြေဆီလွှာအား ငန်စေနိုင်သည်၊ pH ပြောင်းလဲသွားမည်။ နောက်ဆုံး သီးနှံစိုက်ပျိုးလို့မရသည်အထိ ဖြစ်လာနိုင်လေသည်။

    အာဂျီနိုမိုတိုကုမ္ပဏီမှ ဖြေရှင်းချက်အရ အချိုမှုန့်တွင်ပါဝင်သည့် ဆိုဒီယမ်သည် အိမ်သုံးဆား (NaCl)တွင်ပါဝင်သည့် Na မဟုတ်ဘဲ sodium glutamate နှင့် sodium ribonucleotide သာဖြစ်သည်မို့ ဘေးဖြစ်စေခြင်းမရှိဟု ဆို၏။

    မည်သို့ပင်ဖြစ်စေကာမူ ဆိုဒီယမ်သည် ဆိုဒီယမ်ပဲမို့ သူများလျှင်တော့ အဆိပ်သင့်မှုဖြစ်နိုင်၍ အပင်များ၌ အမြောက်အမြားမသုံးသင့်ပေ။ အုန်းပင်ကဲ့သို့ ဆိုဒီယမ်ကြိုက်သည့်အပင်များ၌ သုတေသနပြုစမ်းသပ်သင့်သည်။

    ကဲ.......... ဖျန်းမည်ဆိုပါတော့။

    တစ်လီတာကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နှုန်းထားဖြင့် တစ်ပတ်တခါဖျန်းလျှင် အပင်ထိခိုက်မှုမရှိဘဲ၊ ကြီးထွားမှုအားကောင်း၍၊ ပန်းပွင့်မှုအား အထူးအားပေးသည်ဟု ဆိုပါသည်။ သစ်ခွများ၌လည်း အသုံးပြုကြသည်။

    ဒါကြောင့်မို့ စိုက်ပျိုးသူများ ချင့်ချိန်၍သာအသုံးပြုကြပါဟု အကြံပေးချင်ပါသည်။ ဗဟုသုတအဖြစ်သာ သိထားပြီး၊ အမယ်သစ် ရွက်ဖျန်းအား​ဆေးတစ်ခုအဖြစ် အရမ်းမသုံးကြ​စေလိုပါ။

    Applied Plant Physiology ဘာသာရပ်၏ Presentation စာမေးပွဲ၌ ဆရာများအား ကျွန်တော်ပြောခဲ့သည့် စကားတစ်ခွန်းရှိသည်။ ဒီဘာသာရပ်ကိုသင်ပြီးနောက် သစ်ရွက်များကြွေချိန်တွင် အများသူငါ ရယ်မောချင် ရယ်မောနေမည်၊ သို့မဟုတ် လွမ်းမောနေလိမ့်မည်။ သို့သော် ကျွန်တော်ကတော့ သစ်ရွက်များကြွေရခြင်းအကြောင်းရင်းကိုသာ တွေးနေမိတော့မှာဟု ဖြစ်ပါသည်။

    ဆရာများက ရယ်မောရင်း မင်း အချိုမှုန့်စားတိုင်း glutamate နဲ့အတူ ငါတို့ကို သတိရနေမှာလား မေးတော့၊ ဟုတ်ကဲ့ဟုဖြေခဲ့ပါသည်။

    သို့သော် ကျွန်တော် အချိုမှုန့်မစားသည်မှာ (၁၀)နှစ်ကျော်ပြီ ဖြစ်ပါသည်။

    ‌ဒေါက်တာဝဏ္ဏထွန်း

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes16comments0
views2467