ဆောင်းနှမ်းလက်ကျန်နည်းနေပြီဖြစ်၍ နှမ်းစျေးမြင့်နေ
ဆောင်းနှမ်းလက်ကျန်နည်းနေပြီ
ဖြစ်၍ နှမ်းစျေး မြင့် နေ ကြောင်း
နှမ်းကုန်သည် နှင့် တောင်သူများထံမှ သိရသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ ဆောင်းနှမ်းလက်ကျန်နည်းခြင်း ၊ နွေနှမ်းမဝင်သေးခြင်း နှင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
ထို့အပြင် နှမ်းနက်မှာလည်း တရုတ်ဝယ်လက်နည်းသော်လည်း လက်ကျန်နည်းခြင်းကြောင့်စျေးနှုန်း အတက်စျေးဖြင့် ငြိမ်နေကြောင်း သိရသည်။
“အခု ဆောင်းနှမ်းက လက်ကျန်နည်းသလောက်ဖြစ်နေပြီး နွေနှမ်းကလည်း စျေးကွက်ထဲ လုံးဝ မရောက်သေးဘူး ။ တချို့နယ်တွေ မိုးစောင့်နေကြတယ် ၊ တချို့နယ်တွေကျ မိုးအပြင် လေပါ ပါသွားတဲ့ အတွက် နှမ်းပင်တွေလဲ သွားကြတဲ့ အခြေအနေ နဲ့ ကြုံနေရတယ်။ ပုံမှန်ရေ ပေးဝေမူနဲ့ ရာသီဥတု အခြေအနေ ကောင်းရင်တော့ နွေးနှမ်း အထွက်တိုးမယ်။ ရိပ်သိမ်းခါနီး မိုးရွာချရင်တော့ နှမ်းထဲ ရေဝင်ပြီး အရည်အသွေးကျနိုင်တယ်။ လက်ကျန်နည်းသွားလို့ စျေးက အတက်စျေးမှာရှိနေတယ် ။” ဟု အောင်လံ မြို့ မှ နှမ်းစိုက် တောင်သူတစ်ဦးက ပြောသည်။
အချို့ ဆီစက်ရုံ ၊ ကုန်သည်များ နှင့် လှောင်ရန် ဝယ်ယူကြသူများ အနေဖြင့် လက်ကျန် နှမ်းများကို စျေး ကောင်းပေး လိုက်လံ ဝယ်ယူနေကြကြောင်းလည်း သိရသည်။
အောင်လံကုန်စည်ဒိုင် မတ်လ ၁၄ရက်နေ့ဈေးကွက် ပေါက်ဈေးအရ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၅၀၀၀၀ကနေ ၃၈၀၀၀၀ ကြားထိ ပေါက်ဈေးရှိပြီး၊ နှမ်းဖြူမှာ ၃၅၀၀၀၀ကျပ် ၊ နှမ်းညို မှာ ၃၄၀၀၀၀ ကျပ်ထိ အမြင့်စျေးတွင် ရှိနေကြောင်းသိရသည်။
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၇၀၀၀၀ ကနေ ၄၂၀၀၀၀ ကြားထိ ပေါက်ဈေးရှိပြီး နှမ်းဖြူ Jp မှာ ၄၂၀၀၀၀ကျပ် အထိအမြင့်စျေးတွင် ရှိကြောင်း သိရသည်။
“နှမ်းက တရုတ် အဝယ်ပဲရှိတယ်။ ပြည်ပစျေးကွက်အေးတယ်၊ လက်ကျန်နည်းနေလို့သာ အမြင့်စျေး နဲ့ ငြိမ်နေတာကြာပြီ ၊ ရာသီဥတု ကောင်းရင်တော့ နှမ်း အရည်အသွေးကောင်းမှာ။ အရည်အသွေးကောင်း မှလည်း ပြင်ပက ဝယ်လိုအား ကောင်းမှာ “ဟု နှမ်းကုန်သည်တစ်ဦး ကပြောသည်။
နှမ်းနက် တစ်တန်လျှင် FOB စျေးအရ 1680 မှ 1730 ဒေါ်လာ ပေါက်စျေးရှိပြီး နှမ်းဖြူ တစ်တန်လျှင် 1640 မှ 1690 ဒေါ်လာ ထိ ရှိပြီး ကာလအစဖြင့် ယှဉ်ပါက အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။
နွေနှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို အစောဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ်တွင် ပုံမှန်ရေပေးဝေမှုနှင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းများ ကောင်းမွန်နိုင်ကြောင်း သုံးသပ်ကြသည်။
ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံ တစ်ခုတည်းကသာ အဝယ်အနည်းငယ်ရှိကြောင်း သိရသည်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
-----
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price