cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ထောပတ်သီးပင် အသီးမြန်စေရန် ကိုင်းကူး၊ ကိုင်းဆက်နည်း အသုံးပြုခြင်း

. Grafting and Budding
ဒီတစ်ပတ် ဆွေးနွေးအကြံပြုလိုတဲ့ အချက်ကတော့ ထောပတ်ပင် အသီးအရွယ်အစားညီ၊ အရည်အသွေးညီတဲ့ အသီးများ မြန်မြန်သီးစေရန်အတွက် လိင်မဲ့မျိုးပွား ကိုင်းကူးဆက်နည်း အကြောင်း ဆွေးနွေးချင်ပါတယ်။
  • (မှတ်ချက် - ထောပတ်စိုက်ပျိုးနည်း အပြည့်အစုံကို စိုက်ပျိုးရေးနည်းပညာတွင် ဖတ်ရှုပါ။)

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာထောပတ်သီးပြပွဲတစ်ခု လုပ်ပါတယ်။ ထောပတ်သီး အမျိုးပေါင်း ၁၀၀ ကျော်ပြသခဲ့ပါတယ်။ ပြသခဲ့တဲ့ ထောပတ်သီးထဲကမှ ပြည်ပပို့ကုန် အရည်အသွေးမီတဲ့ ထောပတ်သီး ၁၀ မျိုးကို ရွေးချယ်သတ်မှတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

    အလုံးပုံသဏ္ဌာန်တူ၊ အရွယ်ညီ၊ အရည်အသွေးကိုက်၊ အရောင်အသွေးလှ၊ အတွင်းသားမွှေးပြီးနူးညံ့ စတဲ့အရည်အချင်း လက္ခဏာတွေနဲ့ ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီပြပွဲအပြီးမှာ ထောပတ်သီးအစု အဖွဲ့ဝင်လည်းဖြစ်၊ ကိုယ်တိုင်လည်း စိုက်ပျိုးသူလည်းဖြစ်တဲ့ ပြင်ဦးလွင်က ခြံပိုင်ရှင် ဦးတင်ငွေက ဖုန်းဆက်ပါတယ်။

    သူဖုန်းဆက်တာကတော့ “ဆရာရေ ထောပတ်သီးကတော့ ပြည်ပလည်းပို့နေပြီ။ အရည်အသွေးမီတာလည်းရှိ၊ မမီတာလည်းရှိ ဖြစ်နေတယ်။ ပထမအားနည်းချက်ကတော့ ထောပတ်သီးပင်ကလည်း လွန်ခဲ့သော ၂၅ နှစ်လောက်က စားပြီးတဲ့အစေ့စိုက်ခဲ့ကြတာဘဲ။ အစေ့စိုက်ရင် အသီးကလည်း ၁၀ နှစ်ကြာမှသီးတယ်။ ဘာမျိုး၊ ဘယ်ပုံစံလည်း သတိမမူခဲ့ကြဘူး။ အဲ့ဒီတော့ အပင်တွေကပုံစံတူ၊ အရွယ်တူ၊ အရည်အသွေးတူ ထောပတ်သီးကို တန်နဲ့ချီပြီး များများစားစားရဖို့ကြတော့ တစ်ပင်ကနေ အသီးပုံသဏ္ဌာန်၊ အရွယ်အစား မျိုးစုံထွက်နေတော့ ပြည်ပပို့တဲ့အခါ အဲ့ဒါက အဟန့်အတားတစ်ခု ဖြစ်နေတယ်ဆရာ။ အဲ့ဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ဆရာဆီဖုန်းဆက် အကြံဉာဏ်တောင်းလိုက်တာပါလို့ ပြောပါတယ်။

    လွယ်လွယ်ရှင်းရှင်းလေး အဖြေပေးလိုက်ပါ့မယ် ဦးတင်ငွေရေ။

    အဲ့ဒီပြဿနာဖြေရှင်းဖို့ကတော့ ထောပတ်သီးပင်ကို အစေ့မှမစိုက်တော့ဘဲ ပုံသဏ္ဌာန်လည်းစံချိန်မီ၊ အရွယ်အစားလည်းညီ၊ အရည်အသွေးလည်းကောင်းတဲ့အပင်ကို ရွေးချယ်ပြီး အဲ့ဒီအပင်က ကိုင်းနဲ့ကိုင်းကူး၊ ကိုင်းဆက် ပျိုးထောင်ပြီးစိုက်ပါလို့ ပြောပါရစေ။

    အကျိုး ကျေးဇူးကတော့ ပုံသဏ္ဌာန်တူ၊ အရွယ်ညီညာ၊ အရည်အသွေးစံချိန်မီတဲ့ အသီးတွေများများ သီးပါလိမ့်မယ်။ ပြီးရင် ကိုင်းဆက်ပင်ကို စိုက်ပျိုးရင် ၁၀ နှစ်ထိ စောင့်စရာမလိုဘဲ ၅-၆ နှစ်ဆို စောစောသီးလိမ့်မယ်ဗျာ။

    မျိုးကိုင်းကူးနည်းကတော့ ပထမအစေ့ကိုပျိုးထောင်ပြီး အောက်ခံပင်အနေနဲ့ မွေးရမယ်။ အောက်ခံပင် တစ်နှစ်သားအရွယ်၊ ပင်စည်လုံးပတ် ခဲတံလုံးအရွယ်ရှိလာတဲ့ အခါ မိမိယူချင်တဲ့အပင်က မျိုးကိုင်းကိုဖြတ်ယူလာပြီး အောက်ခံပင်နဲ့ဆက်ရပါ့မယ်။

    ကိုင်းဆက်တဲ့နေရာမှာ ဖယောင်းအဝတ် (သို့) ပလပ်စတစ်စနဲ့ စည်းပတ်ထားရမယ်။ ပြီးလျှင် အရိပ်အာဝါသအောက်မှာထားပြီး ရေလောင်းပေးရမယ်။ ကိုင်းမဆက်ခင်မှာ ဖြတ်ယူလာတဲ့မျိုးကိုင်းမှ အရွက်များ အားလုံးကို ဖြတ်ပေးရပါ့မယ်။

    ကိုင်းဆက်နည်းအမျိုးမျိုးရှိပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှု သေချာရင် ဘယ်နည်းဖြစ်ဖြစ် အပင် ရှင်သန်ဖို့ သေချာပါတယ်။ မြန်မာနိုင်ငံမှာ ကိုင်းကူး၊ ကိုင်းဆက်ပြုလုပ်ရန် သင့်တော်တဲ့အချိန်က ဖေဖော်ဝါရီလမှ မတ်လအထိ ဖြစ်ပါတယ်။ ရာသီဥတု ပူပြင်းလျှင် အောင်နှုန်းနည်းတတ်ပါတယ်။

    အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ထက်ကျော်နေရင် ကိုင်းမကူးသင့်ပါဘူး။ ကိုင်းကူး၊ ကိုင်းဆက်လုပ်ရာတွင် မျိုးကိုင်းကို ဖြတ်ယူမလာဘဲ အောက်ခံပင်ကို မျိုးကိုင်းရှိရာအပင်သို့ ယူသွားပြီး အပင်ပေါ်မှာ ပင်အောက်ခံပင်နှင့် မျိုးကိုင်း ကိုင်းကူးဆက်ပေးပြီး အောက်ခံပင်ကို ငြိမ်အောင်ကိုင်းထောက်ပြီး ထိန်းပေးထားရန် လိုပါတယ်။

    ရေမှန်မှန်လောင်းပေးရန် လိုပါတယ်။ အောက်ခံပင်နှင့် မျိုးကိုင်းကောင်းစွာကူးဆက်သွားပြီဆိုပါက မျိုးကိုင်းကို ကိုင်းကူးဆက်ထားတဲ့ နေရာ အထက်နားမှ မိခင်အပင်နှင့် ဖြတ်ထောက်ပေးရမှာ ဖြစ်ပါတယ်။ မျိုးကိုင်းက အောက်ခံပင်နှင့် တွဲ၍ ပါလာမည်ဖြစ်ပါတယ်။

    ကိုင်းကူးပင်ကို အရိပ်မှာထားပြီး ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။ ဒီနည်းက ရှင်သန်နှုန်းများတဲ့နည်း ဖြစ်ပါတယ်။ “ကဲ ဦးတင်ငွေ ဒီလောက်ဆိုရင် အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။”

    - အောင်ဆန်း (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
11
comments
0
views
1700