၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ သကြားတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ တောင်သူစိုက်ပျိုးသည့် ကြံအားလုံး ဝယ်ယူကြိတ်ခွဲသွားမည်ဟုဆို
- ရန်ကုန်။ ၂၀၂၅၊ အောက်တိုဘာ ၂၇ ရက် - ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ကြံရာသီအချိန်တွင် ပြည်တွင်းရှိသကြားစက်ရုံ ၂၉ ရုံအနေဖြင့် သကြားတိုးမြှင့် ထုတ်လုပ်နိုင်ဖို့အတွက် တောင်သူလယ်သမားများ၏ စိုက်ပျိုးထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲသွားမှာဖြစ်ကြောင်း သကြားစက်ရုံများ၊ ကြံစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အောက်တိုဘာ ၂၅ ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ - အဆိုပါ ဆွေးနွေးပွဲမှာ တောင်သူများအနေဖြင့် ခုတ်သိမ်းသောကြံများကိုစက်ရုံများသို့ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်သယ်ယူနိုင်ရေး၊ သကြားစက်ရုံများနှင့် ကြံစိုက်တောင်သူများ Contract Farming စနစ်ဖြင့် စိုက်ပျိုးဝယ်ယူကြိတ်ခွဲနိုင်ရေး၊ သကြားစက်များပြုပြင်မွမ်းမံခြင်း၊ စက်စွမ်းအားမြှင့်တင်ခြင်း၊ ခေတ်မီစက်များဖြင့် ပြောင်းလဲတပ်ဆင်ကြိတ်ခွဲခြင်းဖြင့် သကြားအထွက်နှုန်းတိုးတက်စေရေးနှင့် ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေးကို ဦးစားပေးဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ - စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း သကြားအထွက်နှုန်းကောင်းမွန်သည့် အရည်အသွေးကောင်းကြံမျိုးများ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကြံပင်များ၌ အချိုဓာတ်ပြည့်ဝချိန်တွင် မှန်မှန်ကန်ကန်ခုတ်သိမ်းနိုင်ရန်နှင့် ရိတ်သိမ်းချိန်လွန်ကာလ လေလွင့်ဆုံးရှုံးနိုင်သည့် အချက်များကိုပါ တောင်သူများဂရုပြုလိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ - ဒါ့အပြင် ကြံပင်၏ အရင်း၊ အလယ်၊ အဖျားတို့၏ အချိုဓာတ်ပါဝင်မှု(Brix)ရာခိုင်နှုန်းကို Hand Refrometer ဖြင့် တိုင်းတာ၍ အချိုဓာတ်အများဆုံးအချိန် ခုတ်သိမ်းရန်နှင့် ကြံခုတ်သိမ်းပြီးပြီးချင်းသယ်ယူကြိတ်ခွဲနိုင်ခြင်းဖြင့် ကောင်းမွန်သည့် သကြားအထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ ခုတ်သိမ်းချိန်မှန်ကန်စွာဖြင့် သယ်ယူကြိတ်ခွဲရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်သွားနိုင်ရန် လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။ - ကြံရာသီဟာနှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအထိဖြစ်ပြီးပြည်တွင်းမှာကြံစိုက်ပျိုးမှုကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်းစိုက်ပျိုးမှုရှိကြောင်းနှင့် လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကြံစိုက်ဧက ၅ သိန်းဝန်းကျင်ရှိနေကြောင်းလည်း သိရပါတယ်။ - နိုင်ငံအတွင်း သကြားစက်ရုံပေါင်း ၂၉ ရုံရှိပြီး ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကြံတန်ချိန်(၅,၃၇၉,၅၇၇)တန် ကြိတ်ခွဲနိုင်ခဲ့ကာ သကြားအထွက်နှုန်းအားဖြင့် (၅၄၃,၆၆၃)တန်နှင့် တင်လဲရည် (၂၆၁,၈၉၅)တန် ထွက်ရှိခဲ့ကြောင်း သိရပါတယ်။ - Source: Myanmar Future News Agency မှ ကူးယူဖော်ပြပါသည်။ - ------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
