ရှမ်းပြည်နယ် နိုဝင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၁၄ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· ဗီယက်နမ်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် နိုဝင်ဘာ ၇ ရက် ည တွင် ကုန်းတွင်းလေပွေလှိုင်းအဖြစ် အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး မုန်တိုင်းအကြွင်းအကျန်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပါတယ်။
· တိုင်ဖွန်း KALMAEGI အကြွင်းအကျန်များ (Typhoon KALMAEGI REMNANTS) သည် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တို့သို့ နိုဝင်ဘာ ၈/၉/၁၀ ရက်များတွင်ရွေ့လျားဝင်ရောက်လာနိုင်ပြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တို့တွင် နိုဝင်ဘာ ၈ ရက် မှ ၁၂ ရက်အထိ ၅ ရက်အတွင်း မိုးရေချိန် ၄ လက်မခန့်မှ ၅ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။
· တိုင်ဖွန်းမုန်တိုင်း FUNG WONG သည် နိုဝင်ဘာ ၉ ရက် ည တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAT-4 TYPHOON အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်အပြီး၊ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာပြီး အရှေ့ဘက်သို့ပြန်လည်ချိုးကွေ့ရွေ့လျားနိုင်ကြောင်း အတည်ပြုပြီးဖြစ်၍ တိုင်ဖွန်း KALMAEGI ၏ မုန်တိုင်းအကြွင်အကျန်များဝင်ရောက်ပြီး နိုဝင်ဘာ ၁၀ ရက် နောက်ပိုင်းတွင် အရှေ့ဘက်မှမုန်တိုင်းအကြွင်းအကျန်များကြောင့် အခါလွန်မိုး/ဖျက်မိုးအန္တရာယ်များ မရှိနိုင်တော့ပါ။
· နိုဝင်ဘာ ၉ /၁၀ ရက်များ၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အထက်လေပွေလှိုင်းဖြစ်ပေါ်နိုင်သော်လည်း မြောက်အရပ်မှလေအေးစီးကြောင်းအားကောင်းလာပြီး ပင်လယ်ပြင်မှ ရေပြင်ညီအမြင့်အပူချိန်(Sea Level Temperature – SLT)ကျဆင်းလာခြင်းတို့ကြောင့် အားကောင်းလာနိုင်ခြင်းမရှိကြောင်း၊ အနောက်တောင်ဘက်မှလေစီးကြောင်းအားနည်းသွားသဖြင့် မြန်မာနိုင်ငံဘက်တွင် မိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်း တွေ့ရပါတယ်။
ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
· ရှမ်းပြည်နယ်တောင်ပိုင်း - တောင်ကြီး၊ ညောင်ရွှေ မြို့နယ်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ နီးပါးမှ ၃ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပြီး ယခုတပတ်အတွင်း မိုးအများဆုံးဖြစ်နိုင်ပါမယ်။
· ရှမ်းပြည်နယ်တောင်ပိုင်း - ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်၊ ကွန်ဟိန်း ၊
ရှမ်းပြည်နယ်အရှေ့ပိုင်း - ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းယောင်း၊
ရှမ်းပြည်နယ်မြောက်ပိုင်း - လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။
· ဖယ်ခုံ၊ မိုင်းဆတ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းရယ်စသည့် ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မဝန်းကျင် ရွာသွန်းရရှိနိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၂°C ခန့် ရှိနိုင်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ညအပူချိန် အနိမ့်ဆုံး (၁၂°C) ဖြစ်နိုင်ပါမယ်။
· ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်ခန့်ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၆၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၁၀၀% ရှိနေနိုင်ပါမယ်။
· နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၁°C ခန့်ရှိနေနိုင်ပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 35 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 86 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်တခုလုံးမှာ ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ် မရှိပါ။
Win Naing
Administration Team,
MMWEATHER,
ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးရာတွင် ပြောင်းစမတ်ရောဂါကျရောက်မှုအား ကာကွယ်ပေးပါ။ ပြောင်းစမတ်ရောဂါမှာ ပြောင်းဖူးနှင့်မိတ်စာများတွင် အဖြူရောင်မှစ၍ စိမ်းမည်းရောင်သန်းပြီး ပျော့ပျောင်းသောအသားပိုများဖြစ်ပေါ်စေကာ နောက်ပိုင်းတွင် မှိုစပိုးများဖြစ်ပေါ်လာခြင်းကြောင့် ညိုမည်းလာပါသည်။ လေဖြင့်ပျံ့နှံ့တတ်၍ မကာကွယ်နိုင်ပါက တစ်ခင်းလုံး လျင်မြန်စွာပျံ့နှံ့သွားတတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ_
- မျိုးရင်းမတူညီသောသီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- စိုက်ခင်းတွင် လေဝင်လေထွက်ကောင်းစေရန် အပင်စိပ်စိပ်စိုက်ခြင်းမှ ရှောင်ကြဥ်ပါ။
- နိုက်ထရိုဂျင်အလွန်အကျွံကျွေးခြင်းမှရှောင်ကြဥ်၍ မြေခံတွင်ဖော့စဖိတ်မြေဩဇာခံ၍ စိုက်ပျိုးပါ။
- ဓာတုဆေးသုံးလိုပါက Azoxystrobin၊ Difenoconazole၊ Propiconazole၊ Chlorothalonil ၊ Hexaconazole ပါဝင်သော မှိုသတ်ဆေးများအား သတ်မှတ်နှုန်ထား အတိုင်းပက်ဖျန်းခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ငါးကန်များတွင် ရေချဉ်ဖန်နှုန်းစစ်ဆေးရန် အကြံပြုချက်
ငါးကန်ရေချဉ်ဖန်နှုန်းသည် ကန်၏ ရူပဆိုင်ရာအချက်အလက် ပေါ်မူတည်ပါသည်။ ကန်ရေတွင် (အပင်မျှောလှေး) လုံလောက်စွာ တည်ရှိနေပြီး နေရောင်ခြည်ကောင်းမွန်စွာရရှိပါက ကန်အတွင်း အလင်းမှီအစာချက်ခြင်း ပြုလုပ်ပါသည်။ ထိုအချိန်တွင် ကန်အတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်ကို အသုံးပြုပြီး ကန်အတွင်းသို့ အောက်စီဂျင်ထုတ်လွှတ်သဖြင့် ချဉ်ဖန်နှုန်းသည် တက်လာပြီး၊ ကန်အတွင်း DO ပျော်ဝင်အောက်စီဂျင်ကို ရရှိစေပါ သည်။ ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်းသည် ညနေပိုင်း (၄)နာရီတွင် ချဉ်ဖန်နှုန်း မြင့်တက်နိုင်ပါသည်။
သို့သော် မနက်ပိုင်း (၆) နာရီအချိန်တွင် ချဉ်ဖန်နှုန်း နိမ့်နေရမည့်အစား မြင့်တက်နေပါက အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါသည်။
ဖြေရှင်းနည်းများ
- တစ်ဧက(ကန်ရေအနက် ၃ပေ)လျှင် ကျောက်ချဉ် (၃၀-၆၀)ပိဿာ ထည့်ပေးပါ။ (သို့)
- တစ်ဧက(ကန်ရေအနက်၃ပေ)လျှင် CaSo4 15 ပိဿာ ထည့်ပေးပါ။
-----------------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price