cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အပင်ကို အစာကျွေးဖို့ မစဥ်းစားပဲ မြေကြီးကို အစာကျွေးဖို့ စဥ်းစားပါ

. Soil pH Measurement
နည်းစနစ်မှန်မှန် မြေဩဇာအသုံးပြုခြင်းကို လိုက်နာစေချင်တဲ့ အပြင် အကြံပြုချင်တာက ကိုယ့် စိုက်ပျိုးမဲ့ မြေကြီးကို ကောင်းမွန်အောင်အရင်ပြုပြင်ထိန်းသိမ်းကြပါ။
  • အထွက်နှုန်းတိုးဖို့ မြေဩဇာကျွေးတော့မယ်ဆို တောင်သူတွေ တွေးလိုက်တာက စျေးကွက်မှာ ရနိုင်မဲ့  ဓာတ်မြေဩဇာ တခုခု ကို အချိန်ကျ ကျွေးမယ်ပေါ့ ၊ တချို့ကျတော့လည်း မကျွေးနိုင်လို့ မကျွေးဘူးပေါ့။ တချို့ကလည်း တကယ်စနစ်တကျကျွေးတဲ့သူတွေရှိပါတယ်။ 

    သီးနှံ အတွက် အာဟာရကျွေးတော့မယ် လို့စဥ်းစားလိုက်တဲ့ အခါတိုင်း လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ အမျိုးအစားကို လိုအပ်တဲ့နေရာနဲ့ လိုအပ်တဲ့ ပမာဏ ကို ထိထိရောက်ရောက်ကျွေးမယ် ဆိုရင်တော့ အပင်ကလည်း စားသုံးနိုင်ပြီး အလေ့အလွင့်လည်းမဖြစ် ပတ်ဝန်းကျင် ညစ်ညမ်းတာကိုလည်း လျော့ချပေးနိုင်မှာပါ။ ဥပမာ- ကလေး တစ်ယောက်ကောင်းစွာကြီးထွားဖို့ ၆ လသား၊ ၁ နှစ်သား ၊ ၅ နှစ်သား ၁၀ နှစ်သား အလိုက် လိုအပ်တဲ့ အစာအာဟာရကျွေးသလိုပါပဲ။ အခါလည်သား အရွယ် ကို ၅ နှစ်သား ကျွေးရမဲ့အစာ ကျွေးတဲ့အခါ အများကြီး အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။  မြေကြီးမှာလည်း အပင်စားသုံးနိုင်တဲ့ ပမာဏထက်ပို ကျွေးမိတဲ့ အခါ ပိုလျှံပြီး လေလွင့် သလို မြေကြီး ထဲမှာ ဓာတုပစ္စည်းတွေ စုပုံလာပြီး Heavy metal လို အဆိပ်အတောက်တွေ ဖြစ်လာတတ်ပါတယ်။ 

    ဒါကြောင့်မလို့ နည်းစနစ်မှန်မှန် မြေဩဇာအသုံးပြုခြင်းကို လိုက်နာစေချင်တဲ့ အပြင် အကြံပြုချင်တာက ကိုယ့် စိုက်ပျိုးမဲ့ မြေကြီးကို ကောင်းမွန်အောင်အရင်ပြုပြင်ထိန်းသိမ်းကြပါ။  အထက်မှာ ပြောခဲ့သလို အပင်တွေကြီးထွားဖို့အတွက်  အစာအာဟာရကို မြေကြီးထဲကနေ ရရှိပါတယ်။ တောင်သူတွေ အနေနဲ့ မြေကြီးထဲရှိနေတဲ့ အပင်ရဲ့ အစာဟာ အပင်စားသုံးလိုရတဲ့ အ‌ခြေအနေဖြစ်နေအောင်လည်း ပြုပြင်ပေး သင့်ပါတယ်။ ဥပမာ- ကျွန်ုပ်တို့ လူတွေရဲ့ အစာက စပါး ဖြစ်တယ် ဆိုကြပါစို့။ အမှန်တကယ် ကျွန်ုပ်တို့ စားသုံးတာ က စပါးကနေ ဆန် အဖြစ်ကြိတ်ခွဲပြီး ထမင်းအဖြစ် ပြောင်းလဲထားတဲ့ အစာကိုစားသုံး ကြတာပါ။ အလားတူပါပဲအပင်တွေကလည်း မြေကြီးထဲကနေ မရှိမဖြစ်လိုအပ်တဲ့ အာဟာရ (၁၆) မျိုးကို နေရောင်ခြည် စွမ်းအင်နဲ့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ရေ ကို အသုံးပြုပြီး အစာအဖြစ်ချက် ပြုတ်ကာ ကြီးထွားဖို့  အသုံးပြုပါတယ်။  အကယ်၍များ မြေကြီးထဲမှာ ရှိနေ တဲ့ အစာ အာဟာရတွေက အပင်က စုတ်ယူစားသုံးနိုင်တဲ့ ပုံစံ မဟုတ်ခဲ့ဘူး။ အပင်ရဲ့ အမြစ်တွေကနေ စုတ်ယူစားသုံးဖို့အတွက် ပတ်ဝန်းကျင် အခြေအနေ ကို မြေကြီးထဲမှာ ပြင်ဆင်မပေးထားဘူး ဆိုရင်တော့ ဆန်ဘယ်လောက်ရှိ ရှိ ထမင်း ငတ်တဲ့ အဖြစ်မျိုး ကြုံရတာမျိုးပဲ ဖြစ်နေမှာပါ။ မြေကြီးထဲမှာ အဆင့်သင့် (ဒါမှမဟုတ်) ကျွန်ုပ်တို့ ထည့်လိုက်တဲ့ မြေဩဇာတွေ ကို အပင်စားသုံးနိုင်အောင် ပြုပြင် ပေးတဲ့ အရာတွေ က ဘယ်အရာတွေလည်းဆိုရင်တော့  မြေသားပုံစံကောင်းစေပြီး ရေသွင်းရေးထုတ် ကောင်းစေတဲ့ ဆွေးမြေ့နေတဲ့ အော်ဂဲနစ် ပစ္စည်းတွေ၊ မြေကြီးထဲက အာဟာရတွေ ကို ကောင်းစွာ လည်ပတ်စေ  ပြိုကွဲစေတဲ့ ဘက်တီးရီးယား၊ Fungi နဲ့ ပရိုတိုဇိုးဝါး လိုမျိုး အကျိုးပြု အဏုဇီဝတွေ နဲ့  ဒီ အကျိုးပြု အဏုဇီဝတွေကို ကောင်းစွာရှင်သန်စေပြီ အပင် အာဟာရ မျှတဲ့ အခြေနေကို ဖန်တီးပေးမဲ့ မြေကြီး ရဲ့ သင့်တင်တဲ့ ချဥ် ငန် ကိန်း ( soil pH)  တို့ပဲဖြစ်ပါတယ်။  

    ကိုယ်စိုက်ပျိုးမဲ့ မြေကြီးထဲမှာ ရှိသင့်တဲ့ မြေချဥ် ငန်ကိန်း မရှိရင်  ဒီထဲမှာ ရှင်သန်နိုင်မဲ့ အကျိုးပြု အဏုဇီဝတွေ မရှိတော့ပဲ တောင်သူတို့အနေနဲ့ မြေဩဇာ ဘယ်လောက်ထည့်ထည့် အပင်က စုတ်ယူ စားသုံးနိုင်မှာ မဟုတ်လို့ အပင်ဟာ ပိုးမွှားရောဂါ ခံနိုင်ရည်မဲ့ လာပြီး ရလာဒ်နေနဲ့ ကောင်းစွာ မကြီးထွားနိုင်လို့ ရရှိသင့်တဲ့ အထွက်နှုန်း နဲ့ ကောင်းမွန်တဲ့ အရည် အသွေးကိုလည်း ရနိုင်တော့မှာ မဟုတ်ပါ။ 

    အကယ်၍ စိုက်ပျိုးမဲ့ မြေကြီးကို ကောင်းစွာ ဆွေးမြေ့နေတဲ့ အော်ဂဲနစ် ပစ္စည်းတွေနှစ်စဥ် ထည့်မယ်၊ ဓာတုဓာတ်မြေဩဇာလည်း လိုအပ်သလောက် စနစ်တကျအသုံးပြုမယ်ဆိုရင် မြေကြီးထဲ အဆိပ် အတောက်ဖြစ်တာတွေ မရှိတော့ပဲ မြေချဥ်ငန်နှုန်း ကောင်းလာပြီး မြေကြီးထဲက အကျိုးပြု အဏုဇီဝ လေးတွေရဲ့ စွမ်းအားပြည့် လုပ်ဆောင်မှု ကို အပင်က ပြည့်ပြည့်ဝဝ ခံစားရမှာပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မြေမှာ ပေါက်ရောက်ရှင်သန်တဲ့ အပင်ရဲ့ အမြစ်တွေက ကောင်းစွာ အာဟာရစုတ် ယူထောက်ပံ့နိုင်လို့ အပင်တွေက ပိုးမွှားရောဂါနဲ့ ရာသီဥတု ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိလာ မှာဖြစ်ပါတယ်။ ရလာဒ် အနေနဲ့ ပိုးမွှားရောဂါသတ်ဆေး ကို သွယ်ဝှိုက်သောနည်းနဲ့ လျော့ချနိုင်တဲ့ အပြင် အာဟာရမျှတစွာနဲ့ ရရှိနိုင်တဲ့အတွက် အသီးအပွင့် ကောင်းပြီး အထွက်လည်း တိုးလာနိုင်မှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ တောင်သူတွေကို သတိထပ်ပေးချင်တာက ဘယ်လို ပစ္စည်းပဲဖြစ်ဖြစ် မြေကြီးထဲ စိုက်ခင်းထဲ သုံးတော့မယ်ဆို နည်းစနစ် ကျကျ နည်းလမ်းမှန်အောင် အသုံးပြုစေချင်ပါတယ်။ သာဓက အနေနဲ့ ပြောပြရမယ်ဆိုရင် တောင်သူ တစ်ယောက်က မြေချဥ်တာသက်သာဖို့ ထုံး ကို အသုံးပြုတယ် ဆိုပါစို့ မစိုက်ခင်မြေပြင်တဲ့ အခါ ထုံးကို ဘယ်အချိန်မှာ ထည့်သင့်တယ် သေချာသိထားရပါမယ်။ တချိန်ကတောင်သူတစ်‌ယောက်က ထုံး မသုံးဘူးပြောပါတယ် အကျိုးမရှိဘူး အပင်လောင် တယ်ပြောပါ တယ်၊ မစိုက်ခင် ဘယ်လောက်ခြားပြီး ထုံးထည့်ပါသလဲ မေးတော့ ၊ ပျိုးမကြဲခင် ၃ ရက် အလိုပါတဲ့ ။ ထုံးဟာ ပူပါတယ် မြေကြီးထဲ သမသွားပြီး ကောင်းစွာ အကျိုးဖြစ်ဖို့ အနည်းဆုံး ၂ ပတ် ကြိုထည့်ပြီး မြေပြင်သင့်ပါတယ်။ ဒါ စပါးစိုက်တဲ့ တောင်သူတစ်‌‌‌ယောက်နဲ့ တွေ့တုန်းက ကြုံဖူးတာလေးပါ။ ဒီလို အဖြစ်မျိုး ကြုံရတဲ့ တောင်သူတွေ ဘယ်လောက်များပါပြီလဲ။ ဒီလိုမျိုး ကိုယ်သိသလောက်လုပ်ကိုင်ရင်း အခြေအနေတွေ ဆိုးဝါးမသွားခင် စာတွေဖတ်ပါ ဆွေးနွေးပါ တကယ် နားလည်တဲ့ စိုက်ပျိုးရေးပညာရှင် တွေကို မေးမြန်းပြီး ကိုယ့်လယ်ယာမြေ စိုက်ခင်းကို ပြုပြင်ပါ။ ကျန်းမာတဲ့မြေမှာ ကောင်းမွန်စွာရှင်သန် ပြီး အထွက်နှုန်းတိုးလာချင်တာ မှန်ရင်တော့ အပင်ကိုပဲ အစာ မကျွေးပဲ မိမိ စိုက်မဲ့ မြေကြီးကို အရင်ကောင်းမွန်အောင် ကျန်းမာအောင် ပြုပြင်ပေးဖို့ တိုက်တွန်း လိုက်ရပါတယ်။ 

    မေ့ရင်သွေး 


  • article
likes
16
comments
0
views
3083