ကြက်သွန်နီ အရောင်းအဝယ်သွက်
- နယ်စပ်ကနေ ပြည်ပကို ကြက်သွန်နီတင်ပို့မှုရပ်သွားပေမယ့် ယခုရက်ပိုင်းမှာ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နဲ့ နယ်ကုန်စည်ဒိုင်စျေးကွက်တွေကို ကြက်သွန်နီကုန်ချိန် ဝင်ရောက်မှုနည်းလာတဲ့အတွက် အရောင်းအဝယ်သွက်နေတယ်လို့ ကုန်သည်တွေနဲ့ပွဲရုံတွေဆီက သိရပါတယ်။ - ယခုအတိုင်းသာ ကုန်စည်ဒိုင်တွေကို ကြက်သွန်ကားအစီးရေဝင်ရောက်မှုနည်းပါက ကြက်သွန်နီစျေးကွက် အတက်ဘက်ကိုပြန်လည်ရောက်ရှိလာနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ ကုန်ချိန်ထိန်းပြီးရောင်းချကြဖို့ ကုန်သည်တွေကအကြံပြုပြောဆိုပါတယ်။ - "ရန်ကုန်ကို ကြက်သွန် ကားနည်းသွားတဲ့အတွက် အရောင်း အဝယ်သွက်တယ်။ ရောင်းမလောက်ဘူးစျေးကတော့ပစ္စည်းကြည့်ရောင်းပေါ့။ နောက်(၃)ရက် လောက်ကားအဝင်ထပ်နည်းရင် စျေးတက်နိုင်မယ်။" လို့ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။ - ယနေ့ ဩဂုတ် ၂၇ ရက်နေ့မှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်ကားအစီးရေ ၁၅ စီးသာဝင်ရောက်မှုရှိပြီး စျေးတန်းအနေနဲ့ ဆိပ်ဖြူက တစ်ပိဿာကို ၇၅၀ - ၁၆၀၀ ကျပ်စျေးဖွင့်ထားပါတယ်။ မုံရွာက ၈၅၀ မှ ၁၆၅၀ ကျပ် နဲ့ မြင်းခြံကြက်သွန်က ၆၀၀ မှ ၁၄၀၀ ကျပ်စျေးတန်းဖွင့်ထားပါတယ်။ - ဩဂုတ် ၄ ရက်နေ့မှာတုန်းက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန် ကားအစီးရေ ၃၁ စီးဝင်ရောက်ခဲ့ပြီး စျေးတန်းအနေနဲ့ မုံရွာကြက်သွန်က ၈၅၀ မှ ၁၇၀၀ ကျပ်၊ ဆိပ်ဖြုက ၈၅၀ မှ ၁၇၀၀ ကျပ်၊မြင်းခြံက ၆၀၀ မှ ၁၆၅၀ ကျပ်၊ ရွှေဘိုကြက်သွန်က ၁၁၀၀ မှ ၁၇၀၀ ကျပ်သာ စျေးဖွင့်ခဲ့ပါတယ်။ - ဒါကြောင့် စျေးကွက်အနေနဲ့ကတော့ ကြက်သွန်နီ တစ်ပိဿာ ၁၀၀ မှ ၂၅၀ ကျပ်လောက်စျေးပြန်ကျသွားတာကိုတွေ့ရပါတယ်။ - " ရန်ကုန်ကို အရင်ကပုံမှန်ဆို ကားအစီး ၂၀ နဲ့ ၃၀ လောက်ကအမြဲဝင်တယ်။စျေးကျချိန်ကားအဝင်မျာရင်ဆိုးတာပေါ့။ဒါပေမယ့်အခုရက်ပိုင်း ကားအဝင်နည်းတော့ အရောင်းအဝယ်သွက်တယ်။ဝယ်လိုသူများလာတယ်။ဒီတိုင်းဆိုစျေးပြန်တက်မယ်။ကားအဝင်နည်းဖို့မျှော်လင့်တယ်။" လို့ ကုန်သည်တစ်ဦးကပြောပါတယ်။ - မြင်းခြံကုန်စည်ဒိုင်မှာ ယနေ့ ဩဂုတ် ၂၇ ရက်မှာ ကြက်သွန်ပိဿာချိန် ၄၆၂၄၀ ဝင်ရောက်မှုရှိပြီး စျေးတန်းအနေနဲ့ ၅၀၀ မှ ၉၀၀ ကြားစျေးပြတ်တယ်လို့သိရပါတယ်။ - မြင်းခြံကုန်စည်ဒိုင်ကိုတော့ လက်ရှိမှာ ကုန်းမြေစိုက်ပျိုးတဲ့ ကြက်သွန်အကြီးစ၊အမာစ၊အလှတွေ ဝင်ရောက်မှုမရှိဘဲ ချောင်းစိုက်ကြက်သွန်တွေပဲ ဝင်ရောက်နေကြောင်း ၊ ကြက်သွန်အရည်အသွေး ပေါ်လိုက်ပြီး စျေးအတက်အကျရှိနေတယ်လို့သိရပါတယ်။ - ယခင်က ကြက်သွန်ကို ပြည်ပတင်ပို့မှုအနေနဲ့ ထိုင်း - မြန်မာနယ်စပ်ကနေ တင်ပို့မှုရှိခဲ့ပေမယ့် ဩဂုတ် ၁၈ ရက်နေ့ကစပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးတံတားဖြစ်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ပိတ်သွားတာကြောင့် ကြက်သွန် တင်ပို့မှုလည်းရပ်တန့်သွားပါတယ်။ - ဒါကြောင့်မြဝတီ နယ်စပ်ကနေ ထိုင်းကို ကြက်သွန်နီတင်ပိုဖို့အတွက် နယ်စပ်လိုင်စင်ရရှိထားတဲ့ကုန်သည်တွေမှာ ပြည်ပကိုတင်ပို့နိုင်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။ - ယခုနှစ်မှာ ကြက်သွန်နီစိုက်ပျိုးစရိတ်တွေ ကုန်ကျမှုမြင့်တက်ခဲ့ပေမယ့် ကြက်သွန်အထွက်နူန်းလျော့ကျခြင်း ၊ စျေးကွက်ကျဆင်းခြင်းတွေကြောင့် တောင်သူတွေမှာ အရှုံးနဲ့ ကြုံတွေ့နေရပါတယ်။ - ပြည်တွင်းမှာက ကြက်သွန်နီကို မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းမှာ အဓိကအများဆုံးစိုက်ပျိုးကြပြီး ကျန်တဲ့ ပဲခူးတိုင်း အပါနေရာအချို့မှာလည်း ဒေသတွင်း စားသုံးမှုမှာ ရောင်းချဖို့ အတွက်စိုက်ပျိုးမှုရှိကြတယ်လို့သိရပါတယ်။ - ချစ်ခွန်းချို(AMIA) For Htwet Toe - ✦✦✦✦✦✦✦✦ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
