cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ချဉ်ပေါင်ဖူးနီနီက ပေးတဲ့ ကျန်းမာရေးလက်ဆောင်

. Value Added Products
ဆောင်းရာသီကာလတွင် ဆောင်းလေနုအေးနှင့်အတူ ချဥ်ပေါင်ပင်တို့၏ ရိုးတံအဆစ် ကြားလေး များတွင် ပန်းပွင့်ပြီးနောက် အနီရင့်ရောင် ချဉ်ပေါင်အသီးလေးများ စီစီရီရီထွက်ပေါ်လာကြပြီ။
  • ချဥ်ပေါင် ပင်သည် အာဟာရ ပြည့်ဝပြီး အထူးသဖြင့် ၎င်း၏ အရွက်များ၊ အသီးနှင့် အစေ့များတွင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါသည် ။ ချဉ်ပေါင်ရွက်များတွင် ဘီတာကာရိုတင်းနှင့် ဖော့စဖရပ်စ် မြင့်မားစွာ ပါဝင်ပြီး အဖူးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့ပါဝင်သည်။ ချဉ်ပေါင် အစေ့များတွင် ပါဝင်သော  ကျန်းမာရေးနှင့်ညီညွတ်သည့်  လီနိုလစ်အက်ဆစ်နှင့် အိုလီအစ်အက်ဆစ် များ သည် ပရိုတင်းနှင့် အဆီများ၏ အကောင်းဆုံးအရင်း အမြစ်တစ်ခု ဖြစ်၏။ 

    ချဥ်ပေါင်ဖူး တစ်ပန်းကန် လုံးတွင် အစာစွမ်းအင် ၂၈ ကယ်လိုရီ ၊ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာပါ ဝင်ခြင်း နှင့်အတူ အဆီဓာတ် အနည်းငယ် ၊ ဗီတာမင်အေ ၊ ဗီတာမင်ဘီတူး ၊ ဗီတာမင်စီနှင့် ဘီတာကယ်ရို တင်းတို့ပါဝင်၏။ သတ္တုဓာတ် အနေဖြင့် ကယ်လ်စီယမ် ၊ မဂ္ဂနီစီယမ် ၊ ပိုတက်စီယမ်တို့လည်း ပါဝင်၏။ 

    ရာသီပေါ် ချဥ်ပေါင်ဖူးကို ဒေသအလိုက် မတူညီသောနည်းလမ်းမျိုးစုံဖြင့် ထောင်းစားလို့ ရပါသည် ။ ချဉ်ပေါင်ဖူးကို ယိုအဖြစ် ထိုးစားလို့လည်း ရပါသည် ။ ချဉ်ပေါင်ယို ထိုးရာတွင် ချဉ်ပေါင်သီး အထဲက အစေ့ကို ထုတ်ပြီး အပြင်က အခွံလေးတွေကို ယူထားမယ်။ ပြီးရင် ရေသေချာဆေးပြီး ရေစစ် ထားပေးပါမယ်။ ချဥ်ပေါင်ဖူးအခွံများကို ထုံးရေကြည် (ကွမ်းစားထုံးအနည်းငယ်အား ရေထဲထည့်ပြီး ) ထဲ အနည်းဆုံး (၆) နာရီ စိမ်ထားပေးပါ။ ပြီးလျှင် ရေဖြင့်အထပ်ထပ်စင်ကြယ်အောင်ဆေးပေးပြီး ရေစစ် ထားပါ။ ပြီးလျှင် ချဥ်ပေါင်ဖူး (၃) ခွက်လျှင် သကြား (၁) ခွက်နှုန်းဖြင့် ခပ်ဖွဖွနယ်ပြီး အနည်းဆုံး (၂၄) နာရီ နှပ်ထားလိုက်ပါ။ ပြီးလျှင် အောက်မှ အိုးတစ်လုံးခံကာ ဇကာထဲလောင်းထည့်ပြီး အဖတ်သက်သက်၊ အရည်သက်သက် ခွဲထုတ်ပေးပါ။ အရည်အိုးကို မီးဖိုပေါ်တွင် မီးအသင့်အတင့်ဖြင့် အနည်းငယ် ရေခမ်းသည်အထိ ကျိုပေးပါ။ ပြီးလျှင် ချဥ်ပေါင်ဖူးဖတ်လေးများထည့်၊ ဆားအနည်းငယ်ထည့်၊ ကြိုက် တတ်လျှင် အစပ်အရသာနှင့် မဆလာနံ့ မွှေးမွှေးလေး ငရုတ်သီးစိမ်းမှုန့်နှင့် မဆလာအနည်းငယ် ထည့်ပြီး ကျိုပေးပါ။ အရည်ပျစ်လာပြီး ညောင်‌စေး ကျလာလျှင် မီးပိတ်ပြီး အိုးချနိုင်ပါပြီ။ တာရှည်အထားခံရန် အတွက် ချဥ်ပေါင်ဖူးဖတ်လေးများကို  ဇကာထဲ စီစီရီရီဖြန့်ပြီး နေပူလှန်းပေးပါ။ အခြောက်ညီအောင် အထက်အောက် လည်း မကြာခဏလှန်ပေးပါ။ ခြောက်သွားပြီးလျှင် ပုလင်း/ပလတ်စတစ်ဘူးထဲထည့်ပြီး လေလုံအောင် သိမ်းဆည်းပါ။ ချိုချဥ်စပ်မွှေး အရသာလေးနှင့် ခံတွင်းရှင်းစေသည့် ချဥ်ပေါင်ဖူး ယိုလေး ရမည် ဖြစ်ပါသည်။ 

    ချဥ်ပေါင်ဖူးခြောက်လေးကို ရေဆေးပြီးနောက် ရေနွေးပူပူထဲတွင် လက်ဖက်ခြောက်ခပ် သကဲ့သို့  (၅ - ၁၀) မိနစ် ခန့်ထည့်ပြီး အဖုံးအုပ်ပြီး နှပ်စိမ်ထားပေးပါ။  ကြိုက်တတ်လျှင် ချင်းတစ်ပြား၊ သစ်ကြံပိုးခေါက်အနည်းငယ်နှင့် အနံ့အတွက် သံပုရာသီးစိတ်လေး အနည်းငယ် ညှစ်ပေးလိုက်လျှင် အရောင်အဆင်း အနံ့အရသာနှင့် ပြည့်စုံ သော  ချဥ်ပေါင်ဖူးလက်ဖက်ရည်ကြမ်းလေး ရပါပြီ။ သောက်သုံး ခါနီး အချိန်တွင် အဖတ်များကို ဆယ်ပစ်ပြီး အရည်ကို ခပ်နွေးနွေးအနေအထားမှာ သောက်သုံးနိုင်သကဲ့သို့ ခပ်အေးအေး သောက်သုံးလိုပါက  ရေခဲသေတ္တာ ထဲတွင်ထားပြီး သောက်သုံးနိုင်ပါသည်။  

    သတိပြုရန်မှာချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းသည် သွေးတိုးကျစေ သော အစွမ်း ရှိသောကြောင့် သွေးပေါင် ကျတတ်သူများ ၊ ဆီးချိုရောဂါရှိသူများ၊ သွေးတိုးကျဆေး သောက်သုံး နေသူများ အနေဖြင့် ချင့်ချိန် သောက်သုံးသင့်ပါသည်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များလည်း သောက်သုံးရန် မသင့်တော်ပါ။ ချဉ်ပေါင်ဖူးတွင် အချဉ်ဓာတ်ပါသောကြောင့် အစာမရှိပဲ မသောက်သုံးသင့်ပါ။ ပမာဏ အများအပြား သောက်သုံးမိပါက အစာခြေစနစ် ပြဿနာရှိနိုင်ပြီး မူး‌ဝေခြင်းနှင့် သတိလစ်မေ့မြောခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ နို့တိုက်မိခင်များ၊ ကလေးငယ်များနှင့် သွေးတိုးရောဂါရှိသူများ အလွန်အကျွံ မသောက်သုံးသင့်ပါ။  တန်ဆေး လွန်ဘေးဆိုသကဲ့သို့ တစ်ရက်လျှင် ရေန္ဂေးပန်းကန်လုံး နှစ်လုံး ခန့်သာ ပုံမှန်သောက်သုံးပေးသင့်ပါသည်။ 

    ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ချဥ်ပေါင်ပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင် စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ 

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။    


  • article
likes
9
comments
0
views
1227