cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

" ကောက်ရိုးမှိုအား ရေနွေးငွေ့သုံးစိုက်ပျိုးနည်း "

. Cultivation Methods
ခေတ်မီ ဘွိုင်လာအိုးအမျိုးအစားကို သုံးပါက မှိုစိုက်တဲ (၁၂)လုံးခန့်ထိ အသုံးပြုနိုင်ပါမည်။ ကုန်ကျစရိတ်တော့ များပါမည်။ သို့ဖြစ်ပါ၍ ကိုယ်တိုင်ဖန်တီး၍ရသော ရေနွေးငွေ့ရရှိမည့် တိုင်ကီများကို ဖန်တီးလုပ်ဆောင်လာကြပါသည်။ အသုံးပြု၍ ရသောတိုင်ကီများသည် ဂါလံ (၅၀)ဆန့် (ဓာတ်ဆီ ဒီဇယ် စားသုံးဆီ) တိုင်ကီများဖြစ်ပါသည်။
  • တိုင်ကီအား မီးဖိုဖေါ်တွင်လှဲလျှက် အနေအထားဖြင့် မူလပါရှိသော တိုင်ကီအပေါက်ကြီးအား အပေါ်ဖက်တွင်သာ ထားရှိရပါမည်။ (ရေဖြည့်ပေးရန်ဖြစ်ပါသည်)

    ရေဖြည့်ရန်နှင့် ရေနွေးငွေ့ ထုတ်လွှတ်စဉ် အချိန်အတွင်း ရေဖြည့်လိုပါက အန္တရာယ် ကင်းရှင်းစွာ ရေဖြည့်နိုင်ရန် ရေပိုက်ခေါင်း တစ်ခု တပ်ဆင်ပေးထားနိုင်ပါသည်။

    ထို့ပြင် တိုင်ကီအတွင်း ရေရှိနေမှု အခြေအနေကို သိရှိနိုင်စေရန် ရေမျက်နှာပြင်ကြည့် ဖန်ပြွန်ချောင်းကို တိုင်ကီထိပ်ဖက်တွင် တပ်ဆင်ထားရပါမည် သို့မှသာ ရေပြန်လည်ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါသည်။

    တိုင်ကီအပေါ်ဖက်တွင် အဖွင့် အပိတ်ခေါင်းပါ (1)လက်မပိုက်အား အပေါက်ဖောက်၍ တပ်ဆင်ပေးပါ။ ၎င်းပိုက်သည် စိုက်တဲအတွင်းသို့ သွယ်တန်းထားရန် ဖြစ်ပါမည်။

    စိုက်တဲအတွင်း အလယ်ခေါင် လူသွားလမ်း မြေပြင်ပေါ်တွင် ချထားသော ရေနွေးငွေ့လွှတ်ပိုက် (1လက်မ) နှင့် ချိတ်ဆက်သွယ်တန်းထားရမည်။ ၎င်းပိုက်သည် မှိုစိုက်တဲဘေးနံရံများတွင် သွယ်တန်းထားရှိပြီး (1-8)လက်မအရွယ် အပေါက်များ ဖောက်ထားရပါမည်။

    အပေါက်များ ဖောက်ရာတွင် ရေနွေးငွေ့ စတင်ဝင်ရောက်လာသော အပိုင်းတွင် ခပ်ကျဲကျဲဖောက်ထားပြီး တဖြေးဖြေး ခပ်စိတ်စိတ် ဖောက်ထားပေးမှသာ မှိုစိုက်တဲအတွင်း ရေနွေးငွေ့ အညီအမျှ ရရှိပါမည်။ ပိုက်အဆုံးထိပ်ဝကို ပိတ်ဆို့ထားပေးရပါမည်။

    ရေနွေးငွေ့လွှတ် တိုင်ကီတစ်လုံးသည် မှိုစိုက်တဲ (အနံ 10 အလျား 13 အမြင့် 9ပေ) တစ်လုံးအတွက်သာ သင့်လျှော်ပါသည်။

    မှိုစိုက်တဲအတွင်းသို့ ရေနွေးငွေ့စတင် လွှတ်ပေးရန်လိုသော အဆင့်မှာ -

    (သတိပြုရန် - တိုင်ကီအတွင်းသို့ ရေတစ်ဝက်သာ ထည့်ထားပါ)

    (1) ကုန်ကြမ်း(နှပ်စာများ) ထည့်သွင်းပြီး (36-48)နာရီအကြာတွင် စတင်လုပ်ဆောင်ရပါမည်။ (၎င်းအချိန်တွင် နှပ်စာများ၏ အပူချိန်ကြောင့် ဘုံနိမ့်မှိုများ ထွက်ပေါ်လာမည်ဖြစ်) ဘုံနိမ့်မှိုနှင့် ပိုးသန့်စေရန်အတွက် (63°c)ထက်မနည်း (67°c)ထက် မများစေပဲ တသမတ်တည်း (2)နာရီကြာ ထားရှိပေးရပါမည်။

    (2) ထို့နောက် မှိုစိုက်တဲတံခါးများကို ဖွင့်ပြီးအပူချိန်ကို လျော့ချပေးရပါမည်။ အပူချိန် (35-36°c)သို့ ရောက်ရှိချိန်တွင် မှိုမျိုးများဖြူးပြီး စတင်စိုက်ပျိုးနိုင်ပါမည်။

    မှိုမျိုးထည့်စဉ်အချိန်တွင် တံခါးများကို ပိတ်ထားသင့်ပါသည်။

    (3) မှိုမျိုးထည့်ပြီး (3-5)ရက်အတွင်းတွင် မှိုစိုက်တဲအတွင်း အပူချိန်သည် (38-43°c)ရှိနေသင့်ပါသည်။

    (4) မှိုမျှင်များမှ သန္ဓေခဲမည့်အချိန် (အဖြူရောင်မှ အညိုရောင်တောက်တောက်) ပြောင်းချိန်ကာလတွင် အပူချိန်သည် (28-32°c) ရှိရန်လိုပါသည်။

    (5) မှိုငုံများ လက်သန်းဖျားအရွယ် ရောက်ရှိပြီးနောက်ပိုင်း အပူချိန်သည် (32°c)ထက် မမြင့်စေရန် ဂရုပြုရပါမည်။

    ရေနွေးငွေ့သုံးပြီး စိုက်ပျိုးခြင်းအားဖြင့် ကုန်ကြမ်းများကို ဒုတိအကြိမ်ထပ်မံ အသုံးပြု၍ ရရှိစေပါမည်။

    ဒုတိယအကြိမ် စိုက်ပျိုးရန် အောက်ပါအချက်များအား ပြုလုပ်ရပါမည်-

    (1) ပထမအကြိမ်မှ ကျန်ရစ်သော မှိုအကြွင်းအကျန်အားလုံးကို ဖယ်ရှားပစ်ပါ။ ထို့နောက် ဖွဲနု ထုံးဖြူးပြီး ငါးအမိုင်နို / အသင့်သုံး အီးအမ်ဖြန်းပါ။ မူလသုံးခဲ့သော ကုန်ကြမ်းအချိုးအစား၏ တစ်ဝက်ကို ဖြူးပါ။

    (2) စိုက်တဲအတွင်း (2)ရက်တိတိ အပူချိန်(40-50°c) ရရှိအောင် ရေနွေးငွေ့လွှတ်ထားရှိပေးပါ။

    (3) ထို့နောက် အပူချိန် (63-67°c)ထိ ၂ နာရီကြာတိုးမြှင့်ပေးပြီး (35-36°c)ထိ အပူချိန်လျော့ကျစေရန် တံခါးများကို ဖွင့်ပေးပါ။

    (4) မှိုမျိုးများဖြူးထည့်စိုက်ပျိုးပါ ၃ရက်မှ ၅ရက်ကြာအထိ လိုအပ်မည့်အပူချိန်မှာ (38-43°c)ဖြစ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် လေဝင် လေထွက် ပြုလုပ်ပေးပါ။ ၅ ရက်မြောက်နေ့ ရေလိုအပ်ပါက အမိုင်နိုအက်စစ်ကဲ့သို့ အားဆေးရေဖြန်းပေးပါ။

    (5) ထို့နောက် မှိုရုံအတွင်း အလင်းရောင် လုံလောက်စွာရရှိစေရန် ဖန်တီးပေးပါ။

    အပူချိန်နှင့် စိုထိုင်းစအတွက် တိုင်းတာရန်ကိရိယာရှိသော်လည်း အလင်းရောင် လုံလောက်မှု ရ/မရ တိုင်းတာရန် ဖုန်းကင်မရာကို အသုံးပြု၍ ရပါသည်။ စိုက်ဘောင်တစ်ဖက်မှ ဖုန်းကင်မရာဖြင့် ဖလက်မီးမဖွင့်ပဲ ရိုက်ကြည့်လိုက်ပါ အခြားတစ်ဖက်အစွန်းမှ မှိုငုံများကို ထင်သာမြင်သာရှိနေသည့် အနေအထားဆိုလျှင် စိုက်တဲအတွင်း အလင်းရောင်လုံလောက်ပါသည်။

    (6) နောက်ပိုင်းကာလများတွင် တစ်နေ့ ၅ကြိမ် ၆ကြိမ် လေသွင်း/ထုတ် လုပ်ပေးပါ။

    ရေနွေးငွေ့သုံး စိုက်ပျိုးခြင်းသည် လောင်စာစရိတ် အတွက် ပိုမိုကုန်ကျမည်ဖြစ်သဖြင့် မှိုထွက်နှုန်း တွက်ချေကိုက်ရန် အထူးလိုအပ်ပါသည်။

    စိုက်တဲအတွင်း အပူချိန် စိုထိုင်းစ လေသွင်း ထုတ် အလင်းရောင် စသည့် အခြေခံအချက်များကို သတိထားပြီး လုပ်ဆောင်ပေးမည်ဆိုလျှင် ကုန်ကြမ်းလည်း အကုန်သက်သာ မှိုအထွက်နှုန်းလည်း ပိုမိုလာမည့် စနစ်တစ်ခုဖြစ်ပါသဖြင့် စီးပွားဖြစ် စိုက်ပျိုးလိုသော မိတ်ဆွေများ မဖြစ်မနေလုပ်ဆောင်ရမည့် စနစ်တစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

    Crd to original writer - Lu Gyan Gyi

    22-10-2018

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
2560