အရေးပါသော မြေအောက်ရေသယံဇာတကိုချွေတာသုံးကြပါစို့....
- ရေချိုရှားပါးရခြင်း၏ အကြောင်းရင်းများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး ကမ္ဘာကြီး ပူနွေးလာခြင်း၊ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးလာခြင်း၊ ရှိရင်းစွဲ ရေချိုအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းမထားနိုင်ခြင်း၊ မြို့ပြများတွင် ရေဆိုးများစွန့်ပစ်မှု စနစ်တကျ မပြုလုပ်ခြင်း၊ မိလ္လာစနစ်များ စနစ်မကျခြင်း၊ အမှိုက်များကို မဆင်မခြင် စွန့်ပစ်ခြင်း၊ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ရေချိုအရင်းအမြစ် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းတို့က အဓိကကျသည်။ ထို့ကြောင့် နှစ်စဉ် ရွာသွန်းသည့် မိုးရေကို သိုလှောင်ထိန်းသိမ်းခြင်း၊ မြေအောက်ရေ စိမ့်ဝင်နိုင်ရေးအတွက် သစ်ပင်သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ မြို့ပြများတွင် ရေစိမ့်ဝင်နိုင်မည့် ဧရိယာများနှင့် ရေကန်များ ဖန်တီးတည်ဆောက်ခြင်း၊ အမှိုက်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုများ စနစ်တကျ တည်ထောင်ခြင်း စသည့်နည်းလမ်းများ ရေသယံဇာတထိန်းသိမ်းရေး ဆောင်ရွက်မှုများဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်ကြပေလိမ့်မည်။ - မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့်မြစ်ကြီးများနှင့် ရေချို မြစ်ချောင်းအင်းအိုင်တို့ ပေါများစွာရှိသည့်အတွက် ရေသယံဇာတ ကြွယ်ဝသည့် နိုင်ငံဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရေချိုထုတ်ယူရရှိနိုင်မှုမှာ ကမ္ဘာ့ အဆင့် (၈) တွင် ရှိနေပြီး မြို့ပြတွင် နေထိုင်သူများက တစ်နေ့လျှင် ရေဂါလန် ၃၀ ခန့်နှင့် ကျေးလက်တွင် နေထိုင်သူများက တစ်နေ့လျှင် ရေ ၁၅ ဂါလန် ခန့် သုံးစွဲနေကြကြောင်း လေ့လာသူတို့က ဆိုပါသည်။ - အဆိုပါ ရေချိုသယံဇာတများကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သကဲ့သို့ သိရှိနားလည်မှုနှင့် လက်တွေ့ထိန်းသိမ်း စောင့်ရှောက်မှုတို့ လွန်စွာနည်းပါးနေသည်။ ရွှေ၊ သတ္တု၊ ကျောက်မျက် စသည်တို့ တူးဖော်ထုတ်ယူမှု များ၊ ကျောက်စရစ်နှင့် သဲထုတ်ယူမှုများ စသည် တို့ကြောင့် မြစ်ချောင်းများ ရေစီးရေလာ ပိတ်ဆို့ ပျက်စီးခြင်း၊ သောက်သုံးရေ မရှိနိုင်တော့ခြင်း၊ မာကျူရီ၊ ဆိုင်ယာနက် အစရှိသည့် ဓာတုပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ စက်မှုဇုန်များမှ ရေဆိုးများ စွန့်ထုတ်ခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း စသည်တို့ ကြောင့် မြစ်ချောင်းအင်းအိုင် ရေချိုသယံဇာတများ မဆုံးရှုံးစေရန် လူတစ်ဦးချင်း အသိပညာပေးမှုမှ စတင်ကာ မြို့ရွာများ၊ ဒေသများအလိုက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြမှသာ ရေရှည်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် သောက ရောက်ရမည့်ဘေးမှ ကင်းဝေးနိုင်မည် ဖြစ်သည်။ - အနီးစပ်ဆုံး ဥပမာ ပြရသော် ရန်ကုန်မြို့တော်သို့ ရေပေးဝေရာတွင် မြို့၏ မြောက်ဘက်တွင် တည်ဆောက်ထားသည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် စသည့် ရေလှောင်ကန်ကြီးများမှ ရေချိုကို နေ့စဉ် ဂါလန်ပေါင်း ၁၈၅ သန်းခန့်နှင့် ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများတွင် တူးဖော်ထားသည့် မြို့တော်စည်ပင်ပိုင် အဝီစိတွင်းပေါင်း ၅၀၀ ကျော်တို့မှ ရေဂါလန်သန်း ၂၀ ခန့်တို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြို့တွင်းဖြန့်ဝေပေးနေသည့် ရေဂါလန် စုစုပေါင်း ၂၀၅ သန်းအနက် သန်း ၁၂၀ သာ သုံးစွဲသူထံရောက်ရှိပြီး ၈၅ သန်းမှာ ရေပိုက်များပျက်စီးခြင်း၊ ခိုးယူသုံးစွဲခြင်း စသည်တို့ကြောင့် လေလွင့် ပျောက်ဆုံးသွားသည်ဟု ဆိုသည်။ လက်ရှိ ရေဖြန့်ဝေနိုင်မှုသည် လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်း ခန့်သာရှိနေရာ ရန်ကုန်လူဦးရေ အားလုံးအတွက် ရာခိုင်နှုန်းပြည့် ရေလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်မှာ ရေအလေအလွင့် မရှိရန်၊ စည်းကမ်းတကျ သုံးစွဲရန်နှင့် အခွန်တာဝန် ကျေပွန်ကြရန် လွန်စွာအရေးကြီးပါသည်။ - မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင် ဖြစ်ပါသည်။ ထို့ပြင် မြေအောက်ရေ (အဝီစိရေ) များ အလွန်အကျွံ ထုတ်ယူအသုံးပြုမှုကလည်း သတိပြုရမည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ မြေအောက်ရေကို အထိန်းအကွပ်မရှိ တူးဖော်သုံးစွဲမှုသည် မြေနိမ့်ကျခြင်း၊ ပင်လယ်နားနီးသည့် နေရာများ၌ ရေငန်ဝင်ရောက်ခြင်း၊ မြေအောက်ရေ မျက်နှာပြင်ကျဆင်းခြင်း၊ ဆောက်လုပ်ပြီးသား အဆောက်အအုံများ ပျက်စီးခြင်း စသည့်ဆိုးကျိုးများစွာတို့ကိုလည်း မလွဲမသွေ အနှေးအမြန် ခံစားရနိုင်ပါသည်။ - Source: Myanmar Digital News - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
