ဧရာဝတီတိုင်း အောက်တိုဘာလ ၁၆ ရက် မှ အောက်တိုဘာလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ
- အနောက်တောင်မုတ်သုံလေအခြေအနေ(အိန္ဒိယမိုးလေဝသဌာန - IMD) - · အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ - မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတခုလုံးမှ ပုံမှန်အနောက်တောင်မုတ်သုံလေ အပြီးတိုင်ဆုတ်ခွာရက် (Normal Dates of Fully Withdrawal) သည် အောက်တိုဘာလ ၁၅ ရက်နေ့ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း၊ အောက်တိုဘာ ၁၅ ရက်အထိ မုတ်သုံဆုတ်ခွာကြောင်း ထုတ်ပြန်ခြင်း မရှိသေးပါ။ - ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ - · “ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း”တွင် ဖြစ်ပေါ်နေသော အမြင့်ပေ ၅၀၀၀ ခန့်(1.5 km)မှ လေပွေလှိုင်းသည် တမီလ်နာဒူးပြည်နယ်တောင်ပိုင်း COMORIN အငူ အနီးမှာ ဆက်လက်တည်ရှိနေပါတယ်။ - · အဆိုပါ လေပွေလှိုင်းသည် အောက်တိုဘာ ၂၁ ရက် မှ ၂၃ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ ECMWF နှင့် GFS model များမှ အောက်တိုဘာ ၂၆ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Depression)ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းများကို အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။ - · လေပွေလှိုင်းဆက်လက်ဖြစ်ပေါ်လျှက်ရှိသည့်ဧရိယာ ကျယ်ဝန်းသောကြောင့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် ဆက်လက်ဦးတည်ရွေ့လျှားနိုင်မည့်လားရာသည် - - § ECMWF Model မှ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်ဘက်သို့လည်းကောင်း၊ - § GFS Model မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့လည်းကောင်းရွေ့လျှားနိုင်ကြောင်း အသီးသီးခန့်မှန်းထားပါတယ်။ (IMD ISSUE) - · “တောင်တရုတ်ပင်လယ်”သို့ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်မည့် လေပွေလှိုင်း (INVEST-96W) သည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြို့တော်၊ မနီလာမြို့၏ အရှေ့ဘက် မိုင် ၄၉၀ ခန့်သို့ရောက်ရှိလာပြီး အပူပိုင်းမုန်တိုင်းအဆင့်ဖြစ်လာနိုင်ကြောင်း၊ - · အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၁၈ ရက် ည တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အောက်တိုဘာ ၁၉ ရက် နေ့လည်ပိုင်းတွင် တောင်တရုတ်ပင်လယ်အတွင်းသို့ စတင်ဝင်ရောက်လာနိုင်ကြောင်း၊ - · အောက်တိုဘာလ ၂၁ ရက် ည တွင် ဟောင်ကောင်တောင်ဘက် မိုင် ၂၉၀ ခန့်အကွာ၊ တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိလာနိုင်ကြောင်း ECMWF Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။ - · တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအရှိန်သက်ရောက်မှုသည် ပြီးခဲ့သည့် တိုင်ဖွန်းမုန်တိုင်းများလောက် ပြင်းထန်နိုင်မည်မဟုတ်ဟု ခန့်မှန်းရပါတယ်။ အောက်တိုဘာ ၂၁ ရက်/၂၂ ရက်နေ့များတွင် တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ပြီးနောက် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကို ဆက်လက်စောင့်ကြည့်ရပါမယ်။ - · လက်ရှိဖြစ်ပေါ်နေသော မုတ်သုံဆုတ်ခွာချိန်-မိုးလေဝသအခြေအနေများကြောင့် အောက်တိုဘာ ၁၆ ရက် မှ ၂၀ ရက် ၅ ရက်အတွင်း၊ - § မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရေချိန် ၃ လက်မအထက်၊ - § ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရေချိန် ၂ လက်မအထက်နှင့် - § ကျန်ပြည်နယ်တိုင်းများတွင် မိုးရေချိန် ၁ လက်မအထက် ဆက်လက်ရွာသွန်းနိုင်ပါတယ်။ - အောက်တိုဘာလ ၁၆ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ - · ဧရာဝတီတိုင်းအလယ်ပိုင်းဒေသများနှင့် အနောက်ဘက်၊ တောင်ဘက်ကမ်းရိုးတန်းဒေသများဖြစ်သည့် လပွတ္တာ၊ ငပုတော၊ ကျောင်းကုန်း၊ မြောင်းမြ၊ ပုသိမ်၊ မအူပင်နှင့် ဟင်္သာတမြို့နယ်/ခရိုင်များမှာ ၇ ရက်အတွင်း မိုးရေချိန်၂ လက်မအထက်၊ ၃ လက်မအောက်ရွာသွန်းနိုင်ပါတယ်၊ - · ယခု ၁ ပတ်အတွင်း ဧရာဝတီတိုင်းတခုလုံးအနေဖြင့် မိုးများနိုင်မည့်အခြေအနေမရှိပဲ မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာရွာသွန်းရရှိနိုင်မှာဖြစ်တာကြောင့် စပါးရိတ်သိမ်းချိန်အတွင်း မိုးအနည်းငယ်ရွာသွန်းနိုင်မည့်အခြေအနေကို သတိပြု၍ - - § ရိတ်သိမ်းပြီးစပါးနှံများ မိုးမမိစေရန် အမိုးအကာစများအဆင်သင့်ပြင်ဆင်ထားခြင်း၊ - § ရေဝပ်နိုင်သောလယ်မြေများတွင် ရေထွက်ကောင်းစေရန်စီမံထားခြင်းနှင့် - § လယ်ကွင်းပြင်များ၌ အလုပ်လုပ်နေစဉ် အသက်အန္တရာယ်ဖြစ်စေသည့် မိုးကြိုးပစ်နိုင်သည့်မိုးတိမ်တောင်များတက်လာခြင်းကို သတိပြုစောင့်ကြည့်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ်။ - · ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ မိုင်ခန့် ရှိနိုင်ပါတယ်။ - · ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၄၀°C အထိရှိနေနိင်ပါတယ်။ - · လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၃၀ မှ ၅၀ အတွင်းရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ - ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃ ပေခန့်ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါးကန်ရေအနက်အတွက် အကြံပြုချက် - ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်သည် အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်တွင် ကန်ရေအနက်သည် (၅ - ၆.၅)ပေအထိ ရှိရပါမည်။ သမပိုင်းဇုန် ကန်ရေအနက်သည်(၁၂-၁၅)ပေ ရှိနိုင်ပါသည်။ ပုစွန်မွေးမြူရေးအတွက် ကန်ရေအနက်သည်(၄-၆)ပေ ရှိရပါမည်။ မွေးမြူရေးကန် ရေတိမ်ပါက အလင်းရောင် (နေရောင်ခြည်)ကောင်းစွာဖြတ်သန်းနိုင်သဖြင့် ရေဩဇာကြွယ်ဝစေပါသည်။ - --------- - စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
