ရန်ကုန်တိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်
- ရန်ကုန်တိုင်း အောက်တိုဘာလ ၆ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ - တောင်တရုတ်ပင်လယ် မှ တိုင်ဖွန်းမုန်တိုင်း MATMO ကုန်းတွင်းဝင်ရောက်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မှမုတ်သုံလေတို့ ဆက်စပ်ခြင်း - · တိုင်ဖွန်းမုန်တိုင်း MATMO သည် အောက်တိုဘာ ၅ ရက် ည တွင် ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီး ဗီယက်နမ်နိုင်ငံအရှေ့ဘက် တုံကင်ပင်လယ်ကွေ့သို့ ဝင်ရောက်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၅ ရက် ညမှာပင် တရုတ်ပြည်အနောက်တောင်ဘက်ကမ်းခြေအား ဗီယက်နမ်နယ်စပ်အနီးမှ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ - · ကုန်းတွင်းကိုတိုင်ဖွန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးတဲ့နောက် မုန်တိုင်းအပြင်ဘက်မိုးတိမ်များပြန့်ကျဲထွက်လာခြင်းနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်မှ အားကောင်းလာသောမုတ်သုံလေနှင့်အတူ ရွေ့လျားဝင်ရောက်လာသည့် မိုးတိမ်များထိတွေ့ရာမှ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာသွန်းနိုင်သည့်အခြေအနေများ၊ နေရာကွက်၍ မိုးသည်းထန်နိုင်ခြင်းများဆက်လက်၍ ဖြစ်ပေါ်နေနိုင်ပါတယ်။ - · ဒီအခြေအနေက အောက်တိုဘာလ ၁၂ ရက်နေ့အထိ ဆက်လက်ရှိနေနိုင်ပြီး နေ့စဉ်မိုးရေချိန် ၀.၅ လက်မမှ ၁ လက်မ ဝန်းကျင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် မွန်းလွဲ/ညနေပိုင်းတွေမှာရွာသွန်းရရှိနိုင်ပါတယ်။ - · ရခိုင်ပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက် အထက်အမြင့် ပေ ၅၀၀၀ အထက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေပွေလှိုင်းကြောင့် မိုးသည်းထန်ပြီး ရိုးမတောင်ကြောတလျှောက်မှာ မိုးများနိုင်ပါမယ်။ - · ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေအပြင် - မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်၊ ပဲခူးတိုင်းအနောက်ခြမ်းနှင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ် စသည့် ပြည်နယ်/တိုင်းနယ်နိမိတ်များထိစပ်ရာ တောင်ကုန်းထူထပ်တဲ့ဒေသများတွင် နေရာကွက်၍မိုးများနိုင်ကာ တောင်ကျချောင်းရေကြောင့် မြစ်/ချောင်းများရေလျှံခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ - · ရခိုင်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးသည်းထန်နိုင်ပြီး လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်နှင့် လှိုင်းအသင့်အတင့်ရှိနိုင်ပါတယ်။ - · ယခုရက်သတ္တပါတ် ၁ ပါတ်အပြီးမှာ အရှေ့လေအားကောင်းလာပြီး အနောက်လေအားလျော့ကာ မြောက်ဘက်မှလေအေးများလည်း တိုးဝင်လာတော့မှာမို့ မုတ်သုံအပြီးတိုင်ဆုတ်ခွာပြီး ၂၀၂၅ ခုနှစ် မိုးရာသီကုန်ဆုံးနိုင်မည့်ရက်က နီးကပ်နေပြီဖြစ်ပါတယ်။ - ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · ယခုတပတ်အတွင်း ရန်ကုန်တိုင်းနေရာအနှံ့မှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ မိုးများနိုင်တာရှိပါမယ်။ - · ခန့်မှန်း ၇ ရက် မိုးရေချိန် ၁ လက်မ မှ ၁.၅ လက်မခန့်ရှိနိုင်ပြီး နေ့စဉ် ပုံမှန်မိုးရေချိန်ခန့်မှန်း ၀.၃ လက်မ ဝန်းကျင်ခန့်ရှိပြီး ခေတ္တမိုးသည်းထန်တဲ့အခါ ၂၄ နာရီ မိုးရေချိန် ၁ လက်မ ကျော်နိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၄၀°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင် ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ - · ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနိုင်ပါတယ်။ - ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “45” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးရိတ်သိမ်းတော့မည့်တောင်သူများထံသို့ အကြံပြုချက်... - မိုးများနိုင်ချေရှိတာကြောင့် စပါးရိတ်သိမ်းကြတော့မယ့်တောင်သူများ၊ စပါးသိမ်းပြီးအခြောက်လှန်းရန် ပြင်ဆင်နေသောတောင်သူများ မိုးလေဝသကိုကြိုတင်စစ်ဆေးကြရန် အကြံပြုလိုက်ပါတယ်။
- စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပြီးပါက မိုးလေဝသကြောင့်အခြောက်ခံဖို့အခက်အခဲရှိလျှင် အခြောက်ခံစက်ဖြင့် အစိုဓာတ် ၁၄ ရာခိုင်နှုန်းထိ အစိုဓာတ်လျော့ကျအောင်ပြုလုပ်ပါ။
- စပါးများကို အချိန်ကြာကြာစုပုံထားမည်ဆိုပါက စိုလိုက်၊ ခြောက်လိုက်ဖြစ်ပြီး အဆစ်ကျိုးစပါးများဖြစ်သွားကာ ဆန်ထွက်နှုန်းလျော့နိုင်တဲ့အတွက် သတိထားပြုလုပ်ကြရန် အကြံပြုလိုက်ပါတယ်ခင်ဗျာ။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။ - မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ - ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - -------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
