cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

“အဆမတန်စျေးကြီးလာသော တိရစ္ဆာန်အစာနေရာ အစားထိုးကျွေးနိုင်သည့် အေဇိုလာ”

. Bio-fertilizer
တိရစ္ဆာန်အများစုသည် အေဇိုလာ(Azolla)၏ အရသာကို ကြိုက်နှစ်သက်ရန် အချိန်ယူရ၍ ရက် အနည်းငယ်ကြာအောင် တဖြည်းဖြည်းကျွေးပေးရသည်။ ထို့ကြောင့် ပထမအဆင့်တွင် အနံ့အရသာ အပေါ်တွင် ကြိုက်နှစ်သက်လာအောင် စနစ်တကျကျွေးပေးရသည်။
  • “အေဇိုလာ (Azolla)” ဆိုသည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် များစွာအကျိုးရှိသော ရေနေအပင်တစ်မျိုးဖြစ်ပါသည်။ အေဇိုလာကို လတ်လတ်ဆတ်ဆတ် သို့မဟုတ် အခြောက်ခံ၍ တိရစ္ဆာန်များကို ကျွေးမွေးနိုင်ပါသည်။ နွား၊ ကြက်၊ သိုး၊ ဆိတ်၊ ဘဲ၊ ဝက်နှင့် ယုန်အစရှိသည့် တိရစ္ဆာန်များအား တိုက်ရိုက်(သို့မဟုတ်) အခြားအစာများဖြင့် ရောစပ်၍ ကျွေးမွေးနိုင်ပါသည်။ 

    တိရစ္ဆာန်အများစုသည် အေဇိုလာ(Azolla)၏ အရသာကို ကြိုက်နှစ်သက်ရန် အချိန်ယူရ၍ ရက် အနည်းငယ်ကြာအောင် တဖြည်းဖြည်းကျွေးပေးရသည်။ ထို့ကြောင့် ပထမအဆင့်တွင် အနံ့အရသာ အပေါ်တွင် ကြိုက်နှစ်သက်လာအောင် စနစ်တကျကျွေးပေးရသည်။ ကနဦးအဆင့်တွင် လတ်ဆတ်သော အေဇိုလာကို စီးပွားဖြစ်အစာနှင့်အတူ ဆတူရောစပ်၍ ကျွေးမွေးသင့်သည်။ ရောစပ်စာကို နှစ်ပတ်ကြာ ကျွေးပြီး အဆင်ပြေသွားပြီဆိုပါက အခြားအစာ ရောစပ်စရာမလိုတော့ဘဲ ကျွေးမွေးနိုင်ပါသည်။ လတ်ဆတ်သော အေဇိုလာသည် အလွန်ပျက်စီးလွယ်သောကြောင့် ပိုလျှံနေသည့်အခါ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် အရိပ်ထဲတွင် အခြောက်ခံ၍ သိမ်းဆည်းထားသင့်ပေသည်။ 

    အေဇိုလာအခြောက်တွင် သတ္တုဓာတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ပရိုတင်း ဓာတ် ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းနှင့် အမိုင်နိုအက်ဆစ် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီး မြင့်မားသော ပရိုတင်းနှင့် လစ်နင်ပါဝင်မှုနည်းသောကြောင့် တိရစ္ဆာန်များအနေဖြင့် အလွယ်တကူ အစာချေဖျက်နိုင်သည်။ အေဇိုလာကျွေးပေးခြင်းဖြင့် ကြက်တစ်ကောင်အတွက် တစ်ကီလိုစာ အစာစရိတ် လျှော့ချနိုင်ပြီး အသားတင်အမြတ်ပိုများနိုင်သည်။ ကြက်စာဈေးကြီးမြင့်လာမှုကြောင့် အသားဈေးများ၊ ဥဈေးများ ကြီးမြင့်လာမှုကို လျှော့ချ နိုင်ရန်အတွက် ကြက်စာအစားထိုး အေဇိုလာကို ကျွေးခြင်းသည် များစွာ ထိရောက်မှု ရှိလှပါသည်။  

    အေဇိုလာသည် အရိပ်ကိုပိုနှစ်သက်ပြီး အလင်းဓာတ်လိုအပ်သည် အေဇိုလာသည် ရေအခြေခံ သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရန်အတွက် ရေလုံလောက်စွာရရှိရန် လိုအပ်ပါသည်။ အေဇိုလာ ကြီးထွားမှုအတွက် ရေကန်တွင် အနည်းဆုံး ရေ 5 လက်မခန့်အမြဲရှိရန်လိုအပ်ပေသည်။ အေဇိုလာ သည် အသင့်တော်ဆုံး/စံပြ အပူချိန် 20°C မှ 35°C တွင် ကောင်းစွာ ကြီးထွားသည်။ အေဇိုလာ၏ အထွက်နှုန်းနှင့် အရည်အသွေး ပိုမိုကောင်းမွန်စေရန်အတွက် ရေ pH တန်ဖိုး 5.0 မှ 7.0 နှင့် နစိုထိုင်းဆ 80 မှ 90% လိုအပ်ပါသည်။ အာဟာရလိုအပ်ချက်နှင့် ပတ်သက်လာလျှင် အေဇိုလာသည် ရေမှ အာဟာရများကို စုပ်ယူနိုင်ပြီး ဖော့စဖရပ်သည် အေဇိုလာ ကြီးထွားဖို့ အရေးကြီးဆုံး ဒြပ်စင်ဖြစ်သည်။ အေဇိုလာ၏ပွားများမှုနှင့် ကြီးထွားမှုကို တိုးတက်ကောင်းမွန်စေသည့် အနည်းလိုအာဟာရဓာတ်များ ကျွေးပေးရန် မရှိမဖြစ်လိုအပ်ပါသည်။ 

    ရေကန်တည်နေရာသည် အေဇိုလာ စိုက်ပျိုးမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ရေကောင်းရန် လိုအပ်သောကြောင့် ရေအရင်းအမြစ်ကောင်းနှင့် နီးသောနေရာကို ရွေးချယ်ပါ။ အခြေခံ အားဖြင့် အေဇိုလာသည် တစ်စိတ်တစ်ပိုင်းအရိပ်ကို ပိုနှစ်သက်ပေသည်။ ထို့ကြောင့် တစ်စိတ်တစ်ပိုင်း အရိပ်ရှိသည့်နေရာကို ရွေးချယ်သင့်ပေသည် သို့မဟုတ် ကန်နေရာကိုပိတ်စိမ်းစ သို့ အရိပ်ရစေသည့် ပစ္စည်းတခုခုဖြင့် တစ်စိတ်တစ်ပိုင်းအရိပ်ကို ဖန်တီးပေးသင့်ပေသည်။ တစ်စိတ်တစ်ပိုင်းအရိပ်သည် အေဇိုလာ ကြီးထွားမှုကို ပိုမိုကောင်းမွန်စေပြီး ရေငွေ့ပျံခြင်းကို ကာကွယ်ပေးသည်။  

    အသေးစားစတင်လိုသူများအနေဖြင့် အေဇိုလာကြီးထွားရန်အတွက် 6 ပေ x 4 ပေ ပလပ်စတစ် ကန်များဖြင့်စတင်နိုင်သည်။ ထိုပမာဏသည်တနေ့လျှင် အေဇိုလာ ဖြည့်စွက်စာ 1 ကီလိုဂရမ် ထုတ်လုပ် ပေးနိုင်သည်။ ရေကန်အတွင်းသို့ အရွက်များနှင့် အခြားအညစ်အကြေးများ ကြွေကျခြင်းနိုင်ပါက ကာကွယ်ရန် ပိတ်စိမ်းစဖြင့် လုံခြုံအောင်ထားသင့်သည်။ သန့်ရှင်းသော မြေဆီလွှာကို နွားချေးနှင့် ရေဖြင့် ရောစပ်ပြီး ကန်အတွင်း ဖြန့်ပေးပါ။ လတ်ဆတ်သော အေဇိုလာ ၁၀၀ဂရမ် မှ ၁၀၀၀ဂရမ် ကိုဖြန့်၍ထည့်ပါ။ ရေအနက်မှာ အနည်းဆုံး ၅လက်မမှ ၆လက်မအထိရှိစေရပါမည်။ အေဇိုလာ ကြီးထွားမှု ကောင်းမွန်စေရန်အတွက် နွားချေး ၁ ကီလိုဂရမ်နှင့် အခြားသဘာဝရွက်ဖျန်းအားဆေးများကို ၂ ပတ်လျှင် တစ်ကြိမ်ထည့်ပေးပါက အကောင်းဆုံးဖြစ်ပေသည်။ ရေကန်ကို ၆ လမှ ၈ လအတွင်း တစ်ကြိမ် စွန့်ပစ်သင့်ပြီး အေဇိုလာ စိုက်ပျိုးခြင်းကို မြေဆီလွှာအသစ်ဖြင့် ပြန်လည်စတင် စိုက်ပျိးနိုင်ပါက ပိုမှိုကောင်းမွန်ပေသည်။ ပုံမှန်အားဖြင့် အေဇိုလာ သည် ရေကန်ထဲတွင် ထည့်ပြီးနောက် ၂ ပတ်မှ ၃ ပတ်အတွင်း ရိတ်သိမ်းရန် အသင့်ဖြစ်သည်။ အေဇိုလာ သည် ကြီးထွားမှုအပြည့်ရှိပြီး နေ့စဉ် ရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းသည့်အခါ ဆန်ခါများကို အသုံးပြုရမည်။ ပျမ်းမျှအားဖြင့် ၄ ပေ x ၆ ပေ ရေကန်မှ တစ်နေ့လျှင် လတ်ဆတ်သော အေဇိုလာ ၁ ကီလိုဂရမ် ရရှိနိုင်သည်။ အေဇိုလာ ကို အခြောက်လှန်းထားပြီးမှ တိရစ္ဆာန်များကို ကျွေးမွေးနိုင်သလို သဘာဝမြေသြဇာများဖြင့် ရောစပ်၍ စိုက်ပျိုးရေးသုံး သဘာဝမြေဆွေးအဖြစ် အသုံးပြုနိုင်ပေသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် ဘက်စုံအသုံးဝင် အေဇိုလာအား ယခုလိုသွင်းအားစုများ စျေးကြီးပေးဝယ် နေရသောအချိန်တွင် မိမိခြံဝင်း အတွင်း တပိုင်တနိုင်မှ အမြောက်အများစိုက်ပျိုးထုတ်လုပ်နိုင်သော အဖိုးတန်ရေနေအပင်လေးများပင်ဖြစ်ပေသည်။ 

    DOCA(ဧရာဝတီ) နှင့် Htet Zaw Htun-Organic Farming Coach မှ ကိုးကားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
8
comments
0
views
3470