cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ယူရီးယား မြေဩဇာ ကြဲလျှင် သဘာ၀ မြေဩဇာနှင့် ရောနှပ်ပြီးမှ ကြဲပါ

. Plant Nutrition
ဘယ်လောက်တောင် လေလွင့်ဆုံးရှုံး သလဲဆိုရင် ၇၀ ရာခိုင်နှုန်းဆုံးရှုံးပြီး ၃၀ ရာခိုင်နှုန်းဘဲ စပါးပင်က ရတာဗျ။
  • ကျေးဇူးရှင် တောင်သူ လယ်သမား မိဘကြီး များအားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သ လိုက်ပါတယ် ခင်ဗျား။

    ပြီးခဲ့တဲ့ သီတင်းပတ် တည်းက ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံ ကုန်းမြို့နယ် ဘက်ကို ရောက်တော့ လမ်းဘေး ဝဲယာတွေမှာ စပါးတွေ တစ်မျှော် တစ်ခေါ် စိုက်ပျိုး ထားတာ တွေ့ရတယ်။ အဲဒီ အထဲ ခပ်လှမ်း လှမ်းစိုက်ခင်းမှာ တောင်းကိုပိုက်ပြီး မြေ ဩဇာ ကြဲနေတာကို တွေ့ရပါတယ်။ ဓာတ်မြေဩဇာကြဲပက်သူ လယ်သမားကြီးရဲ့ လက်ထဲကနေ ဖွေးကနဲဖွေးကနဲ အရာများ ထွက်လာတာတွေ့ရပါတယ်။ အကြံပေးသူ အတွေ့အကြုံအရ ဒါယူရီးယားမြေဩဇာ ကြဲနေတာဖြစ်ရမယ်လို့ စိတ်ထဲမှာ မှတ် လိုက်မိပါတယ်။

    ဒါနဲ့ စိတ်ဝင်စား သွားလို့ ကားကိုရပ်ပြီး ဓာတ်မြေဩဇာ ကြဲနေတဲ့ တောင်သူ လယ်သမားကြီးဆီ အရောက် ကွင်းဆင်း ကြည့်မိပါတယ်။ ဘာတွေ ကြဲနေတာ လဲဗျလို့ မေးတော့ ပုလဲ(ယူရီးယား) ကြဲနေတာပါ ဆရာလို့ ပြန် ဖြေပါတယ်။ သူရဲ့ တောင်းထဲကို ငုံ့ကြည့် လိုက်တော့လည်း အမှန်ပါ။ ပုလဲပါဘဲ။ ပုလဲ မြေဩဇာ ချည်းပါပဲ။ ပုလဲ မြေဩဇာကို ဦးကြီးတို့ သဘာ၀ မြေဩဇာလေး၊ နွားချေး မှုန့်လေးနဲ့ရောနှပ်ပြီး မကြဲဘူးလားလို့မေး တော့ မကြဲပါဘူးဆရာတဲ့။ ပုလဲမြေဩဇာ ကို ဒီတိုင်းသူ့ချည်းဘဲကြဲရင် လေလွင့်ဆုံး ရှုံးမှုများပြီး စပါးပင်အထွက်နည်းနည်းဘဲ ရပြီး အကျိုးမများဘူးဆိုတာ သိလားလို့ မေးတော့ မသိဘူးဆရာတဲ့။

    ဒီတော့ စိုက်ပျိုးရေး ပညာရှင် အငြိမ်းစား တစ်ယောက် ဆိုပေမယ့် ဒီတောင်သူ လယ်သမားကို ဒီနည်းပညာသိအောင် ဆွေး နွေးအကြံပြုပေးဖို့က တာဝန်ရှိလာ ပြန်တာ ပေါ့ဗျာ။

    စိုက်ပျိုးရေးသမား ဆိုတော့ လယ်သမားနဲ့ တွေ့ရင် စိုက်ပျိုး နည်းပညာ တစ်ခုခုတော့ ဆွေးနွေး ပညာပေးလိုက်ရမှ အကျင့်ပါနေတာကို။ ကဲ တောင်သူလယ်သမားဦးကြီး ဒီလို မှတ်သားဗျာ၊ ပုလဲလိုခေါ်တဲ့ ယူရီးယား မြေဩဇာဟာ မိသိန်းဆိုတဲ့ ဓာတ်ငွေ့ကို ဖိအားအများကြီး ပေးပြီး ခဲထားတာဗျ။ ဒီဓာတ် မြေဩဇာကို မထားတတ်ရင်၊ ပြီးတော့ စိုက်ခင်း တွေထဲမှာ သုံးစွဲတဲ့စနစ် မမှန်ရင် တမန်းထဲ စိမ့်ဝင်ပြီး၊ ဆင်းရေနဲ့ ပါဝင်ပြီး အငွေ့ပြန်ပြီး လေလွင့်ဆုံးရှုံးမှုများစေတယ် ဗျာ။ ဘယ်လောက်တောင် လေလွင့်ဆုံးရှုံး သလဲဆိုရင် ၇၀ ရာခိုင်နှုန်းဆုံးရှုံးပြီး ၃၀ ရာခိုင်နှုန်းဘဲ စပါးပင်က ရတာဗျ။ ယူရီး ယားမြေဩဇာကို လယ်သမားကြီး ငွေကျပ် ၁၀၀ ဖိုးထည့်ရင် ၃၀ ကျပ် ဖိုးဘဲအပင်ကရ ပြီး ၇၀ ကျပ်ဖိုး လေလွင့်ပြီး အဟောသီကံ ဖြစ်သွားတာပေါ့ဗျာ။ စဉ်းစားကြည့်ရင် ဘယ်လောက် နှမြောစရာကောင်းသလဲဗျာ။

    ဒီလို ယူရီးယားမြေဩဇာ ဆုံးရှုံးလေ လွင့်နေမှုကို ဘယ်လိုကာကွယ်စောင့် ရှောက်ရမလဲဆိုတော့ ပုလဲ တစ်အိတ်ကို သဘာ၀ မြေဆွေးနွားချေး သုံးအိတ်နဲ့ တစ်ညကြိုတင် သမအောင် ရောမွှေပြီး အပေါ်က ပီနံအိတ်၊ ပလပ် စတစ်အုပ်ပြီး နှပ်ထားရမယ်။ နောက်နေ့ ဓာတ်မြေဩဇာကို ကြဲ တော့မယ် ဆိုရင် သတိပြုရမှာ ကတော့ ရာသီဥတု အေးနေတဲ့ နံနက်ခင်း၊ သို့မဟုတ် ညနေခင်းမှာ ကြဲဖို့ပါဘဲ။ နေပြင်းပြင်းပူ နေတဲ့ နေ့လည်ခင်းမှာ ကြဲရင်တော့ အငွေ့ ပြန်ဆုံးရှုံးမှု ပိုများစေ တယ်ဗျ။ မြေဩဇာ ကြဲပြီးတိုင်း အမြစ်ဇုန်ထိ တမန်း ထဲရောက် သွားအောင် ခြေနဲ့ လိုက်နင်း ပေးရင် ဆုံးရှုံး မှုနည်းပြီး အမြစ်က များများ စုတ်ယူနိုင်လို့ ပိုပြီးထိ ရောက်တာကို တွေ့ရတယ်ဗျ။

    ကဲ တောင်သူ လယ်သမား ဦးကြီးများ ဒီကနေ့ကစပြီး ပုလဲ ဓာတ်မြေဩဇာ (ယူရီးယား)ကို ကြဲမယ်ဆိုရင် သူ့ချည်း မကြဲဘဲ သဘာဝမြေဆွေး နွားချေးမှုန့်နဲ့ တစ်ည သိပ်ရောနှပ်ပြီး၊ နံနက်ခင်းနဲ့ ညနေခင်းမှာ ကြဲကြပါလို့ အကြံပေးလိုက်ရပါတယ် ခင်ဗျား။

    တောင်သူလယ်သမားကြီးများ အား လုံး သီးနှံတွေအထွက်တိုးလို့ လူမှု့ဘဝတွေလည်း ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန် ကောင်းလျှက် . . .။

    အောင်ဆန်း (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများဂျာနယ်


  • article
  • article
  • article
  • article
likes
7
comments
3
views
1498