cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပိုးသတ်ဆေးကို ညနေပိုင်းမှာဖျန်းရမယ်ဆိုတဲ့ အယူအဆအမှား

. Pesticide Safety Measures
ပိုးရဲ့အလေ့အထကို ကြည့်ခြင်းထက် ဆေးရဲ့ သဘာဝကိုလည်း ချိန်ဆရပါမယ်။ သီးနှံသက်တမ်း၊ သဘာဝနဲ့ ရာသီဥတုကိုလည်း သုံးသပ်ရပါမယ်။
  • ပိုးသတ်ဆေးကို ညနေပိုင်းမှာဖျန်းရမယ်ဆိုတဲ့ယူဆချက်ဟာ အမြဲတမ်းပုံသေ အမှန်လို့ သတ်မှတ်လို့မရကြောင်း မကြာခဏဆွေးနွေးဖြစ်ပါတယ်။ အင်းဆက်အများစုရဲ့ အလေ့အထမှာ mating ပြုလုပ်ခြင်းဖြင့် ဥအုလေ့ရှိတဲ့ အမျိုးအစားတွေသည် ညနေစောင်းအချိန်မှာ active ဖြစ်တတ်ပါတယ်။ သားဆက်အတွက် ဥအုမယ့် အရွယ်ဖြစ်လို့ အကောင်ကြီးအဆင့်တွေပါ။ ဉပမာ - ဖလံအုပ်စု အကောင်ကြီးတွေသည် mating ကို ညနေခင်းမှာပြုလုပ်ပြီး ညဦးပိုင်းတွေမှာ ဥအုလေ့ရှိပါတယ်။ အချို့ ကျိုင်းအုပ်စု၊ ဂျပိုးအုပ်စုလည်း ဒီသဘာဝရှိပါတယ်။

    လိပ်ပြာအုပ်စု၊ ယင်အုပ်စုတွေကတော့ ဥအုခြင်းကို နေ့အချိန်မှာ ပြုလုပ်ပါတယ်။ လိပ်ပြာဖလံ၊ ယင် အုပ်စုရဲ့ အကောင်ကြီးအဆင့်ဟာ သီးနှံပင်ကို မဖျက်ဆီးပါဘူး။ အချို့မျိုးစိတ်တွေဆိုရင် ဝတ်မှုံကူးခြင်းအတွက်တောင် အထောက်အကူပြုပါသေးတယ်။

    နောက်တစ်ချက်_

    အင်းဆက်ဖျက်ပိုးအချို့အမျိုးအစားတွေဟာ အထီး+အမ mating လုပ်ပြီး သားဆက်မပွါးပဲ pathenogenesis လို့ခေါ်တဲ့ အာဟာရ ရရှိမှုအပေါ်မူတည်ပြီး လိင်မဲ့မျိုးပွါးပါတယ်။ ဥပမာ - ယင်ဖြူ၊ သရစ်ပိုး စတာတွေရဲ့ အလေ့အထပါ။ စုပ်စားပိုးအုပ်စုတွေအများစုဟာ ညအချိန်မှမဟုတ်ပဲ နေ့ဘက်အချိန်မှာ သီးနှံကို ဖျက်ဆီးပါတယ်။ စပါးဂျပိုးနက်၊ နှံစုပ်ဂျပိုး၊ ဖြုတ်စိမ်း စတာတွေကတော့ ညအချိန်မှာ ဖျက်ဆီးမှုများပါတယ်။

    ယင်၊ လိပ်ပြာဖလံ လောက်ကောင်အများစု၊ နှံကောင်အုပ်စု၊ ကျိုင်းအုပ်စုလောက်ကောင်တွေသည် နေ့ဘက်မှာဖျက်ဆီးမှုများပါတယ်။ ရွက်စားကျိုင်းအချို့နဲ့ ဖလံလောက်ကောင် (ငမြောင်တောင် လောက်ကောင်အဆင့် ၄-၅၊ နှမ်းဖလံလောက်ကောင်) တွေကတော့ ညဘက်မှာဖျက်ဆီးမှုရှိကြပါတယ်။

    ဒီအလေ့အထတွေကို နားလည်ပြီးတဲ့အခါမှာ အသုံးပြုမယ့် ပိုးသတ်ဆေးတွေရဲ့ဂုဏ်သတ္တိနဲ့ ပြိုကွဲနိုင်မှုအခြေအနေကို ထပ်ပြီး နားလည်ထားဖို့လိုပါတယ်။

    ပိုးသတ်ဆေးတွေကို ဖျန်းလိုက်တဲ့အခါ ထိသေ အာနိသင်သည် ဖျက်ပိုးနဲ့တိုက်ရိုက်ထိတွေ့ပြီး ဖျက်ပိုးအရေပြားထဲကို စိမ့်ဝင်စေပြီး အဆိပ်သင့်စေပါတယ်။ ဆေးနဲ့ပိုး တိုက်ရိုက်တွေ့ဖို့လိုတယ်။ ပိုးသေဖို့ လုံလောက်တဲ့ဆေးပမာဏ အပြည့်အဝ ပိုးကိုထိဖို့လိုတယ်။ ဆေးစိမ့်ဝင်နိုင်မယ့် ဖျက်ပိုးအရွယ်အစားဖြစ်ရမယ်၊ တိုက်ဆိုင်မှုရှိရပါမယ်။ ဖျက်ပိုးလောက်ကောင်ရဲ့ အရေပြားအလွှာ ၄ လွှာရှိကြောင်းနဲ့ ဖယောင်းလွှာ၊ အဆီလွှာတွေအကြောင်း ရေးဖူးပါတယ်။ လောက်ကောင်အဆင့်ကြီးလာတာနဲ့အမျှ ထိသေဆေးစိမ့်ဝင်မှုကို ခံနိုင်လာတတ်ကြောင်းကိုလည်း ဆွေးနွေးဖူးပါတယ်။

    နောက်ထပ် ဆေးအာနိသင်တွေကတော့ စားသေ (ဆေးစိမ့်ဝင်နေတဲ့ အပင်အစိတ်အပိုင်းကို ဖျက်ပိုးက စားမိပြီး အစာလမ်းကြောင်းကို အဆိပ်သင့်စေတာပါ)။ ဒီအာနိသင်ရှိဆေးဟာ ဉပမာ - အရွက်ထဲကို လုံလောက်တဲ့ပမာဏ စိမ့်ဝင်နေဖို့လိုသလို ဖျက်ပိုးဟာ သူ့ကိုသေစေတဲ့ပမာဏအထိ ဆေးဖျန်းထားတဲ့ အရွက်အစိတ်အပိုင်းကို စားမိဖို့လိုပါတယ်။

    နောက်တမျိုးက အရွက်တစ်ရှူးအတွင်း ထိုးဖောက်စိမ့်ဝင်အာနိသင်ရှိဆေး၊ ပင်လုံးပြန့်ဆေးတွေပါ။

    ဒီဆေးတွေကို ဖျန်းလိုက်တဲ့အခါ ဆေးဟာ အရွက်ထဲကို ပမာဏအတော်များများ စိမ့်ဝင်ထားဖို့လိုပါတယ်။ ပိုးသတ်ဆေး အရွက်ထဲကိုစိမ့်ဝင်ဖို့အတွက် အရွက်ရဲ့ လေပေါက်၊ ရေပေါက်တွေကနေ စိမ့်ဝင်ပါတယ်။

    အရွက်အောက်မျက်နှာပြင်မှာရှိတဲ့ လေပေါက်၊ ဘေးအနားသားတလျှောက်မှာရှိတဲ့ရေပေါက်တွေဟာ မနက်ခင်းနဲ့ ညနေခင်းအစောပိုင်းအချိန်မှာ လုံလောက်စွာပွင့်ပါတယ်။ ညမှောင်မှဆိုလည်း ဆေးမစိမ့်ဝင်နိုင်ပါဘူး။

    ဒါဆိုရင် ကိုယ်ဖျန်းလိုက်တဲ့ဆေး သေချာစိမ့်ဝင်ဖို့ အချိန်တိုက်ဆိုင်ရန်လိုကြောင်း သဘောပေါက်မယ်ထင်ပါတယ်။

    နောက်တချက် အသုံးပြုမယ့်ဆေးရဲ့ ဓာတုဂုဏ်သတ္တိပိုင်းဆိုင်ရာပါ။

    ဆေးတမျိုးနဲ့တမျိုး ပတ်ဝန်းကျင်အခြေအနေအပေါ် တုန့်ပြန်မှုမတူပါဘူး။

    ဥပမာ - Acephate, Dimethoate, carbosulfan, thiodicarb, profenofos စတဲ့ဆေးတွေဟာ အပူချိန်မြင့်ခြင်း၊ အလင်းရောင်ကောင်းစွာရရှိခြင်း စတဲ့အခြေအနေမှာ အာနိသင်ပြိုကွဲဖို့ နှေးပါတယ်။ ဒီဆေးမျိုးတွေကို ညနေပိုင်းဖျန်းတာ မှန်ပါတယ်။

    Acetameprid၊ thiamethoxam, dinotefuran, nitenpyram စတဲ့ဆေးတွေဟာ အပူချိန်လုံလောက်စွာရမှ အာနိသင်ပြိုကွဲဖို့ ကောင်းမွန်ပါတယ်။ ညနေခင်း အစောပိုင်း ၂:၃၀-၄:၃၀ (ပွင့်လင်းရာသီ)၊ မိုးရာသီမှာဆိုရင် မိုးလွတ်ပြီး နေပွင့်ချိန်မှာ ဖျန်းမှ ကောင်းစွာစိမ့်ဝင်မှာပါ။ အစိုဓာတ်များတာကို မနှစ်သက်ပါဘူး။

    Emamectin, abamectin, spinosad, chlorantraniliprole၊ Lambda Cyhalothrin စတဲ့ဆေးတွေကတော့ အာနိသင်ရဖို့ အလင်းရောင်လိုအပ်ချက်ရှိပြီး အပူချိန်မြင့်ရင်လည်း အာနိသင်လျော့ကျမှုမြန်ပါတယ်။ အသင့်လျော်ဆုံးက မနက်ပိုင်း အသုံးပြုရမယ့်ဆေးတွေပါ။

    Pymetrozine, Fipronil, Chlofenapyr စတဲ့ဆေးတွေကတော့ အပူချိန်နဲ့ အလင်းရောင်အပေါ် များစွာတုန့်ပြန်မှုမရှိတာကြောင့် မနက်၊ ညနေ အဆင်ပြေတဲ့အချိန် အသုံးပြုနိုင်ပါတယ်။

    အခုဆွေးနွေးတာတွေကို ခြုံငုံပြီးသုံးသပ်မယ်ဆိုရင် ပိုးသတ်ဆေးကို ညနေပိုင်းသာ ဖျန်းသင့်တယ်ဆိုတဲ့ ယူဆချက်ဟာ အမြဲလက်ကိုင်ထားသင့်/မထားသင့် ချိန်ဆနိုင်ပြီလို့ ထင်ပါတယ်။ ပိုးရဲ့အလေ့အထကို ကြည့်ခြင်းထက် ဆေးရဲ့ သဘာဝကိုလည်း ချိန်ဆရပါမယ်။ သီးနှံသက်တမ်း၊ သဘာဝနဲ့ ရာသီဥတုကိုလည်း သုံးသပ်ရပါမယ်။

    စိုက်ပျိုးရေးလုပ်ငန်းဟာ ပုံသေ ဘောင်ထဲမှာ လုပ်ဆောင်လို့မရတဲ့အလုပ်မျိုးပါ။ မိုး၊ မြေ၊ ပတ်ဝန်းကျင်၊ သွင်းအားစုရဲ့သဘောသဘာဝ စတာတွေကို ကြည့်ပြီး လိုသလို ပြောင်းလဲ လုပ်ဆောင်ဖို့လိုပါတယ်။

    Dr. DaDa

    Ph. D Entomology


  • article
likes
23
comments
1
views
2420