တစ်ပတ်တာစျေးကွက်သုံးသပ်ချက် (ပဲစဥ်းငုံနီ၊ ကုလားပဲ၊ ပဲကြီး၊ ကြက်သွန်ဖြူ၊ထန်းလျက် ) (၂၄.၆.၂၀၂၄ မှ ၂၈.၆.၂၀၂၄)
ပဲစဥ်းငုံနီ
ပဲစင်းငုံနီကတော့ တစ်ပတ်အတွင်း အတက်အကျတွေ ရှိခဲ့ပြီး တစ်တန်ကို ၄၅ သိန်းအောက်ထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပြင်ပ ငွေလဲလှယ်ဈေးနှုန်းမြင့်တက်နေတဲ့ အခြေအနေကြောင့် ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ ဈေး အနည်းငယ် မြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ပဲ လက်ကျန် လျော့နည်းတာ ထုတ်ရောင်းမှု နည်းတာတွေကြောင့် ဈေးက ပြန်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ အပတ်က ပဲစင်းငုံ သိုလှောင်ခွင့် နဲ့ ပတ်သတ်ပြီး လက်ကားသမားတွေ က တန်ချိန် ၂၀၀၊ လက်လီ သမားတွေက တန်ချိန် ၅၀ နဲ့ လက်လီဆိုင်ကြီး သမားတွေက တန်ချိန် ၂၀၀ သိုလှောင်ရမှာ ဖြစ်ပြီးသိုလှောင်ခွင့်ကို လာမယ့် စက်တင်ဘာလကုန် အထိ ကန့်သတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ပဲစင်းငုံနီက အိန္ဒိယနိုင်ငံတွင်း အထွက်နှုန်းလျော့ကျနေတာ ဖြစ်လို့ ဈေးကတော့ အမြင့်ဈေးမှာ ပဲ ရှိနေနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၁၀၀ ရူပီး ဈေးမြင့်တက်လာပါတယ်။
ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၅၈၀၀၀၀ ကျပ်၊ တနင်္လာနေ့မှာတော့ တစ်တန်ကို ၄၄၉၅၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၄၅၅၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၅၀၂၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၅၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။
FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၃၃၀ မှ ၁၃၅၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ၁၀ ဒေါ်လာ လောက် ဈေးကျဆင်းသွားပါတယ်။
ကုလားပဲ
ကုလားပဲကလည်း ဈေးဆက်တိုက် ကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပြီး အကျဈေး နဲ့ လှောင်လက်တွေ အဝယ်ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၀၈၀ မှ ၄၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၄၃၃၀ မှ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းပါတယ်။ ကုလားပဲ ခြမ်းကတော့ တစ်ပိဿာကို ၅၆၀၀ မှ ၅၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေး ကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၅၂၀၀၀ မှ ၂၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ကုလားပဲ 929 က တစ်အိတ်ကို ၂၄၂၀၀၀ မှ ၂၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၃၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းပါတယ်။
ပဲကြီး
ဈေးငြိမ်နေတဲ့ ပဲကြီးက ဒီတစ်ပတ်မှာတော့ နယ်ဈေးကွက်မှာ ဈေးအနည်းငယ်ပြန်မြင့် တက်လာပါတယ်။ ဈေးကွက်အတွင်း ပစ္စည်း အဝင်နည်းပြီး အဝယ်သွက်နေလို့ ဈေးမြင့်တက်လာ တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး (ကုန်း)က တစ်ပိဿာကို ၄၆၉၅ မှ ၄၇၈၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းပါတယ်။ (ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၅၄၈၅ မှ ၅၆၆၅ ရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာ ပဲကြီး တစ်အိတ်ကို ၂၂၀၀၀၀ မှ ၂၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ ပုံမှန် အဝင်ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ကြူကုတ် ကတော့ ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်များပါတယ်။ ကြက်သွန်ဖြူက လက်ရှိ လမ်းခရီး အခြေအနေ များကြောင့် ဈေးကွက် အဝင်နည်းနိုင်ပြီး ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ခန့်မှန်းမှုတွေ ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၉၃၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ထန်းလျက်
ထန်းလျက်တွေကတော့ ဈေးကျဆင်းပါတယ်။ မိုးတွင်းကာလ အဝယ်နည်းလို့ ဈေး ကျဆင်းတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက်(တောင်သာ) ကတစ်ပိဿာကို ၄၂၅၀ မှ ၄၃၅၀ ပေါက်ဈေးရှိပြီးတ စ်ပိဿာကို ၅၀ ကျပ်၊ထန်းလျက် (ရေစကြို)ကတော့ တစ်ပိဿာကို ၅၈၅၀ မှ ၅၉၅၀ ကျပ်ရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မေမီမောင်(AMIA)