cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“ထောပတ်ပင်စိုက်ပျိုးနည်း”

. Cultivation Methods
မြန်မာအမည် - ထောပတ်သီး

အင်္ဂလိပ်အမည် - Avocado

ရုက္ခဗေဒ - Perseaamericana

မျိုးရင်းအမည် - Lauraceae
  • မူရင်းဒေသ 

    အမေရိကတိုက်အလယ်ပိုင်း၊မက္ကဆီကိုနိုင်ငံရှိကုန်းမြင့်ဒေသများ ဖြစ်ပါသည်။ 

    မြေအမျိုးအစား 

    ထောပတ်စိုက်ပျိုးမည့်မြေသည် ရေမဝပ်စေရပါ။ ရေထုတ်ရန်လွယ်ကူပါက မြေစေး၊သဲ၊ကျောက်စရစ်မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မြေအောက်မျက်နှာပြင် (၃)ပေအနက်အတွင်း အောက်ခံကျောက်သားရှိနေပါက အပင်ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၆၀၀၀)အထိ စိုက်ပျိုးနိုင်သည်။သင့်တော်သည့် မြေအချဉ်ငန်ဓါတ်မှာ(၅‒၇)အတွင်းဖြစ်ပါသည်။ 

    ရာသီဥတု 

    ပျမ်းမျှအပူချိန်(၁၂ မှ ၂၈)°C၊ မိုးရေချိန်(၂၆‒၅၈)လက်မအတွင်း ကောင်းစွာဖြစ်ထွန်းသည်။ ထောပတ်အပွင့်များသည် မိုးဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ကိုင်းများသည် ကျိုးလွယ်သဖြင့် လေဒဏ်ကို သတိပြုရန်လိုအပ်သည်။ 

    မျိုးများ 

    မြန်မာနိုင်ငံတွင် ထောပတ်မျိုးပေါင်း(၂၀)ခန့်ရှိပါသည်။ မြန်မာနိုင်ငံမှထောပတ်သီးများမှာ ပုံသဏ္ဍာန်နှင့် အရောင်အမျိုးမျိုးရှိပြီး အသီးအခွံကြမ်းခြင်း၊ ပျော့ခြင်း၊ အဖုပါခြင်း၊ အစေ့ကြီးခြင်း၊ သေးခြင်း စသည်ဖြင့်အမျိုးမျိုး ကွဲပြားနေပါသည်။ထောပတ်သီး၏ အသီးပုံသဏ္ဍာန်ကိုကြည့်၍ အဝိုင်းသီး၊ အရှည်သီး၊ မီးသီးပုံ၊ ဘူးသီးပုံစသည်ဖြင့်ဒေသအလိုက် ခေါ်ဝေါ်လျှက်ရှိပါသည်။ 

    မျိုးပွားခြင်း 

    မြန်မာနိုင်ငံတွင် လက်ရှိသီးထွက်ရရှိနေသော ထောပတ်အပင်များမှာ အစေ့မှမျိုးပွားစိုက်ပျိုးခဲ့သော အပင်များဖြစ်ပါသည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး ရောဂါဒါဏ်ခံနိုင်ရည်ရှိသောအောက်ခံပင်အား စိုက်ပျိုးပြီး မိမိလိုလားသော အရည်အသွေးနှင့်ပြည့်စုံသော မျိုးကိုင်းဖြင့် ကိုင်းဆက်စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ရောဂါပိုးမွှားကင်းသော အပင်မှအသီးမှည့်၏ အစေ့ကိုယူ၍ (၅၀)°C ရေနွေးတွင် နာရီဝက်စိမ်ပြီး အအေးခံ၍ ခြောက်သွေ့အောင်ထားရမည် ။ထို့နောက် အစေ့အပေါ်ယံအခွံပါးကို ခွာထုတ်၍ အသီး၏ အညှာဘက်၊ချွန်သောဘက်၏ ထိပ်အား ဓါးထက်ထက်ဖြင့် အနည်းငယ်ဖြတ်ပစ်ကာ မြေချစိုက်ရမည်။ အသီးညှာကို အပေါ်၌ထားရပါမည်။ အောက်ခံပင်သက်တမ်း (၆)လခန့်ရှိ၍ ပင်စည်လုံးပတ် (၁)လက်မ၏ လေးပုံတစ်ပုံခန့် ရှိချိန်တွင် (၂)လသားခန့်ရှိသော မျိုးကိုင်းအနုနှင့် ကိုင်းဆက်ပေးရမည်။မျိုးကိုင်း၏အရွယ်အစားသည်လည်း အောက်ခံပင်၏ ပင်စည်လုံးပတ်နှင့်အရွယ်အစားတူရမည်။  

    မြေပြုပြင်ခြင်း 

    မစိုက်ပျိုးခင်(၂)ပေပတ်လည်ကျင်းများတူးပြီးသဘာဝမြေသြဇာ(၈)ပြည်၊ဖွဲပြာ(၄)ပြည်၊မြေဆွေး(၈)ပြည်၊တီစူပါစတီးဇွန်း(၄)ဇွန်းထည့်ကာမြေနှပ်ထားရပါမည်။ 

    စိုက်ပျိုးခြင်း 

    ထောပတ်ပင် စိုက်ပျိုးသင့်သော အကွာအဝေးများမှာ မြေဆီဩဇာထက်သန်မှုအပေါ် မူတည်ပါသည်။ မြေဆီဩဇာ ထက်သန်သော မြေဖြစ်လျှင်ပင်ကြား ×တန်ကြား(၂၀'×၂၀')၊(၂၅'× ၂၀')၊(၂၅'×၂၅')၊(၂၅'×၃၀')၊(၃၀'×၃၀')စသည်ဖြင့် စိုက်ပျိုးနိုင်ပြီး မြေဆီဩဇာ အလယ်အလတ်ဖြစ်လျှင် (၁၅'×၂၀') ဖြင့်စိုက်ပျိုးနိုင်၍ မြေဆီဩဇာညံ့လျှင် (၁၅'×၁၅') စိုက်ပျိုးသင့်ပါသည်။ ထောပတ်ပင်သည် ပင်တည်းရော ပင်ခြားပါဝတ်မှုန်ကူးသည်။ နံနက်ပိုင်းတွင် အမပွင့်ပြီး ညနေပိုင်းတွင် အဖိုပွင့်သောမျိုးကို (A type) ဟုခေါ်ပြီး နံနက်ပိုင်းအဖိုပန်းပွင့်ပြီး ညနေပိုင်းအမပန်းပွင့်သောမျိုးကို (B type)ဟုခေါ်သည်။ 

    အသီးတင်မှုအားကောင်းစေရန်  

    A typeနှင့်B type ကိုခြောက်တန်းတစ်တန်း ရောနှောစိုက်သင့်သည်။ ပျိုးပင်ငယ်များအား စိုက်ပျိုးပြီးပြီးခြင်းတွင် ရေလောင်းရန်လိုအပ်ပါသည်။ ထောပတ်ပင်ငယ်များအား တစ်ကြိမ်ရေသွင်းရာတွင် ရေ(၁၀)ဂါလံနှုန်းဖြင့် တစ်လလျှင်(၂)ကြိမ် ရေသွင်းရန် လိုအပ်ပါသည်။ ထောပတ်အပင်ကြီး တစ်ပင်အတွက် တစ်ကြိမ်ရေသွင်းလျှင်ရေ (၂၀)ဂါလံ ရရှိရန် လိုအပ်ပါသည်။သို့သော် ပင်ခြေဝန်းကျင်၌ ရေဝပ်ခြင်းကို မကြိုက်နှစ်သက်ပါ။အပင်သက်တမ်းအလိုက် မြေသြဇာကျွေးရန် လိုအပ်ပါသည်။အပင်ငယ်တစ်ပင်တွင် နိုက်ထရိုဂျင်(၉၀-၁၈၀)ဂရမ်၊ ဖော့စဖရပ်(၉၀‒၁၈၀)ဂရမ်၊ပိုတက်ရှ်(၉၀‒၁၈၀)ဂရမ်နှုန်းလိုအပ်ပြီးအသီးသီးမည့်အပင်ကြီးတစ်ပင်အတွက် နိုက်ထရိုဂျင်(၆၀ဂရမ်)၊ဖော့စဖရပ် (၃၂ဂရမ်)၊ပိုတက်ရှ်(၆၀ဂရမ်)နှုန်းလိုအပ်ပါသည်။အရွက်များသေးရှည်ကာ ရွက်ကြောများကြား၌ အဝါရောင်အပြောက်များ ဖြစ်ပေါ်လာပါကဇင့်ဓါတ်ပါသော ရွက်ဖြန်းမြေသြဇာ တစ်မျိုးမျိုးအား ဖျန်းပေးသင့်ပါသည်။ 

    အပင်ပြုစုခြင်း 

    စိုက်ပျိုးပြီး(၂‒၃)လခန့်ရှိ၍ အပင်အမြင့်(၃)ပေခန့် ရှိချိန်တွင် အပင်ပုံသွင်းခြင်းကို စတင်ဆောင် ရွက်ရပါမည်။အပင်အမြင့်(၃)ပေခန့်တွင် ထိပ်ညွန့်များကို ဖြတ်ပေးပါ။ထွက်လာသော အညွန့်အသစ်များထဲမှပင်စည်မှအကွာအဝေးတူညီသော အညွန့်(၃-၄)ညွန့်ချန်၍ ကျန်ရှိနေသော အတက်များကို ဖြတ်ထုတ်ပါ။အထက်သို့ ထောင်တက်နေသော အညွန့်များကိုလည်း ဖြတ်ထုတ်ပါ။ချန်ထားသော အညွန့်(၃-၄)ညွန့်အားပင်စည်မှ (၂-၃)ပေ အကွာမှ ထိပ်ညွန့်များကို ဖြတ်ပေးပါ။အပင်ပုံသွင်းခြင်းကို ဒုတိယနှစ်အထိ ပြုလုပ်ပေးရမည်။အသီးခူးရန်နှင့် အပင်ပြုစုရန် လွယ်ကူစေပြီး လေဒဏ်ခံနိုင်ရန်အတွက် အပင်အမြင့်ကို (၁၅‒၂၀)ပေခန့်သာထားသင့်ပါသည်။အပင်ကြီးများတွင် အသီးခူးပြီးချိန်တိုင်း ကိုင်းများရှင်းသင့်ပါသည်။ 

    ရောဂါများ 

    Seedling blight ရောဂါသည် အဆိုးရွားဆုံးဖြစ်သည်။အရွက်ကြွေ၊ အပင်ခြောက်၍ တစ်ပင်လုံး သေသွားနိုင်သည်။ Copper ပါဝင်သောဆေးများဖြင့် ကာကွယ်နိုင်ပါသည်။ အသီးသီးနေသည့် ထောပတ်ပင်များတွင် ကိုင်းခြောက်သေခြင်းများ ဖြစ်ပွားမှုသည် အမြစ်ပုပ်ရောဂါကြောင့်ဖြစ်၍ ထရိုင်ဂိုဒါးမားမှိုကို မြေတွင် ရောထည့်ပေးပြီး ကာကွယ်နိုင်ပါ သည်။ 

    ပိုးမွှားများ 

    ပိုးမွှားကျရောက်မှုဆိုးရွားစွာမရှိပါ။တခါတရံတွင်ကျိုင်းကောင်နှင့်ခူကောင်များကျရောက်တတ်ပါသည်။သင့်တော်သောပိုးသတ်ဆေးအားဆေးဗူးပါအညွှန်းအတိုင်းပက်ဖျန်းကာကွယ်နိုင်ပါသည်။ 

    ရိတ်သိမ်းခြင်း 

    အစေ့စိုက်ပင်များတွင် စိုက်ပြီး(၇‒၈)နှစ်အကြာ၌ ပန်းပွင့်ပြီးကိုင်းဆက်အပင်များမှာ စိုက်ပြီး(၃)နှစ်အကြာတွင် ပန်းစပွင့်ပါသည်။အသီးတင်ပြီး(၆)လအကြာတွင် စတင်ခူးဆွတ် နိုင်ပါသည်။ထောပတ်သီးသည်ရင့်လာသည့်တိုင်အပင်ပေါ်တွင် ရက်သတ္တပတ်ကြာကြာ ရှိနေနိုင်ပါသည်။ခူးဆွတ်ရန် အကောင်းဆုံးအချိန်သည် ထောပတ်သီးအညှာ၏ အရောင်မှာအညို(သို့မဟုတ်)အနက်ရောင် ပြောင်းသည့်အချိန် ဖြစ်ပါသည်။ခူးဆွတ်ရာတွင် ထောပတ်သီးအညှာအား တစ်လက်မ၏ လေးပုံတစ်ပုံခန့်ချန်၍ ခူးဆွတ်ရပါမည်။ 

    အထွက်နှုန်း 

    တစ်ဧကလျှင်(၂)တန်မှ(၅)တန်ထွက်ရှိနိုင်ပါသည်။အသီးရင့်များကို(၂၇)°Cတွင်ထားပါက တစ်ပတ်အတွင်းရင့်မှည့်ပြီး(၅)°Cတွင်ထားပါကတစ်လအကြာမှရင့်မှည့်ပါသည်။ 

    ခူးဆွတ်ပြီးနောက်လိုက်နာဆောင်ရွက်ရမည့်အချက်များ 

    (၁)ထောပတ်သီးများခူးဆွတ်ရာတွင်အောက်သို့ပြုတ်မကျအောင်ခူးပါ။ 

    (၂)ခူးဆွတ်ပြီးအသီးများကိုခြင်း၊တောင်းထဲသို့ထည့်ရာတွင်ပစ်မထည့်ရပါ။ 

    (၃)အပြစ်အနာအဆာပါသောအသီးများကိုရွေးထုတ်၍အရွယ်အစားတူညီသောအသီးများကိုရွေးချယ်ပါ။ 

    (၄) အသီးများကိုအဝေးသို့ ရောင်းချရန်အတွက်စနစ်တကျကပ်ပုံးများဖြင့်ထုတ်ပိုး၍ပို့ပါ။ 

    (၅)အသီးတစ်လုံးချင်းအားဖော့အိတ်(သို့)သတင်းစာဖြင့်ပတ်၍ကပ်ပုံးအတွင်းထည့်ပါ။တစ်လုံးနှင့်တစ်လုံးမထိစေရန်အသီး(၂)လုံးအလယ်တွင်ကတ်ထူဖြတ်စများဖြင့်ခြားထားပါ။ 

     

    စိုက်ပျိုးရေးဦးစီးဌာန 

     

     


  • article
likes
14
comments
0
views
4149