ထောပတ်ပင် ကိုင်းကူး ၊ ကိုင်းဆက်ခြင်း
- လယ်ယာသီးနှံများ နှင့် ဟင်းသီး၊ ဟင်းရွက် သီးနှံများအား မျိုးယူ၊ မျိုးရွေးမှားယွင်းပါက အချိန်အားဖြင့် တစ်နှစ်တစ်ရာသီသာ ဆုံးရှုံးမှုရှိပြီး လုပ်အားနှင့်ငွေကြေး ဆုံးရှုံးမှုမှာလည်း နည်းပါး ပါသည်။ နှစ်ရှည်ပင်များ မျိုးယူ၊ မျိုးရွေးမှားယွင်းပါက အချိန်ကာလဆုံးရှုံးမှု ကြီးမားသလို၊ လုပ်အား နှင့် ငွေကြေးဆုံးရှုံးမှုမှာလည်း များပြားပါသည်။ နှစ်ရှည်ပင် စိုက်ပျိုးသူ အများစုသည် မိမိတို့အကြိုက် ကိုယ်စီ ဖြင့် ကိုင်းဆက်ပျိုးပင်(Grafting)များကို ဝယ်ယူ၍သော်လည်းကောင်း၊ မိမိကိုယ်တိုင် ဆောင်ရွက်၍သော် လည်းကောင်း စိုက်ပျိုးနေသူများ ရှိသကဲ့သို့ အစေ့ပျိုးပင်(Seedling)များကို ဝယ်ယူ၍သော်လည်း ကောင်း ၊ မိမိကိုယ်တိုင် ပျိုးထောင်၍သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါ သည်။ - ကိုင်းကူး ၊ ကိုင်းဆက်မျိုးပွါး စိုက်ပျိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိမိစိုက်ပျိုးမည့်ပျိုးပင်သည် အောက်ခံပင်၏ ကြမ်းတမ်းသော ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိခြင်းစသည့် အရည်အချင်းကောင်းများကို ရရှိစေပြီး၊ မျိုးကိုင်း၏ အထွက်ကောင်းခြင်း၊ အလုံးလှခြင်း၊ အရောင်လှခြင်း၊ အနံ့မွှေးခြင်း၊ အရသာရှိခြင်းစသည့် အရည်အသွေး ကောင်းများကို ရရှိနိုင်စေရန်ဖြစ်ပါသည်။ - ကိုင်းကူး ၊ ကိုင်းဆက် လုပ်ဆောင်မည်ဆိုပါက အောက်ခံပင် ရွေးချယ်ခြင်း ၊ အဖူးကိုင်း (သို့) မိမိ အလိုရှိသော မျိုးကိုင်းအားရွေးချယ်ခြင်း မှန်ကန်စေရန် အရေးကြီးပါသည်။ - (၁) အောက်ခံပင်ရွေးချယ်ခြင်း - အောက်ခံပင်ရွေးချယ်ရာတွင် မိမိဒေသရှိ အသီးအရည်အသွေးညံ့ဖျင်းသော်လည်း ပြုစုမှုမရှိဘဲ သဘာဝအတိုင်း ကောင်းစွာဖြစ်ထွန်းနေသည့် ဒေသခံအပင်မျိုးကို ရွေးချယ်ပျိုးထောင် စိုက်ပျိုးသင့် ပါသည်။ အောက်ခံပင် မွေးမြူရာတွင် မိမိနေရာအကျယ်အဝန်းပေါ်မူတည်၍ ပျိုးအိတ်ဖြင့်သော် လည်းကောင်း ၊ မြေတွင် ချစိုက်၍သော်လည်းကောင်း မွေးမြူပြီး (၁ - ၃ နှစ်) အတွင်း မိမိ နှစ်သက်ရာမျိုး ကို မျိုးကိုင်းထား၍ ကိုင်းဆက်ကြရမည် ဖြစ်ပါသည်။ - (၂) အဖူးကိုင်းရွေးချယ်ခြင်း - အဖူးကိုင်းဆိုသည်မှာ မိမိအလိုရှိသောမျိုး၏ အဖူးများပါဝင်နေသောကိုင်း ဖြစ်သည်။ အဖူးကိုင်း ရွေးချယ်ရာတွင် မနုလွန်း ၊ မရင့်လွန်းသော ကိုင်းများကို ရွေးချယ်သင့်ပါသည်။ အဖူးကိုင်းအဖြစ် အသုံးပြုမည့် မျိုးသည် အထွက်နှုန်းကောင်းခြင်း ၊ ဈေးကွက်ရှိခြင်း ၊ သီးနှံ၏ အရည်အသွေး (အရောင် ၊ အနံ့ ၊ အရသာ ) ကောင်းခြင်း နှင့် ကျန်းမာသန်စွမ်းပြီး ရောဂါကင်းသောအပင်မှ ကိုင်းဖြစ်ရမည်။ - (၃) ကိုင်းဆက်ခြင်း - နှစ်ရှည်ပင် (ဒူးရင်း ၊ ထောပတ် ၊ သရက်) စိုက်ပျိုးသူများ အတွက် အောင်မြင်တဲ့ ကိုင်းကူး/ ကိုင်းဆက်ပင်တစ်ခု ဖြစ်ဖို့အတွက်ဆိုရင် အောက်ခံပင်ရဲ့ အစာရေကြောစည်းများပါတဲ့ အသားတိုးလွှားနဲ့ အပေါ်ကိုင်းရဲ့ အစာရေကြောစည်းပါတဲ့ အသားတိုးလွှာ နှစ်ခုတို့ဟာ တစ်နေရာရာမှာ အောင်မြင်စွာ တွဲဆက်သွားဖို့ လိုအပ်ပါတယ်။ စေ့ရွက်ထီးပင်များ (ပြောင်းပင်၊အုန်းပင်)မှာတော့ အစာရေကြောစည်း မပါတဲ့အတွက် ကိုင်းကူးကိုင်းဆက်ပြုလုပ်ရန် မဖြစ်နိုင်ပါ။ - ထောပတ်ပင် ကိုင်းကူး ၊ ကိုင်းဆတ် နည်းလမ်း အဆင့်ဆင့်အား ဖော်ပြအပ်ပါသည်။ - (၁) အောက်ခံပင် ကို အထက်တွင်ဖော်ပြထားသည့် အတိုင်း ရွေးချယ်ပါ (သို့) စိုက်ပျိုးပါ။ - (၂) မျိုးကိုင်းရွေးချယ်ရာတွင် အောက်ခံပင်နှင့် အချင်းအနည်းငယ်တူညီသည့် မျိုးကိုင်းအား ရွေးချယ်ပါ ။ မျိုးကိုင်း ကို မဖြတ်မီ သို့မဟုတ် ဖြတ်ပြီးနောက် ချက်ခြင်း ကိုင်းဆက်ပေးရန် လိုအပ်ပါသည်။ မျိုးကိုင်းအား အစိုဓါတ် ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ - (၃) အောက်ခံပင်၏ ပင်စည်အား (၁၅ လက်မ ခန့်) ချန်၍ အပေါ်ပိုင်း အရွက်အားလုံးအား ကိုင်းဖြတ်ကပ်ကြေး ဖြင့် ဖြတ်ပေးပါ။ - (၄) ကိုင်းဖြတ်ဓါးကို အသုံးပြု၍ အောက်ခံပင်၏ ဖြတ်ထားသော ထိပ်မျက်နှာပြင်မှ အနက် (၁) လက်မ ခန့် ပင်စည်အား ခွဲပေးပါ။ - (၅) အဖူးပါသော မျိုးကိုင်းအား ကိုင်းဖြတ်ဓါး ဖြင့်အသားတိုးလွှာပေါ်သည်အထိ အရှည် (၁) လက်မခန့် ချွန်ပေးပါ - (၆)အောက်ခံပင် နှင့် မျိုးကိုင်းအား ဆက်ရာတွင် အထူးသတိပြုရန်မှာ အစာရေကြောစည်းများပါတဲ့ အသားတိုးလွှား နှစ်ခုတို့အောင်မြင်စွာ တွဲဆက်သွားရန် လိုအပ်ပါတယ်။ - (၇) မျိုးကိုင်းဆက် ထားသည့်နေရာတွင် ဖယောင်းစက္ကူ (သို့) မိုးကာသားအပျော့ အသုံးပြု၍ အပေါ်သို့တက်ပြီး ပြန်လည်အောက်သို့ ဆင်းကာ ပတ်သွားပါ။ ကိုင်းဆက်ထားသည့် နေရာနှင့် မျိုးကိုင်း အပြည့်အစုံကို ဖုံးအုပ်အောင် ပတ်ပေးပါ။ ဤသို့ ပြုလုပ်ခြင်းဖြင့် ပိုးမွှားနှင့် ရောဂါများ ဝင်ရောက်မှုကို ကာကွယ်နိုင်ပြီး မျိုးကိုင်း အတွင်းရှိ အစိုဓါတ် ထိန်းထားနိုင်ပါသည်။ ကိုင်းဆက်ခြင်း အောင်မြင်လာသည့်အခါ အောက်ခံပင် မှ မျိုးကိုင်း သို့ ရေနှင့် အာဟာရများ ပေးပို့လာမည်ဖြစ်သည်။ - (၈) ကိုင်းဆက်ထားသည့် အပင်ကို အစိုဓါတ် ထိန်းသိမ်းရန် နှင့် အလင်းရောင်အနည်းငယ် ရပီး အရိပ်ရှိသောနေရာတွင် ထားပေးခြင်းသည် အရေးကြီးပါသည်။ ပုံမှန်အားဖြင့် ကိုင်းဆက်ပြီး ( ၄ -၆ ပါတ်) အတွင်းတွင် မျိုးကိုင်း မှ အသစ်ပေါက်လာသော အဖူး နှင့် အရွက်သစ်များကို စတင်တွေ့ ရှိနိုင်ပါသည်။မျိုးကိုင်းမှ အရွက်များ အောင်မြင်စွာ တိုးထွက်လာသည့်အချိန်တွင် ဖယောင်းစက္ကူ (သို့) မိုးကာသားအပျော့ အား ဖြုတ်ပေးရန် လိုအပ်ပါသည်။ - Source - https://www.ctahr.hawaii.edu/oc/freepubs/pdf/F_N-51.pdf - ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
