ဂဏန်းအသားတိုးမွေးမြူနည်းစနစ်များ
၁၀၀ ဂရမ် အောက်ဂဏန်များကို ရောင်းဝယ်ခြင်းမပြုရန် ငါးလုပ်ငန်းဉီးစီးဌာနမှ သတ်မှတ်တားမြစ်ထားသဖြင့် စျေးကွက်အတွင်း ၁၀၀ ဂရမ်များသည် ရောင်းဝယ်ခြင်းမရှိကြပါ။ သဘာဝမှဖမ်းဆီးသော ရေလုပ်သားများသည် ၁၀၀ ဂရမ်အောက် ဖမ်းမိသောဂဏန်းများကို ဂရမ် ၂၀၀ အထိ ပြန်လည်မွေးမြူခြင်းလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ၅၀ ဂရမ်ရှိသော ဂဏန်းတစ်ကောင်၏ သက်တမ်းသည် အနည်းဆုံး (၇)လ ရှိကြပါသည်။ ထို့ကြောင့် ၅၀ ဂရမ်မှ ၁၀၀ ဂဂရမ် အတွင်း ဂဏန်းများကို ပြန်လည်မွေးမြူခြင်းဖြင့် တန်ဖိုးမြင့် ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခု သတ်မှတ်နိုင်ပါသည်။
အဆိုပါ ဂဏန်းများ ပြန်လည်မွေးမြူရာတွင် မွေးမြူနည်းစနစ် သုံးမျိုးရှိပါသည်-
(၁)ကန်တူးမွေးမြူခြင်း
(၂)ခြံခတ်မွေးမြူခြင်း
(၃)လှောင်အိမ်ဖြင့်မွေးမြူခြင်း
ကန်တူးမွေးမြူရာတွင် ကန်အနက်သည် အနည်းဆုံး(၄)ပေ တူးဖော်ရပါမည်။ ပတ်မြောင်းစနစ်ဖြင့်လည်း တူးဖော်နိုင်ပါသည်။ လက်ရှိမွေးမြူနေသောသူများသည် ပတ်မြောင်းစနစ်ကို အသုံးပြုကြသည်က များပါသည်။ ကန်ဖြင့်မွေးမြူရာတွင် ၅၀ မှ ၁၀၀ ဂရမ် ဂဏန်းကောင်ရေ (၈၀၀၀ မှ၁၀၀၀၀)အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။
ကန်အတွင်း ရေငန် (5 ppt မှ 10 ppt)နှုန်းကို ထည့်သွင်းပေးရပါမည်။ ကန်ဖြင့် မွေးမြူပါက ရေမသွင်းမှီ ကန်အတွင်း တစ်ဧကလျှင် ထုံးပိဿာ ၁၀၀ မှ ၂၀၀ အထိ နေရာအနှံ့ ဖြူးပေးရပါမည်။ ရေဩဇာရရှိစေရန် တစ်ဧကလျှင် ပုလဲ ၁၂ပိဿာ နှင့် တီစူပါ ၆ပိဿာ ထည့်သွင်းပေးရပါမည်။ ကန်ရေအရောင် အစိမ်းနုရောင်ရရှိချိန်တွင် ဂဏန်းများကို ကန်အတွင်း လွတ်ပေးနိုင်ပါသည်။ ကန်အတွင်း ထည့်သွင်းမွေးမြူသောကာလတွင် တစ်နေ့လျှင် ကန်ရေ၏ သုံးပုံ တစ်ပုံရေလှယ်ပေးရပါမည်။ ကန်ပတ်ပတ်လည်တွင် ဂဏန်းများမထွက်စေရန် အမြင့် (၃)ပေရှိ ပိုက်ကိုကာ ရန်ပေးရပါမည်။ ကာထားသော ပိုက်သည် ကန်အတွင်း ၄၅ဒီဂရီ စောင်းပြီး ထားရပါမည်။
ဂဏန်းများသည် အသားစားသတ္တဝါဖြစ်သည့်အတွက် ငါးနှုတ်၊ ငါးဖွဲများ၊ ခရုများ၊ ယောက်သွားများကို ကျွေးနိုင်ပါသည်။ အစာကျွေးရမည့် နှုန်းမှာ ကန်အတွင်း ဂဏန်းစုစုပေါင်းအလေးချိန်၏ ၄-၅% နေ့စဉ်ကျွေးပေး ရပါမည်။ အစာကို တစ်နေ့ နှစ်ကြိမ်ကျွေးပေးပါ။
မွေးမြူရေးကာလ ၄၅ ရက် မှ ၆၀ ရက်တွင် ဂဏန်များကို ဖမ်းနိုင်ပါသည်။ ၂၀၀ဂရမ်ပြည့်သော ဂဏန်း များကို ရောင်းချနိုင်ပြီး ဂရမ် ၂၀၀ မပြည့်ပါက ပြန်လွတ်ပြီး ဆက်လက်မွေးမြူနိုင်ပါသည်။
ဦးစန်းအောင်
ထွက်တိုး





NewsFeed
Communities
Explore
Inbox
Me
Market Price