cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

pre emergence ပေါင်းသတ်ဆေး (ပေါင်းအုပ်ဆေး)

. Weeds Management
မြေအစိုဓာတ် သင့်တင့်အောင်ရှိခြင်း စတဲ့အချက်များ မှန်ကန်ကိုက်ညီဖို့လိုကြောင်းနဲ့ နည်းစနစ် အချိန်အခါ မှန်ကန်စွာသုံးမှသာ မိမိတို့စိုက်ခင်းမှာ ပေါင်းအုပ်ဆေးသုံးပြီး ပေါင်းမပေါက်လာဘူးဆိုတဲ့ ရလဒ်ကို အပြည့်အဝ ရနိုင်မှာဖြစ်ပါကြောင်း။
  • pre emergence ပေါင်းသတ်ဆေး (ပေါင်းအုပ်ဆေး) တွေကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့အတွက် သဘောပေါက်ထားသင့်တဲ့အချက်တစ်ချက်ကို ဆွေးနွေးချင်ပါတယ်။

    ပေါင်းအုပ်ဆေးတွေသည် မြေကြီးပေါ်ကို တိုက်ရိုက်ဖျန်းရတာ၊ ပေါက်ပြီးသားပေါင်းတွေကို သေစေနိုင်စွမ်းမရှိတာ၊ ဆေးအလိုက် လုံလောက်တဲ့မြေအစိုဓာတ်ရှိမှ ထိရောက်မှုရနိုင်တာ၊ မြေအမျိုးအစားအလိုက် စိမ့်ဝင်နိုင်စွမ်း တည်မြဲနိုင်စွမ်းမတူတာ၊ ပေါင်းမျိုးစေ့တွေ အညှောင့်ပေါက်မလာအောင်၊ အညှောင့်ပေါက်လာတဲ့ပေါင်းစေ့တွေဆက်လက်ရှင်မလာအောင် ဟန့်တားနိုင်စွမ်းရှိတာ၊ မြေအောက်မှာရှိတဲ့ မျိုးပွါးနိုင်တဲ့ ပင်ပိုင်းအစိတ်အပိုင်းတွေကို သေစေနိုင်စွမ်းမရှိတာ စတဲ့အချက်များကို အများစုက သိရှိနားလည်ကြပြီးဖြစ်ပါတယ်။

    ပေါင်းအုပ်ဆေးတွေကို မြေပေါ်သို့ဖျန်းလိုက်တဲ့အခါ မြေကြီးအတွင်း စိမ့်ဝင်သွားတဲ့အခါ ဆေးတွေက ဘယ်လိုဖြစ်မှာလဲ။ မြေကြီးမြေသားကြားမှာရှိတဲ့ ရေထဲမှာ ပျော်ဝင်မှာလား၊ မြေသားတွေကို ကပ်တွယ်ထားမှာလား၊ ရေထဲမှာ (soil water မှာ) ပျော်ဝင်နေတဲ့ဆေးနဲ့ မြေသားမှာ ကပ်တွယ်နေတဲ့ဆေး ဘယ်အရာက ပေါင်းပင်အပေါ် သက်ရောက်မှု ပိုရှိမှာလဲ စတဲ့အချက်ကို ဆွေးနွေးမှာဖြစ်ပါတယ်။

    မြေပေါ်ကိုဖျန်းလိုက်တဲ့ပေါင်းအုပ်ဆေးသည် မြေသားအတွင်းစိမ့်ဝင်ပြီး မြေစိုင်ခဲငယ်လေးများကြားရှိ ရေထဲမှာပျော်ဝင်ပါတယ်။ အချို့ကတော့ မြေစိုင်ခဲမှာ ကပ်တွယ်နေတတ်ပါတယ်(အစိုဓာတ်လုံလောက်စွာမရှိပဲ ပေါင်းအုပ်ဆေးဖျန်းတဲ့အခါ ပိုပြီးဖြစ်နိုင်ပါတယ်)။

    Soil water ရေမှာ ပျော်ဝင်နေတဲ့ဆေးဟာ ပေါင်းမျိုးစေ့ထဲသို့ စိမ့်ဝင်ပြီး ပေါင်းမျိုးစေ့အပင်ပေါက်မလာနိုင်ပါဘူး။

    ဒါပေမယ့် ယေဘုယျအားဖြင့် အသုံးပြုလိုက်တဲ့ဆေးရဲ့ ပမာဏ တဝက်ကျော်ဟာ မြေသားတွေမှာ ကပ်တွယ်နေမှုပိုများပါတယ်။ ရေမှာပျော်ဝင်တဲ့ ဆေးပမာဏ များလေလေ ပေါင်းမျိုးစေ့တွေ အညှောင့်ပေါက်မလာလေလေဖြစ်ပြီး ဆေးထိရောက်မှုကို ပိုရနိုင်ပါတယ်။

    ဒါက ဆေးရဲ့ ဓာတုဂုဏ်သတ္တိ၊ မြေအမျိုးအစား၊ ဆေးဖျန်းချိန် မြေရဲ့အစိုဓာတ်၊ မြေရဲ့ချဉ်ငန်ကိန်း စတာတွေအလိုက် ရေမှာပျော်ဝင်မှုပမာဏ ဘယ်လောက်ရှိမယ်၊ ကပ်တွယ်မှုဘယ်လောက်ရှိမယ်ကို ဆုံးဖြတ်သွားပါတယ်။

    မြေသားမှာဘယ်လောက်ကပ်တွယ်မှာလဲဆိုတာသည် မြေကြီးထဲမှာ ဓာတ်ဖို (+ ion) များလေလေ ပေါင်းသတ်ဆေး မော်လီကျူရဲ့ ဓာတ်မ (- ion) နဲ့ဆွဲကပ်မှုများလေလေဖြစ်နိုင်ပါတယ်။

    မြေသားအတွင်းရှိရေမှာ ဆေးရဲ့ပျော်ဝင်မှုပမာဏသည် ဆေးရဲ့ ရေမှာပျော်ဝင်နိုင်စွမ်းနဲ့ မြေအစိုဓာတ်ရှိမှုအပေါ် တိုက်ရိုက်သက်ဆိုင်ပါတယ်။ အစိုဓာတ်ရှိမယ် ဆေးရဲ့ပျော်ဝင်နိုင်စွမ်းကောင်းမယ်ဆိုရင် ပေါင်းပင်တွေ ပေါက်မလာတာကို ရလဒ်အဖြစ်တွေ့ရပါမယ်။ မြေသားမှာ ကပ်တွယ်နေတဲ့ဆေးသည် အစိုဓာတ်လုံလောက်အောင်မရသေးတဲ့အချိန်မှာ ပေါင်းမျိုးစေ့အပေါ် ထိရောက်မှုကောင်းစွာမရနိုင်သလို မြေသားထဲက အနုဇီဝသက်ရှိထိခိုက်မှုကိုလည်း ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မြေကြီးထဲမှာရှိတဲ့ အာဟာရ (N နဲ့ K, Zn, S) ကို binding (ဖမ်းယူ)ထားပြီး သီးနှံပင်က စားသုံးနိုင်တဲ့ပုံစံအဖြစ် မပြောင်းလဲနိုင်အောင် ဟန့်တားပါတယ်။

    ကာလတစ်ခုအကြာ အစိုဓာတ်ရလာချိန်မှာတော့ ကျန်ရှိနေတဲ့ဆေးသည် ရေမှာပျော်ဝင်တဲ့အခါ ပေါင်းစေ့အချို့က အပင်ပေါက်ပြီးသားဖြစ်နေခြင်း၊ အပင်မပေါက်သေးတဲ့ပေါင်းစေ့အတွက်လည်း သေစေနိုင်တဲ့ပမာဏအထိ အာနိသင်မကျန်တော့ခြင်း (sub lethal dose) ဖြစ်ကာ ဆေးယဉ်ပါးမှုရှိလာတဲ့ ပေါင်းအမျိုးအစားဖြစ်လာနိုင်ပါတယ်။

    မြေသားအမျိုးအစားအရဆိုရင်-

    မြေသားသည် သဲဆန်ပါက ဆေးသည် မြေအောက်ရေအထိ လျှင်မြန်စွာစိမ့်ဝင်ဆုံးရှုံးတတ်ပါတယ်။ မြေကြီးရဲ့ Koc (soil organic carbon sorption coefficient) သည် ဆေးကို မြေကြီးက ဘယ်လောက်စုပ်ယူထားနိုင်မှာလဲဆိုတဲ့အချက်ကို ဆုံးဖြတ်ပေးပါတယ်။

    နောက်ထပ် ပေါင်းသတ်ဆေးရဲ့အာနိသင်ကို ဆုံးဖြတ်ပေးတဲ့အချက်တွေကတော့ မြေကြီးရဲ့ ဓာတ်ဖိုဖလှယ်နိုင်စွမ်း (CEC)ဖြစ်ပါတယ်။ CEC သည် မြေကြီးမှာ မြေဆွေးနဲ့ နုန်းပါဝင်မှုအလိုက် အနည်းအများကွာခြားပါတယ်။ CEC မြင့်လေလေ မြေသားမှာ ဆေးကုပ်တွယ်မှုများလေလေ၊ မြေကြီးထဲက ရေမှာ ဆေးပျော်ဝင်မှုနည်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့် မြေပေါ် တိုက်ရိုက်ဖျန်းရတဲ့ ပေါင်းသတ်ဆေးနှုန်းထားကိုဖော်ပြချက်မှာ တဧက အသုံးပြုရမည့်နှုန်းထားဆိုသောအချက်ကို ပုံသေသတ်မှတ်ခြင်းက လွဲမှားပါတယ်။

    ဖျန်းမယ့်မြေမှာ မြေဆွေးနဲ့ နုန်းပါဝင်မှုများရင် CEC မြင့်နိုင်တာကြောင့် ပေါင်းမျိုးစေ့တွေသေစေနိုင်တဲ့ ဆေးပမာဏအထိ ရေမှာပျော်ဝင်ဖို့ (ပေါင်းမျိုးစေ့ကို အဆိပ်သင့်စေဖို့) ဆိုရင် ဆေးနှုန်းထား ပိုဖို့လိုပါတယ်။

    မြေချဉ်ငန်ကိန်းရဲ့ အရေးပါမှုကို ဆက်လက်ဆွေးနွေးပါမယ်။

    ပေါင်းသတ်ဆေးတိုင်းကတော့ မြေမှာ စုပ်ယူမှု ကပ်တွယ်မှုအတွက် pH အပေါ် မူတည်တာမဟုတ်ပါဘူး။ သို့သော် Atrazine အုပ်စုဆေးတွေရဲ့ ပျော်ဝင်မှုကတော့ မြေရဲ့ pH အပေါ် မူတည်ပါတယ်။ pH 7 အောက် မြေချဉ်(အက်ဆစ်ဆန်သောမြေ) ထဲက ရေမှာ [H]+ hydrogen ions များပြီး ဆေးကို ပိုမိုပျော်ဝင်စေနိုင်ပါတယ်။ Sulfonylurea အုပ်စုဆေးတွေကတော့ မြေချဉ် pH 7 အောက်မှာ မြေသားကပ်တွယ်မှု ပိုများပါတယ်။

    ဒီအချက်တွေကို ခြုံငုံပြီးနားလည်ထားရင်

    ပေါင်းအုပ်ဆေးသုံးတဲ့အခါ ထိရောက်မှု၊ ပေါင်းပေါက်မလာမှု၊ ပေါင်းတွေ ဆေးသုံးထားပေမယ့် ပေါက်လာမှုသည် ဆေးအပေါ် တချက်ထဲသာ မူတည်နေတာမဟုတ်ပဲ ဆေးရဲ့ဂုဏ်သတ္တိ၊ အမျိုးအစား၊ နှုန်းထား၊ မြေအမျိုးအစား၊ pH အပြင် အထူးသဖြင့် မြေအစိုဓာတ် သင့်တင့်အောင်ရှိခြင်း စတဲ့အချက်များ မှန်ကန်ကိုက်ညီဖို့လိုကြောင်းနဲ့ နည်းစနစ် အချိန်အခါ မှန်ကန်စွာသုံးမှသာ မိမိတို့စိုက်ခင်းမှာ ပေါင်းအုပ်ဆေးသုံးပြီး ပေါင်းမပေါက်လာဘူးဆိုတဲ့ ရလဒ်ကို အပြည့်အဝ ရနိုင်မှာဖြစ်ပါကြောင်း။

    Source: Dr. DaDa

    Ph. D Entomology

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
17
comments
0
views
5043