ကြက်သွန်စိုက်ပျိုးမည့်တောင်သူများ လိုက်နာရမည့် စိုက်ပျိုးနည်းလမ်းအသွယ်သွယ်
- ကြက်သွန်သည် ပြောင်းရွှေ့ စိုက်ပြီးချိန်မှစ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကို တစ်ပါတည်း ကြိုတင် နှိမ်နင်းထားရန်လိုအပ်ပါသည်။ - ပထမဦးစွာ မြေပြင်ချိန်တွင် မြက် နှင့်ပေါင်းပင်များကို နှိမ်နင်းရန် အတွက် ထယ်ဖြင့် ၃-၄ ကြိမ် ထိုးပစ်ရမည်။ ထယ်ထိုးပြီးပါက ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းတုံးရိုက်၍ စိုက်ပျိုးလိုသော နည်းဖြင့် အကွက်ဖော်ယူရမည်။ ကြက်သွန်ကို ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းဖြင့်လည်းကောာင်း၊ ကန်သင်းဖော်ခြင်းဖြင့် လည်းကောင်း စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောအားဖြင့် ဆည်ရေ၊ မြောင်းရေသွင်းနိုင်သော ဒေသတွင် ဘောင်ဖော်စိုက်ပျိုးကြသည်။ အပင်ကောင်းမွန်စွာဖြစ်ထွန်းစေရန် ငယ်စဥ်တည်းက ပေါင်းမြက်များကိုသေချာစွာ ရှင်းလင်းပေးရ ပါမည်။ ကြက်သွန်မစိုက်မီ ပေါင်းပင်ကို ကြိုတင်နှိမ်နင်းထားခြင်းသည် သီးနှံနောက်ပိုင်းကာလများတွင် ပေါင်းပေါက်မှုလုံးဝသက်သာစေပြီး သွင်းအားစုကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါသည်။ ယခုအခါ ကြက်သွန်စိုက်ရာတွင် ရွှေ့မစိုက်ခင်နှင့် စိုက်ပြီးပြီးချင်း ပေါင်းပင်မပေါက်မီတွင် သုံးပေးနိုင်သော Metolachlor+ Pendimethal+ Oxyflourfen သုံးမျိုးပါဝင်သည့် ပေါင်းအုပ်ဆေးများသုံးစွဲ၍ ပေါင်းများကို နှိမ်နင်းလေ့ရှိပါသည် - ရေသွင်းရာတွင်လည်း ကြက်သွန်ခင်းသည် မစိုလွန်း၊မခြောက်လွန်းသော အခြေအနေကို ကြိုက်နှစ်သက်သောကြောင့် ရေမသွင်းခင်ကြက်သွန်ပင်များ၏ အခြေအနေကိုကြည့်၍ လိုအပ်သလို သွင်းပေးရမည်။ လိုအပ်သည်ထက်ပို၍ သွင်းမိပါက ရောဂါများကျရောက်တတ်၍ အထူးဂရုစိုက် သွင်းပေးရမည်။ ကြက်သွန်ပင်များသည် ရေငတ်ပါကလဲ အရွက်များပြာမှိုင်းပြီး နွမ်းခွေလာတတ်ပါ သည်။ မြေအလွန်ခြောက်အောင်ထားပြီးရေသွင်းလိုက်ပါက ကြက်သွန်အခွံများ အက်ကွဲတတ်၍ ပုံမှန် အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် လိုအပ်ချက်အရ ရေပေးသွင်းပေးနိုင်ပါသည်။ ရာသီဥတု ပူပြင်းပါက (၄-၅) ရက်ခြားတစ်ကြိမ် ရေပေးသွင်းရန်လိုအပ်ပါသည်။ ကြက်သွန် အရွက်များစတင်ကျချိန်တွင် ရေပေးသွင်းခြင်းကိုရပ်ရမည်။ ထို့ကြောင့် ကြက်သွန်ခင်းအား ရေသွင်းရာတွင် မြေအစိုဓာတ် အနည်း အများပေါ်မူတည်ပြီး ရေသွင်းချိန်(၅) ကြိမ်မှ(၈)ကြိမ်အထိ ရှိနိုင်ပါသည်။ - ကြက်သွန်ခင်းအား မြေဩဇာစနစ်တကျထည့်သွင်းလိုပါက မြေပြုင်ချိန်တွင် နွားချေးဆွေး+ သဘာဝမြေဩဇာ+ ဖော့စ်ဖိတ် (P) အချိုးအဓိကပါသော NPK မြေဩဇာကိုထည့်သွင်းပေးပါ။ မြေအလွန် ကြပ်နေပါက နွားချေးမြေဆွေးထည့်ပေးရန်လိုအပ်ပါသည်။ သဲမြေတွင်စိုက်ပျိုးမည်ဆိုပါက နွားချေး/အခြားသော သဘာဝမြေဩဇာများကို ပိုထည့်ပေးပါ။ ပြောင်းရွှေ့စိုက်ပြီး တစ်လအကြာတွင် ယူရီးယားနိုက်ထရိုဂျင်(N)+ ဆာလဖာ (S) မြေဩဇာ ၅၀ ကီလို ကိုထည့်ပေးရမည်။ ရွက်ဖျန်းအားဆေး များကို ကြက်သွန်ခင်းအနေအထားကိုကြည့်၍ လိုအပ်ပါက အပင်ကြီးထွားစေရန် အမိုင်နိုအက်ဆစ်နှင့် P:K နှင့် အခြားအနည်းလိုအာဟာရများပါဝင်သော ရွက်ဖျန်းအားဆေးများကို ရွှေ့စိုက်ပြီး ၁ လ မှ ၁ လခွဲ အတွင်း ပက်ဖျန်းပေးနိုင်ပါတယ်။ ကြက်သွန်သိုလှောင်ချိန်တွင် အထားခံစေရန်အတွက် ကယ်လ်ဆီယမ် ဘိုရွန်ပါသော မြေသြဇာများအသုံးပြုသင့်ပါတယ်။ ရွက်ဖျန်းအားဆေးနှင့် မြေသြဇာများကို ကုန်ကျ စရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရန် စနစ်တကျ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ - ကြက်သွန်တွင် ကျရောက်လေ့ရှိသော ရောဂါနှင့်ပိုးမွှားများမှာ လှေးပိုး၊ပျပိုး၊ ခါးရိရောဂါ၊ဂျိုလိမ်၊ တောက်တဲ့မြီးရောဂါ၊ ဒေါင်းမြီးရောဂါတို့ ဖြစ်ပါသည်။ အပင်ပိုး ကျရောက်မှု အခြေအနေပေါ် မူတည်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။ မှိုရောဂါကျရောက်နိုင်သည့် မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးဖြင့် ကြိုတင် ကာကွယ်ပါ။ - ကြက်သွန်ရိတ်သိမ်းမည်ဆိုပါက အရွက်များ အားလုံးခြောက်မှ ရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့် နုတ်ရန် မလွယ်ကူသောကြောင့် အရွက်၏ ၁၅-၂၅% ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ် ရိတ်သိမ်းနိုင်သည်။ ကြက်သွန်ဥ နုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည့်အတွက် အရွက်ကို ၁ လက်မချန်ပြီး ဖြတ်ပေးရမည်။ ကြက်သွန်ဥများကို နေရောင်ဖြင့် တိုက်ရိုက်အခြောက် မလှန်းရပါ။ ဖြတ်ပြီး ကြက်သွန်ဥများကို အေး၍ ခြောက်သွေ့ပြီး လေဝင် လေထွက်ကောင်းသော နေရာတွင် သိုလှောင် အခြောက်ခံပေးရမည်။ - ========= - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
