cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သီးပင်စားပင်၊ ပန်းအလှပင်ကို အလျင်စလို မခုတ်နှင့်

. Cultivation Methods
မိခင်ကြီးက“ပိတောက်ပင် တော်တော်နှင့်မပွင့်တာ နင့်အဖေ ခဏခဏခုတ်ချိုင်ပစ်လို့နေမှာ”လို့ သူ့မြေးတွေကို ပြောသည်ဟု သိရသည်။
  • လွန်ခဲ့သော နှစ် ၂၀ လောက်က စာရေးသူ အိမ်ခြံဝင်း အနောက်တောင်ထောင့်တွင် ပိတောက်ကိုင်းသေးသေးတစ်ခု စိုက်ထားခဲ့သည်။ပိတောက်သည် လျင်မြန်စွာ တိုးတက်ပြီး ကိုင်းခက်ရွက်စည်ကာ တစ်ဖက်ခြံထဲသို့ လောင်းရိပ်ထိုးနေ၍ ထိုခြံက ငြိုငြင်ပုံပေါ်သဖြင့်မကြာခဏ (မိုးကျတိုင်း) ခုတ်ချိုင်ပစ်ရသည်။ ပင်စည်လုံးပတ်ကလည်း ထွာဆိုင်ပင် မပြည့်နိုင်သေးပေ။ စာရေးသူ မိခင်ကြီးသည် ကျေးလက်မွေး လယ်တောမှာ ကြီးလာသူဖြစ်ရာ သြင်္ကန်နီးလျှင် ပိတောက်ပင်ကိုမော့ကြည့်ပြီး ပိတောက်ပွင့်ရှာနေတတ် သည်။ 

    မိခင်ကြီးက“ပိတောက်ပင် တော်တော်နှင့်မပွင့်တာ နင့်အဖေ ခဏခဏခုတ်ချိုင်ပစ်လို့နေမှာ”လို့ သူ့မြေးတွေကို ပြောသည်ဟု သိရသည်။ ပိတောက်ပင်စိုက်ပျိုးပြီးနောက် မိခင်ကြီးသည် ၂၀၀၄ ခုနှစ်တွင်ကွယ်လွန်သွားရာ ခြံထဲကပိတောက်ပင်အပွင့်ကို မြင်မသွားရရှာပေ။ ယခုတော့ မိခင်ကြီးမျှော်လင့်တဲ့ ပိတောက်ပင်လည်း အခြေကခုတ်လိုက်လို့ မရှိတော့ပါ။ သို့သော် ၂၀၁၂ခုနှစ်မှာမှ စိုက်ထားသော အပင်ကိုတော့စာရေးသူ ခုတ်မပစ်ဘဲ အကိုင်းအခက်တွေကိုသာ နည်းနည်းလောက်ရှင်းပြီး ထိပ်ပိုင်းတွေက မခုတ်ဘဲထားရာ ၂၀၁၈ ခုနှစ်လောက်ကပင်စတင်ပြီး အနည်းငယ်စီ ပွင့်လာပါပြီ။ လွန်ခဲ့သော လေးနှစ်လောက်ကလို့ထင်ပါသည်။ စာရေးသူ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်း၊ ကိုကိန်း ဆံပင်ညှပ်ဆိုင်တွင် ထိုင်ခုံ၌ ဆံပင်ညှပ်ခံယူနေစဉ် “အိမ်ကသရက်ပင် မနှစ်က မြင့်လွန်းလို့ ချိုင်လိုက်တာ ခုနှစ်မပွင့်၊ မသီးတော့ဘူးဗျာ၊အဲ့ဒါကလည်း အိမ်ကညီတော်မောင် ရေဆင်းမှာ သူ့ သူငယ်ချင်းအိမ်က အပင်ကလေးတွေက ခပ်နိမ့်နိမ့်နဲ့ သီးနေတာ တွေ့ခဲ့လို့ဆိုပြီးချိုင်လိုက်တာ” ဟူသော စကားသံကို ကြားလိုက်မိသည်။ 

    သရက်ပင်များကို စိုက်စဉ်ကပင် မြေနေရာ၊ အနီးဝန်းကျင်မှာ မြင့်မားတဲ့ အဆောက်အအုံနှင့် နီးနီးမှာ စိုက်လျှင်၊ တစ်ပင်ချင်းလည်းဖြစ်လျှင် အမြင့်ကိုလုတက်ပြီး အလင်းရောင်ရအောင် သူ့သဘာဝအတိုင်း အားယူတတ်သည်။ အပေါ်ကို အလင်းအတွက် လုတက်စရာမလိုတဲ့နေရာမှ သရက်ပင်များ၊ အထူးသဖြင့် စိန်တလုံးတို့၊ ရွှေဟင်္သာတို့ဟာ သိပ်မြင့်မြင့်မတက်တတ်ပါ၊ ခပ်နိမ့်နိမ့်ဖြင့်ပင် ပွင့်တတ်၊သီးတတ်ပါသည်။ မြင့်လွန်း၍ အပေါ်ဘက်ကိုင်းမှန်သမျှ ခုတ်လိုက်လျှင် တစ်နှစ်၊ နှစ်နှစ်မက သုံးနှစ်လောက်အထိကြာမှ ပြန်ပွင့်သီးတတ်ပါသည်။ သစ်ပင်တို့တွင် အရေးပါသော အစာပို့၊ အစာယူ၊ အစာအလွှဲအပြောင်းလုပ်သည့်အစာကြောအတွင်း၌ ဇီဝကမ္မကိစ္စအတွက် အရေးပါသော ဟော်မုန်းတွေ တွေ့ရပါသည်။ ထိုဟော်မုန်းများတွင် Auxins,Cytokinins, Gib berellins ဆိုတာတွေပါဝင်ရာ၎င်းဟော်မုန်းများတွင် Auxins သည်အပင်တို့၏ ထိပ်ဖျား၊ ထိပ်ညွန့်၊ ထိပ်ရွက်တွေမှာသာ အများဆုံးဖြစ် ပေါ်ကြပါသည်။ 

    အလားတူပင် အခြားဟော်မုန်းတွေလည်း ထိပ်ဖျား၊ ထိပ်ညွန့်တို့မှာပင် ဖွဲ့စည်းဖြစ်ပေါ်တတ်ပါသည်။ ၎င်းဟော်မုန်းများသည် Phloem ၏ လှုပ်ရှားမှုဖြစ်သော အစာသယ်ယူပို့ဆောင်ခြင်း၊ အပင်၏ ဆဲလ်များရှည် ထွက်ခြင်း၊ ဆဲလ်ပွားခြင်းတို့ကို အားပေးကြသည်။ထို့ပြင် Photosynthesis ခေါ်သည့် အလင်းဖြင့် ကစီဖွဲ့ခြင်းတို့တွင်လည်း ပါဝင်ပတ်သက်နေကြပါသည်။ ၎င်းဇီဝဓာတုများ အလုံအလောက် မရရှိသောအခါ အခြားအရွက်များစွာ စည်ကားဖွံ့ဖြိုးနေသော်လည်း ပွင့်ဖို့၊ သီးဖို့ အင်အားမရရှိသောအခါပန်းပွင့်ခြင်း၊ အသီးသီးခြင်းများ တုံ့ဆိုင်းကြန့်ကြာမှာ ဖြစ်ပါသည်။ ထိပ်ပိုင်းနေရောင်ခြည်နှင့် အလင်းကောင်းစွာလည်းရပြီးရွက်နု၊ ညွန့်နုများမှာသာ စတင်ဖြစ်တည်ကြသော Auxins,Cytokinins & Gibberellinsတို့ ဖြစ်တည်ဖို့ အခွင့်အလမ်း နည်းသည့် အောက်ပိုင်းအရွက်အို၊ အရွက်ဟောင်းများသည် လိုအပ်သောအစာလည်းမရ၊ ဟော်မုန်းကလည်း အားနည်းသဖြင့် အချိန်မီပန်းပွင့်ဖို့ ခဲယဉ်းတတ်ပါသည်။ 

    ဤသည်မှာ သိပ္ပံနည်းကျ စာတွေ့ကို တင်ပြခြင်းဖြစ်သည်။ သိပ္ပံနည်းကျစာတွေ့ကို တင်ပြပြီးတော့ စာရေးသူ၏ ကိုယ်ပိုင်အိမ်ခြံဝင်းကလက်တွေ့ကို ထပ်မံတင်ပြရပေဦးမည်။ စာရေးသူ၏ အိမ်အနောက်ဘက် ခြံစည်းရိုးအုတ်နံရံနားကပ်ပြီး ရွှေဟင်္သာသရက်ပင်တစ်ပင်ကိုလွန်ခဲ့သော ၁၃ နှစ်လောက်က စိုက်ခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်လောက်ကစပြီး အသီးများရခဲ့သည်။ ရွှေဟင်္သာသည်စိန်တလုံးထက်အနည်းငယ်နောက်ကျမှ သီးသော်လည်း အရသာကတော့ ခပ်ဖြုံးဖြုံးကလေးမို့ စာရေးသူကတော့ စိန်တလုံးထက် ကြိုက်သည်။ 

    သရက်ပင်က အုတ်နံရံနှင့် နှစ်ပေလောက်ပဲ ကွာပါသည်။ တစ်ဖက်ခြံက အိမ်ကြီးကလည်း အုတ်နံရံနှင့် နှစ်ပေလောက်ပဲကွာသည်။စာရေးသူ၏ခြံထဲက သုံးပင်အိမ်ကလေးကလည်း သရက်ပင်နှင့်လေးပေလောက်ပဲကွာပြီး သရက်ပင်၏အရှေ့မြောက်ဘက်မှာရှိရာသရက်ပင်ကတက်သွားသည်။ တစ်ဖက်ခြံက နှစ်ထပ် အိမ်ခေါင်မိုးပေါ်ကျော်ပြီး အလင်းရောင်လုသည့်သဘော၊ အနောက်ဘက်ဆီသို့ကိုင်းတစ်ကိုင်းပါ တိုးထွက်ပြီး အိမ်ခေါင်မိုးနေသည့်အတွက် လွန်ခဲ့သည့်လေးနှစ်ခန့်ကအိမ်ကညီမက လူငှားအကူအညီဖြင့် သရက်ပင်ကို ခုတ်ပစ်လိုက်သည်။ 

    ပင်ခြေအထက်ခြောက်ပေလောက် ခွဆုံအထိ ခုတ်ချိုင်ပြီးစာရေးသူခြံထဲက သုံးပင်အိမ်ကလေးရဲ့လှေကားခုံအမိုးပေါ်က ကိုင်းငယ်တစ်ခုပဲချန်ထားခဲ့သည်။ သရက်ပင် မပွင့်တော့ပါ။ ဒီနှစ်တော့ အပင်ခုတ်ချိုင်ပြီး လေးနှစ်ထဲရောက်မှ အနည်းငယ် စတင်ပွင့်လာပါသည်။ အသီးတင်မည်၊ မတင်မည် မသိရသေးပါ။ အိမ်ရှေ့မျက်နှာစာတွင် ပေ ၂၀ လောက် မြေလွတ်ရှိသည်။ တစ်ဖက်ခြံနှင့်အုတ်နံရံခြားထားပြီး ထိုအုတ်နံရံကို မှီဆွဲကာ တစ်ပေခွဲခန့်အကျယ်၊ အလျားပေ ၂၀ ခန့် Flower Box လုပ်ပြီး စံပယ်ပင်များ စိုက်ထားသည်။ 

    စာရေးသူ၏ဇနီးက ခြံ၏ အရှေ့တောင်ထောင့်နားမှာ တစ်ပင်၊ Flower Box နားကပ်ပြီးတစ်ပင် ကံ့ကော်ပင်နှစ်ပင် စိုက်ခဲ့သည်။သူကွယ်လွန်သွားတာ ခုနစ်နှစ်ပြည့်လုပြီ သူကွယ်လွန်ပြီး နောက်တစ်နှစ်မှာ အရှေ့တောင်ထောင့် သံတံခါးနားက အပင်က လောင်းရိပ်ကျတာက တစ်မျိုး သံတံခါးနှင့် အုတ်နံရံကပ်လွန်း၍ စာရေးသူက တူးယူပြီး Flower Box နား ရွှေ့စိုက်သည်။ မကြာလှပါ၊ နှစ်နှစ်မပြည့်မီ ထိုအပင်သေသွားသည်။ သူစိုက်ခဲ့သည့် မူလအပင်ကတော့ လွန်ခဲ့သော သုံးနှစ်ခန့်ကစပြီး ကံ့ကော်ပွင့်များ ပွင့်ပါသည်။ 

    လွန်ခဲ့သော နှစ်ကဆိုလျှင် အပွင့် ၄၀-၅၀ မက ရသည်။ ထိုအပင်၏ အရှေ့တောင်ဘက် ခြောက်ပေခန့်အကွာ တစ်ဖက်ခြံထဲမှာ ရဲယိုပင်က မြင့်လာ၍ ခြံရှင်ကို ပြောပြတောင်းပန်ရာ ခြံရှင်က ရဲယိုပင်ကို ခုတ်ပေးလိုက်၍ အလင်းပွင့်ပြီး မနှစ်က ပိုပွင့်လာသလားလို့ပင်ထင်မိပါသည်။ ယခုနှစ်တော့။ သိပ်ပြီးမမျှော်လင့်တော့ပေ၊ စာရေးသူခရီးသွားနေစဉ် အိမ်က ညီမနှင့် သမီးက ကံ့ကော်ပင်က မြင့်လွန်း၍ အပေါ်ကအပွင့်တွေ ခူးရခက်သည်ဟုထင်သလား မသိပါ။ 

    အပေါ်ပိုင်း သုံးပေလောက်ကို ခုတ်ချိုင်လိုက်သည်။ စာရေးသူ ခရီးကပြန်တော့ တွေ့ရတာ စိတ်မကောင်းလှပေ။ သို့သော် လွန်ပြီးသား မပြောတော့ပေ။ ယခုအောက်ပိုင်းအရွက်တွေမှာ တစ်ပွင့်က သိသိသာသာပွင့်လာပါပြီ၊ နောက်တစ်ပွင့်များ ရဦးမလား မသိတော့ပေ။ အပေါ်ဆုံးကိုင်းငုတ်များက ထွက်လာသည့် နီရောင်ရဲ နေသည့် ကံ့ကော်ရွက်ကလေးများက ဘယ်တော့များမှ Auxin,Cytokinin,Gi bberellin များ ထုတ်ပေးမလဲ၊ စောင့်ရုံပဲရှိမည်။ မြန်မာ့ရိုးရာ ရှေးလူကြီးစကားများ ရှိပါသည်။ “မန်ကျည်းချိုင် အို၊ ဆီးချိုင်ပျို” မှန်သည်။ 

    မန်ကျည်းပင်များ ခုတ်ချိုင်လျှင်ရင့်ကာ ကိုင်းသစ်မရတော့ဘဲ အိုစာသွားပြီး နာသွားသည်။ ဆီးပင်ကတော့ နှစ်စဉ်နတ်တော်လကုန်လောက် ချိုင်ပေးမှ ကိုင်းသစ်မှ အသီးများများရတတ်ပါသည်။အခြားအပင်မျိုးစိတ်များလည်း သူ့သဘာဝနှင့်သူ ရှိမှာပါ။ “ဒါကြောင့်သီးပင်စားပင်၊ ပန်းပွင့်ပင်ကို အလျင်စလို မခုတ်ကြပါနှင့်။ 

    သုတကျော် 

    မြန်မာတောင်သူကြီးများ ဂျာနယ် 

    -----------------

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
17
comments
0
views
6146