ငါးဖြည့်စွက်စာကျွေးရာတွင် စနစ်တကျကျွေးမွေးခြင်းစနစ်များ
ငါးမွေးတောင်သူအများစုသည် ငါးသားပေါက်ပြုစုမွေးမြူသည်ဖြစ်စေ၊ အသားတိုးမွေးမြူသည် ဖြစ်စေ မိရိုးဖလာ အစဉ်အလာအရ ဖွဲနုနှင့်ပဲဖတ်ကိုသာ ကျွေးမွေးခဲ့ကြပါသည်။ လွန်ခဲ့သောအနှစ်(၂၀)ခန့် မှစတင်ပြီး အစာတောင့်ကို ကျွေးမွေးခဲ့ပါသည်။ သို့သော် အချို့သောတောင်သူများသည် ယနေ့အချိန်ထိ ဖွဲနုနှင့် ပဲဖတ်ကိုသာ ဆက်လက်ကျွေးမွေးပြီး မွေးမြူနေဆဲဖြစ်ပါသည်။
ယနေ့ငါးမွေးမြူရေးလောကတွင် ဖြည့်စွက်စာ ကုန်ကြမ်းသည် စိန်ခေါ်မှု ကြီးမားနေပါသည်။ တနှစ်ထက်တနှစ် ဖွဲနုဈေးနှင့် ပဲဖတ်ဈေးသည် ဈေးမြင့်နေပါသည်။ ထို့ကြောင့် အစာတောင့်ကုန်ဈေးနှုန်းလည်း မြင့်တက်လာပါသည်။ ဖြည့်စွက်စာ ကျွေးခြင်းမရှိဘဲ မွေးမြူပါကလည်း ကြီးထွားနှုန်း နည်းခြင်းနှင့် နှေးခြင်းများ ကြုံတွေ့ရပါမည်။ သို့ဖြစ်၍ ဖြည့်စွက်စာကို စနစ်တကျကျွေးမွေးနိုင်ရန်လိုအပ်ပါသည်။ ဖြည့်စွက်စာကိုစနစ် တကျကျွေးရာတွင် ကန်ရေ၏ အရည်အသွေးကို တိုင်းတာစစ်ဆေးရန် လိုအပ်ပါသည်။ ကန်ရေ အရည်အ သွေး(စံ)မှီပါက ဖြည့်စွက်စာကို သတ်မှတ်နှုန်းထားအတိုင်း ကျွေးမွေးပါက ၊ ဖြည့်စွက်စာအနည်းငယ်သာသုံး စွဲရပါမည်။
ငါးများသည် ကန်ရေအပူချိန်ကောင်းလျှင် အစာစားနှုန်း ကောင်းခြင်းကိုတွေ့ရှိရပါသည်။ ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။ ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။ ထို့ကြောင့် ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။
ဖြည့်စွက်စာ ကုန်ကျစရိတ်သက်သာစေရန်အတွက် ကန်ရေဩဇာကို ကောင်းမွန်စွာဆောင်ရွက်ထားပြီး အောက်ပါအတိုင်း အဟာရပြည့်ဝသော ဖြည့်စွက်စာကို တွက်ချက်ကျွေးမွေးရန် လိုအပ်ပါသည်။ ငါးသန် ပြုစုကန်များအတွက် ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏( 8% မှ 6%) ကို တနေ့လျှင် (၃)ကြိမ်မှ (၄)ကြိမ် အထိကျွေးပေးပါ။ အသားတိုးကန်များအတွက် မိမိမွေးမြူထားသော ငါးသည် ၂၀ကျပ်သားအထက်ရှိပါက ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏ (4% မှ 3%) ဖြင့်တွက်ချက်ကျွေးပါက ဖြည့်စွက်စာဖိုးကုန်ကျစရိတ် သက်သာလာပြီး ငါးထုတ်လုပ်မှုလည်းပုံမှန်မြင့်တက်လာပါမည်။
ဦးစန်းအောင်
ထွက်တိုး
-------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price