နီနီရဲရဲအသီးလေး မြင်လိုက်တာနဲ့ စားချင်လာသောမှန်ကူသီးစားခြင်း၏ အကျိုးကျေးဇူးများ
မှန်ကူသီး၏ ရုက္ခအမည်မှာ Elaeagnus latifolia L., Family:Elaeagnaceae၊ မြန်မာအမည်မှာ မှန်ကူသီး၊ ရှမ်းအမည်မှာ မောခ်လွမ်သီး၊ ချင်းအမည်မှာ sarzuk ဖြစ်ပါတယ်။ ဇန်နဝါရီလကနေပြီး ဖေဖော်ဝါရီလအထိ မှန်ကူသီးတွေပေါ်တဲ့အချိန်ဖြစ်တယ်၊ မှန်ကူသီးတွေကို ရှမ်းပြည်ဖက်ကနေ ပေါပေါများများ တွေ့ရတတ်ပါတယ်။ မရမ်းသီးနဲ့ မှန်ကူသီးက တပြိုင်နက်ပေါ်လေ့ရှိပါတယ်။ မှန်ကူပင်က အပင်ကြီးမဟုတ် အလွန်ကိုင်းဖြာသည့် အမြဲစိမ်းခြုံပင်ကြီးဖြစ်ပြီး ၁၀ ပေအထိမြင့်တယ်၊ ပင်စည်မှာ တခါတရံ ဆူးတွေပါတယ်။ အရွက်တွေက ပြောင်လက်ပြီး သားရေလိုမာတယ်၊ အရွက်အောက်ဖက်က အဖြူရောင်ဖြစ်တယ်။ အသီးစားသုံးရန်အတွက် စိုက်ပျိုးကြတယ်။
မှန်ကူသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများမှာ vitamins and minerals များစွာပါတယ်၊ အထူးသဖြင့် vitamins A, C and E, flavanoids တွေပါသလို အခြားသော bio-active compounds များလည်းပါရှိတယ်။.ထို့ပြင် မရှိမဖြစ်အရေးပါသည့် essential fatty acids များလည်း ပိုင်ဆိုင်ပါတယ်။ အသီးစားသုံးခြင်းဟာ ကင်ဆာလို ရောဂါဖြစ်ပွားခြင်းကို လျှော့ချနိုင်တယ်လို့လည်း ယူဆထားပါတယ်။
ဆေးကျမ်းများထဲတွင် မှန်ကူပင်ကို အင်္ကောလ လို့ခေါ်တယ်။ အာယုဗ္ဗေဒ အလိုအားဖြင့် အင်္ကောလအသီးသည် အေး၏၊ နှုတ်ကိုမြိန်စေတတ်၏၊ အားကိုဖြစ်စေ၏၊ ကြေကျက်ခဲ၏၊ ဆီး ၀မ်းကို ရွှင်စေ၏၊ လေနာ၊သည်းခြေနာ၊ အဆုတ်နာ၊ ပူလောင်ခြင်းနှင့် သွေးဖောက်ပြန်ခြင်းကို ပယ်ဖျောက်နိုင်၏။ ပါဠိဘာသာဖြင့် လိကောစက ဟုလည်းခေါ်သည်။
မှန်ကူသီး ရဲရဲလေးတွေကို ဓား နဲ့ အရာလေးတွေပေး ဆား ငရုတ်သီးမှုန့် သကြားဆီ ( ဆေးသကြား) ထည့်နယ်ပြီး စားရင် ၊ သွားတွေ ကျိန်းပေမယ့် စားပြီးရင်း စားချင်ဖြစ်စေပါတယ်။ မှန်ကူသီး ရဲ့ အသားလေးတွေချည်း ဓားနဲ့ ပါးပါးလှီး ထမင်း နဲ့ ဆုံထဲ ထည့်ထောင်း ဆား နဲ့ အချိုမှုန့် နည်းနည်း ပါထည့် ထောင်းကြက်သွန်ဖြူ ဆီသပ်၊ ငပိလေး နည်းနည်းထည့် ဆီသပ် ၊ ထောင်းထားတာ ထည့်ကြော်ရင် ငါးချဉ်ကြော်လေး လိုပဲအရသာရှိတယ်။ ရှမ်းပြည်ဘက်မှ ကလေးတွေလုပ်စားလေ့ရှိသော ဓလေ့မှာ ဝါးအဆစ် ဝါးဆစ်ပိတ် နဲ့ ဝါးဗောက်လေးလုပ်၊ မှန်ကူသီးထည့်၊ သကြားသို့မဟုတ် ထန်းလျက်ထည့်၍ထောင်း၊ ဝါးဗောက်လေး ထဲ ဝါးယောင်းမ နဲ့ ကော်စားလေ့ရှိကြပါတယ်။
သက်နိုင်ဦး(Monywa University) မှ ကိုးကားဖော်ပြသည်။
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price