cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲမျိုးစုံတွင်ကျရောက်သော ရောဂါများ

. Diseases
ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။
  • ၁။ ကုလားပဲပင်ညှိုးရောဂါ(Fusarium wilt)

    Fusarium oxysporum f.sp ciceri

    ရောဂါလက္ခဏာ

    အပင်ငယ်စဉ်တွင် ရောဂါရ အပင်သည် အရွက်များအောက်သို့ ငိုက်ကျ ခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ မြေကြီး ပေါ်သို့လဲနေခြင်းများ တွေ့ရှိနိုင်သည်။ ပင်စည်ကို ခွဲကြည့်လျှင် အူတိုင်သည် အနက်ရောင်အဖြစ်တွေ့ရသည်။ အမြစ် ၏ပြင်ပလက္ခဏာမှာ အပင်ကောင်း ကဲ့သို့ ရှိနေပါသည်။ တစ်ခါတစ်ရံ တစ်ပင်လုံးညှိုးခြင်း မရှိဘဲ ပင်ကိုင်း တစ်ခု (သို့မဟုတ်)အချို့သာ ညှိုးသည် ကို တွေ့နိုင်သည်။

    ကျရောက်မှု

    ရောဂါခံနိုင်ရည်နည်းသော စိုက်ပြီး(၂၅) ရက် အကြာတွင် ရောဂါ စတွေ့နိုင်သည်။

    ကာကွယ်နှိမ်နင်းနည်း

    - သီးလှည့်နစ်ဖြင့် အနည်းဆုံး (၆)နှစ်ခြားစိုက်ပါ။ပင်လုံးပြန့် အာနိသင်ရှိ မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ် စိုက်ပျိုးနိုင်ပါသည်။ သီးနှံ

    - ရိတ်သိမ်းပြီး မြေကို ထယ်လှန် ပေးပါ။ Tebuconazole, Hymexazol မှိုသတ်ဆေးများ အသုံးပြုနိုင်ပါသည်။

    ၂။ မြစ်ခြောက်ဆွေး (Dry root rot)

    Rhizoctonia bataticola

    ရောဂါလက္ခဏာ

    အပင်သေများသည် နေရာအနှံ့တွင် ပြန့်ကျဲ၍ တွေ့ရှိနိုင်သည်။ ရောဂါဖြစ် သော အပင်သည် ထိပ်ဖျားညှိုးကျသည်မှအပ အခြားအရွက်များ ညှိုးကျ ခြင်းမရှိပါ။အရွက်များနှင့် ပင်စည် များသည် တဖြည်းဖြည်း ကောက်ရိုး ရောင်သို့ ပြောင်းသွားသည်။ အပင်ကိုနှုတ်ကြည့်ပါက မြစ်မွှာများ ပြတ်ကျန် ခဲ့ပြီး ရေသောက်မြစ်တစ်ခုတည်းလောက်သာ တွေ့ရတတ်သည်။အမြစ်မှာခြောက်နေပြီးအမြစ်ပေါ်တွင်မီးခိုးရောင် မှိုမျှင်ကို တွေ့နိုင်သည်။ သေနေသော အမြစ်၏ အဖျားပိုင်းကို ချိုးကြည့်ပါက ကျွတ်ဆတ်သည်ကို တွေ့ရသည်။ အခေါက်၏အတွင်းဘက် တွင်လည်းကောင်း၊ အသားထဲတွင် လည်းကောင်း သေးငယ်သော အနက် လုံးငယ် (စကယ်လ်ရိုးရှား) များကို မှန်ဘီလူးအကူအညီဖြင့် တွေ့နိုင်ပါ သည်။

    ကျရောက်မှု

    သဲနုံးမြေတွင် မြေစေးထက် ပိုမိုဖြစ်ပွားနိုင်သည်။ အပူချိန်(၂၀) ဒီဂရီစင်တီ ဂရိတ်မှ(၃၀) ဒီဂရီစင်တီ ဂရိတ်အတွင်း အဖြစ်များ ပြီး ရောဂါပိုမို ဆိုးရွားနိုင် သည်။

    ကာကွယ်နှိမ်နင်းနည်း

    - ပူသောရာသီလွတ်ရန်စိုက်ချိန်စော စိုက်ပါ။

    - Difenoconazole, Iprodione, Azoxystrobin, Validamycin စသောမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင် ပါသည်။

    - ရောဂါခံနိုင်သော မျိုးကို သုံးပါ။

    ၃။ ပင်ခြေပုပ်ရောဂါ (Collar rot)

    Sclerotium rolfsii

    ရောဂါလက္ခဏာ

    ရောဂါဖြစ်သောအပင်မှာ အဝါရောင် ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့ လဲကျ ပြီး အပင်ကြီးပါက အပင်ထောင်လျှက် ခြောက်နေသည်။ အပင်ငယ်၌ ပင်ခြေ မှစ၍ အမြစ်အောက်ဘက်သို့ ဆက်၍ ပုပ်သည်။ ပုပ်သောအပိုင်းတွင် အဖြူ ရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်။ အစိုဓာတ်များသော မြေတွင် ရောဂါရ အပင်ကို နှုတ်ကြည့်ပါက အပင်ခြေနှင့် မြေကြီးထဲတွင် မှိုမျှင်ဖြူများနှင့်အတူ မုံညင်းစေ့ကဲ့သို့သော (စကယ်လ်ရိုးရှား) အလုံးငယ်များကို တွေ့နိုင် သည်။ စိုက်ခင်းထဲတွင် အပင်သေများ သည် အကွက်ငယ်များအဖြစ်ပြန့်ကြဲ လျှက်ရှိသည်။

    ကျရောက်မှု

    ဤရောဂါကို အပင်ငယ်စဉ် တွင် (စိုက်ပြီး (၆)ပတ် အထိ) အစိုဓာတ်များသော မြေတွင်တွေ့ရှိရသည်။ အပူချိန်မြင့်သောဒေသတွင် ရေ သွင်းစိုက်ပျိုးရသော ကုလားပဲခင်း၌ အပင် အရွယ်မရွေး ဤရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ စပါး အပြီး ကုလားပဲ သီးထပ် စိုက်ပျိုးသော ဒေသတွင် ဤရောဂါပိုမို တွေ့နိုင်ပါ သည်။

    ကာကွယ်နှိမ်နင်းနည်း

    ရောဂါရပင်ကြွင်းပင်ကျန် များအားဖျက်စီးပစ်ပါ။ မြေအစိုဓာတ်များမှ မဖြစ် စေရန်ထိန်းသိမ်းပါ။ Azoxystrobin, Hymexazol, Tebuconazole, Validamycin စသောမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။

    ၄။ ပဲမျိုးစုံ မှဲ့ပြောက်စွန်း ရောဂါ(Anthracnose)

    Colletotrichum dematium, Colletotrichum Lindemuthianum

    ရောဂါလက္ခဏာ

    အပင်၏မြေပေါ်အစိတ်အပိုင်းအားလုံး ကို တိုက်ခိုက်နိုင်သည်။ ရောဂါရ အစေ့ရွက်အောက်ထွက်စများပေါ်တွင် သေးငယ်သော အနက်ရောင်အစက် ပြောက်များတွေ့ပြီး မကြာမီ အပင်ငယ် ကို ပုပ်သွားစေသည်။ သေးငယ်သော အဝိုင်းပုံ၊ အရှည်ပုံ နီညိုရောင် အနာကွက်များကို ရွက်ရိုးတံများ၊ အရွက် များနှင့် အသီးတောင့်များပေါ်တွင် တွေ့နိုင်ပြီး မကြာမီ အနက်ရောင် ပြောင်းကာအလယ်ချိုင့်လာပြီး အဝါရောင်အနားရစ်ပါရှိသည်။ ပင်စည် ပေါ်တွင်မူ အနာကွက်များမှာ နုစဉ် တွင် သံချေးရောင်ရှိပြီး ရင့်လာသော အခါတွင် နှုတ်ခမ်းသား မို့မောက်၍ . နီညိုရောင်

    အရစ်ဖြင့် ဝန်းရံထားသော ချိုင့်ခွက်နာများသဖွယ် ဖြစ်လာသည်။ မှို၏ မျိုးပွားအင်္ဂါစိတ်အပိုင်း ဖြစ်သော အနက်ရောင် အစက်ငယ်များကို အနာ ကွက်ထဲတွင် ပျံ့နှံ့စွာတွေ့ရခြင်းသည် ထင်ရှားသောလက္ခဏာ ဖြစ်ပါသည်။

    ကျရောက်မှု

    မှိုသည်တစ်ရာသီမှ တစ်ရာသီသို့ အစေ့ခွံတွင်းခိုအောင်း၍လည်းကောင်း၊ သီးနှံပင်အကြွင်းအကျန် များတွင် ခိုအောင်း၍ လည်းကောင်း ကူးစက် စေသည်။ စိုထိုင်းဆ (၉၂) % အထက်နှင့် အပူချိန် (၁၃-၂၆) ဒီဂရီစင်တီ ဂရိတ်အတွင်း (အကောင်း ဆုံးမှာ ၁၇ ဒီဂရီစင်တီ ဂရိတ်) တို့သည် ရောဂါ ကူးစက်ရန် အကောင်းဆုံး ပတ်ဝန်းကျင် အခြေအနေ များ ဖြစ်သည်။

    ကာကွယ်နှိမ်နင်းနည်း

    - ရောဂါကင်းသော ဒေသမှ မျိုးစေ့ကိုအသုံးပြုပါ။ ရောဂါ ကျဒေသမှမျိုးစေ့ကို ပြန်လည် အသုံးပြုလိုပါက ဓာတု မှိုသတ်ဆေး တစ်မျိုး မျိုးဖြင့် လူးနယ်ပြီးစိုက်ပျိုးပါ။

    - ပဲမျိုးနွယ်ဝင်မဟုတ်သော အပင်များဖြင့်(၂- ၃)နှစ်အထိ သီးနှံ အလှည့်ကျ စိုက်ပါ။ အပင်တွင် ရောဂါလက္ခဏာ စတွေ့ပါက ၆:၈:၁၀၀ အချိုး ရှိ ဘော်ဒိုဆေးရည်ဖြင့် လည်းကောင်း။

    - Hexaconazole, Chlorotalonil, Thiophanate methyl, Azoxystrobin စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။ အပူချိန် (၆၀) ဒီဂရီစင်တီ ဂရိတ် ရှိသော ရေနွေးထဲ၌ မျိုးစေ့များကို (၅) မိနစ်ကြာ စိမ်ပြီး မှ စိုက်ပါ။

    ၅။ ပဲမျိုးစုံ ဖားဥမှိုရောဂါ (Powdery Mildew)

    Erysiphe polygoni

    ရောဂါလက္ခဏာ

    အပင်၏မြေပေါ်အစိတ်အပိုင်းအားလုံး တွင် ကျရောက်နိုင်သည်။ အရောင်မညီ ကွက်ပြောက်များကို အရွက်ရင့်များ အပေါ်ဘက်မျက်နှာပြင်တွင် စတင် တွေ့ရှိရသည်။ ထိုအကွက်များသည် နောက်ပိုင်း၌သေးငယ်သော အဖြူ ရောင်အကွက်များဖြစ်လာပြီး အဖြူ ကွက်များ ပေါင်းစပ်သွားသောအခါ အရွက်မျက်နှာပြင် တစ်ခုလုံးပေါ်၌ ပေါင်ဒါမှုန့်များ ပက်ဖြူးထားသည့် အသွင်မျိုး တွေ့ရသည်။ ရောဂါ ပြင်းထန်ပါက အရွက်တစ်ခုလုံး သာမက အပင်ကိုပါ ပေါင်ဒါမှုန့်များဖြူးထားသကဲ့သို့ ဖြစ်ပြီး အရွက်များ ပုံမမှန်ဖြစ်ကာ ဝါဖျော့လာသည်။

    ကျရောက်မှု

    အေး၍ခြောက်သွေ့သော ရာသီဥတုသည် ဖားဥမှို ရောဂါကျရောက်မှုကို အားပေးသည်။ မှို၏ စပိုး များသည် လေဖြင့် ပျံ့လွင့် ရောဂါကူးစက်နိုင်သည်။

    ကာကွယ်နှိမ်နင်းနည်း

    ပဲမျိုးနွယ်ဝင်မဟုတ်သောသီးနှံများဖြင့် အလှည့်ကျ စိုက်ပါ။ ပင်ကြွင်းပင်ကျန်များ ဖျက်ဆီးမီးရှို့ပါ။ မှိုသတ်ဆေး များ (ဥပမာ - Kersoxim methyl, Thiophanate methyl, Chlorothalonil Hexaconazole များဖြင့် ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။ ဒေသအလိုက် ခံနိုင်ရည် ရှိသော မျိုးကိုသုံးပါ။

    ၆။ ပဲမျိုးစုံ သံချေးရောဂါ (Rust)

    Uromyces appendiculatus

    ရောဂါလက္ခဏာ

    သံချေးရောဂါ၏ ယေဘုယျလက္ခဏာမှာ အရွက်နှင့် အသီးတောင့်များပေါ် တွင် နီညိုရောင်၊ အဝိုင်းပုံအဖုငယ်များ ဖြစ်ပေါ်ခြင်းဖြစ်သည်။ရောဂါပြင်းထန် လွန်းပါက ရောဂါရအရွက် တစ်သျှူး များ သေကုန်ပြီး စိမ်းဝါဖျော့ရောင်မှ အဝါရောင်သို့ပြောင်းကာ တစ်ရွက်လုံး ခြောက်သေသွားသည်။

    ကျရောက်မှု

    မျိုးစေ့ဆောင်ရောဂါ မဟုတ်ပါ။ မှို၏စပိုးများ သည်လယ်ယာသုံးကိရိယာများ၊ အင်းဆက်နှင့် တိရိစ္ဆာန်များတွယ်ကပ်ပါ သွားခြင်းဖြင့် တစ်ခင်းမှ တစ်ခင်းသို့ ကူးစက်နိုင် သည်။ အရပ်ဒေသတစ်ခုမှ အခြားအရပ်ဒေသတစ်ခုသို့ လေမှတစ်ဆင့် ကူးစက် သည်။

    ကာကွယ်နှိမ်နင်းနည်း

    ပဲမျိုးရင်းဝင် မဟုတ်သော သီးနှံအလှည့်ကျစိုက်ပါ။ ရောဂါရ ပင်ကြွင်းပင်ကျန် များကို စုပုံမီးရှို့ပါ။ ရောဂါ ဖြစ်စေ မှိုကြီးထွား တိုးတက် မှုကို ဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေ (အထူးသဖြင့်အပူချိန်နှင့် အစို ဓာတ်ရရှိသည့်ကာလ) ကို ရှောင်ကြဉ်နိုင်ရန် စိုက်ချိန်ကို ချိန်ဆ စိုက်ပျိုးပါ။

    ရောဂါလက္ခဏာတွေ့ပါက မှိုသတ်ဆေးများ (ဥပမာ- Azoxystrobin, Tebuconazole, Propiconazole, Thiophanate methyl, Chlorothalonil, Trifloxystrobini, Hexaconazole များဖြင့် ထိရောက်စွာကာကွယ် နှိမ်နင်း နိုင်ပါသည်။ ဒေသအလိုက် ခံနိုင်ရည် ရှိသော မျိုးကိုသုံးပါ။

    ၇။ မြစ်ဖုနီမတုတ် ရောဂါ (Root-Knot Nematode)

    Meloidogyne javanica, M. arenaria, M.acronea

    ရောဂါလက္ခဏာ

    အပင်အပေါ်ပိုင်း လက္ခဏာများ ထူးထူးခြားခြား မတွေ့ရှိရဘဲ အပင် များ ပုဝါနေခြင်းသာ တွေ့ရှိရပြီး ပန်းပွင့်ချိန် နောက်ကျတတ်သည်။ ရောဂါရအပင်ကိုနုတ်ကြည့်ပါက မြစ်ဖု လက္ခဏာကို ထင်ထင်ရှားရှား တွေ့မြင် နိုင်သည်။

    ကျရောက်မှု

    ပင်ကြွင်းပင်ကျန်များ၊ ပေါင်းမြက်များနှင့် ရောဂါ ကျရောက်ခဲ့သော မြေကြီး တစ်ဆင့်ရောဂါကူး စက်တတ်သည်။

    ကာကွယ်နှိမ်နင်းနည်း

    ရောဂါကင်းသော စိုက်ခင်းကို ရွေးချယ်စိုက်ပျိုးပါ။ နှံစား ပြောင်း၊ ပြောင်းဖူးတို့ဖြင့် များမှ သီးလှည့်စိုက်ပျိုးပါ။ နွေထယ်ရေးခံပါ။

    စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်းသီးနှံစာအုပ်မှကောက်နုတ်ချက်

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes9comments0
views3597