နို့စားနွားအတွက် ထားရှိသင့်သော အဆောက်အဦးလိုအပ်ချက်
တိရစ္ဆာန်ထားသောနေရာကို သန့်ရှင်းအောင်ထားရမည်။ အကာနှင့်အခင်းကြောင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ မရစေရ။ လုံခြုံမှုရှိအောင်ထားရမည်။ မှက်၊ ခြင်၊ ယင်မှ ကာကွယ်ပေးရမည်။ အစာနှင့်ရေလုံလောက်စွာ ထားပေးရမည်။ တိရစ္ဆာန်ကိုလည်း သန့်ရှင်းအောင်ထားရမည်။ သို့မှသာကျန်းမာသော နွားမကြီးနှင့်နွားလေးများ ဖြစ်လာမည်။ အရည်အသွေးကောင်းသောနို့ကို ရရှိမည်။ ဝင်ငွေပိုမိုရရှိမည်။ တိရစ္ဆာန်မသန့်ရှင်းလျှင် အရည်အသွေးကောင်းသောနို့ကို မရရှိနိုင်ပါ။
တိရစ္ဆာန်အညစ်အကြေးများအား နေ့စဉ်သန့်ရှင်းပေးရမည်။ နို့မညှစ်ခင် သန့်ရှင်းရေးဆောင်ရွက်ပေး ရမည်။ အညစ်အကြေးများကို တိရစ္ဆာန်နှင့်ဝေးရာတွင် နေရာသတ်မှတ်ပြီး စနစ်တကျထားရမည်။ ဇီဝဓာတ်ငွေ့ ကန် တည်ဆောက်ပြီး ထားနိုင်သည်။
အညစ်အကြေးများကိုအဆောက်အဦးအပြင်သို့ မပစ်ရ။ ဗွက်များထပြီး ပိုးမွှား၊ ခြင်၊ ယင် ပေါက်ပွားနိုင် သည်။ ဗွက်ထခြင်း၊ ခြင်နှင့် ယင်များရှိခြင်းကြောင့် တိရစ္ဆာန်ခြေထောက်တွင် အနာဖြစ်ခြင်းနှင့် တစ်ကောင်နှင့် တစ်ကောင် ရောဂါကူးစက်ခြင်းများဖြစ်စေသည်။ အစာခွက်များကို နေ့စဉ်သန့်ရှင်းပေးရမည်။ အစာဟောင်းများကို ဖယ်ထုတ်ပြီးမှ အစာသစ်ထည့်ရမည်။ အစာနုများသည် အစာခွက်အတွင်း ကြာရှည်စွာရှိနေပါက အချဉ်ပေါက် သွားပြီး အနံ့အသက်ဆိုးများ ထွက်လာမည်။ နွားများကိုသန့်ရှင်းလတ်ဆတ်သောရေ လုံလောက်စွာထားပေးရမည်။ ရေမလုံလောက်ပါက နို့ထွက်ကျဆင်းသွားမည်။ ရေခွက်များကို နေ့စဉ်သန့်ရှင်းပြီး သန့်ရှင်းသောရေနှင့် လဲလှယ်ပေးရမည်။ မှက်၊ ခြင်၊ ယင်များသည် နွားများကိုအလွန်အနှောင့်အယှက်ပေးသည်။ သက်တောင့်သက်သာ မနေနိုင်၊ စိတ်အနှောက်အယှက်ဖြစ်စေသည်။ သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်းဖြင့် ယင်ပေါက်ပွားမှုကို လျော့ကျစေသည်။ ယင်ထောင်ချောက်ကြိုးများ အသုံးပြုခြင်း၊ ယင်လုံစကာများ အသုံးပြုခြင်း၊ အီးအမ် အသုံးပြုခြင်းဖြင့် ကာကွယ်တားဆီးနိုင်သည်။ အဆောက်အဦးလုံခြုံရေးကို အထူးဂရုစိုက်ရမည်။ အခင်းကို တိရစ္ဆာန်မချော်စေရန် စနစ်တကျစီစဉ်ဆောင်ရွက်ထားရမည်။ ချော်လဲလျှင် တိရစ္ဆာန်အနာတရ ဖြစ်စေသည်။ လွှတ်ကွင်းတွင်လည်း တိရစ္ဆာန်ထိခိုက်ဒဏ်ရာရစေနိုင်သော ပစ္စည်းများမရှိအောင် စီစဉ်ထားရမည်။
ဒေါက်တာရဲထွန်းဝင်း
---------
မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price