cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်း ငရုတ်စျေးကွက်အခြေအနေ

. Market News
သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ငရုတ်စျေး အနည်းငယ် ပြန်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
  • ပြီးခဲ့သည့် လ တတိယပတ်ဖြင့် ယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀၀ မှ ၁၅၀၀အထိ မြင့် တက်လာကြောင်း သိရသည်။

    “ အဓိက သယ်ယူပို့ဆောင်ရေးကြောင့် စျေးမတူတာပေါ့။ သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ နေရာတွေ မှာ ကုန်ကျစရိတ်များတော့ စျေးပိုများသွားတဲ့ သဘောပါ။ ငရုတ်ထွက်တဲ့ ဒေသတွေမှာဆို စျေး မရဘူး။ “ ဟု ဧရာဝတီ တိုင်ဒေသကြီး မှ ငရုတ်စိုက်တောင်သူတစ်ဦး ကပြောသည်။

    လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပန်းရဲသစ် တစ်ပိဿာလျှင် ၆၀၀၀မှ ၆၅၀၀ ကျပ် ၊ မြှားနီ တစ်ပိဿာလျှင် ၅၅၀၀ မှ ၆၀၀၀ကျပ်၊ နှင့် မိုးထောင် မြစ်ဝ တစ်ပိဿာလျှင် ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ် ၊ ဆင်ဖြူကျွန်း ပု တစ်ပိဿာ ၉၀၀၀မှ ၁၁၀၀၀ကျပ် ထိ ပေါက်စျေး ရှိ ကြောင်းသိရသည်။

    လက်တ‌လော ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချနေရ၍သာ တောင်သူများအနေဖြင့် အဆင်ပြေနေကြောင်း သိရသည်။

    ရှမ်းပြည်နယ်ဘက်မှာလည်း စျေးငြိမ်နေပြီး ပြီးခဲ့သည့်နှစ်ဖြင့် ယှဉ်ပါက ၅၀ရာခိုင်နှုန်း ခန့် အရောင်း ဝယ်အေးနေကြောင်း အောင်ပန်း ကုန်စည်ဒိုင်များမှ သုံးသပ်ကြသည်။

    “ငရုတ်က စျေးကွက်ကို ပျောက်ထွက်သွားတယ်။ ၅၀၀ ၊ ၁၀၀၀ လောက်ကတော့ စျေးတက်တယ် မခေါ်ဘူး။ သူတို့ ကုန်ဆွဲတာများရင် ၅၀၀၊ ၁၀၀၀လောက် စျေးတင်ရောင်းလိုက်တဲ့ သဘောပါ။ အရင်နှစ်တွေက ဝမ်းတွင်း ၊မိတ္ထိလာ တစ်ကြောက ငရုတ်သီးလှိုင်လှိုင်ထွက်တဲ့ ဒေသတွေမှာ တရုတ်က ဆွဲတယ်။ တရုတ်က မဆွဲရင်ကို ထိုင်းက ဆွဲတယ်။ ဒီနှစ်က လမ်းပန်းဆက်သွယ်ရေးက အခက်ခဲတွေရှိတယ်၊ ပိတ်ထားတာတွေရှိတယ်။ ကုန်သွယ်လို့ မရတဲ့ နေရာတွေ ရှိတယ်။ ငရုတ် စျေးကွက်က ဝယ်မဲ့သူ မရှိဘူး။ ရှမ်းမြောက်က အဓိက သွားလာနေတဲ့ လမ်းကြောင်းလေ၊ တရုတ်နဲ့ ရှမ်း နဲ့ မန္တလေး၊ ဝမ်းတွင်းတို့ ဆက်နေတာ အခု အဲ့လမ်းကြောင်းတွေက ဘာမှလုပ်မရဘူး၊ “ ဟု ရှမ်းပြည်နယ် အောင်ပန်း မှ ကုန်သည်တစ်ဦးကပြောသည်။ အဓိကအားထား နေရသည့် လမ်းကြောင်းများ ဖြစ်သော ရှမ်းမြောက်၊ ရခိုင်၊ မြစ်ကြီးနား ၊မန္တလေး၊ ကော့ဂရိတ်၊ ရှမ်းရှေ့ ၊ ကရင်ပြည်နယ်၊ မြဝတီ အစရှိသည့် လမ်းကြောင်းများမှ လက်ရှိ သွားလာရခက်ခဲနေကြောင်း သိရသည်။

    ထို့အပြင် ပြည်တွင်းအခြေအနေများကြောင့် ပုံမှန် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် လမ်းကြောင်းများ သွား၍မရဘဲ မိုင်းလား လမ်းပိုင်းမှ ကုန်ကားများနှင့် သွားလာကာ သယ်ယူပို့ဆောင်နေရခြင်းကြောင့် အခက်အခဲ အနည်းငယ် ရှိနေသည်ဟု သိရပါသည်။

    ရှမ်းပြည်နယ်တွင် ရှမ်းပွခြောက် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ရှမ်း သွယ်ခြောက် တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ကုလား အော်သီး ခြောက် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်အထိ၊ သာမို တစ်ပိဿာလျှင် ၇၅၀၀ ပေါက်စျေးရှိကြောင်း အောင်ပန်း မြို့မှ ကုန်စည်အမျိုးမျိုး ရောင်းဝယ်ရေးဒိုင် တစ်ခုမှ သိရသည်။

    ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး မိုးကြို ငရုတ်ကို မတ်လနှင့် ဧပြီလတို့၌ စိုက်ပျိုးကာ ဇွန်လတွင် စတင်ခူးဆွတ်လေ့ရှိ ကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    ......

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views1551