cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ်စိုက်ပျိုးနည်း (၂)

. Cultivation Methods
ငရုတ်စိုက်ပျိုးနည်း (၂)
  • article
  • နိဒါန်း
    ငရုတ်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင် ရာသီမရွေး စိုက်ပျိုး နိုင်၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် ဆောင်းရာသီ၌ စိုက်ပျိုးနိုင်သည်။ ငရုတ်ကို ငရုတ်အစပ်မျိုးနှင့် အချိုမျိုးဟု နှစ်မျိုးခွဲခြားထားပြီး အချို့မှာ မိုးပေါ်သို့ ထောင်သီးသဖြင့် မိုးထောင်ငရုတ်ဟု ခေါ်ဝေါ်ကြသည်။ အချို့မှာ အောက်သို့ငိုက်၍ သီးပါသည်။ ငရုတ်သီးပုံသဏ္ဌာန်မှာလည်း အရှည်၊ အပု၊လုံးဝိုင်းပုံ အမျိုးမျိုးရှိကြသည်။
    ပျိုးထောင်ခြင်း
    အရှည်ပေ ၃၀ နှင့် သုံးပေအကျယ် ပျိုးဘောင်ကို သေချာစွာပြုပြင်ပြီး သုံးလက်မကွာ၊ အတန်းလိုက် အစေ့ချပျိုးထောင်ပါ။ ပူပြင်းသော ရာသီတွင် ပျိုးဘောင်ကို အမိုးပြုလုပ်ပေးရန် လိုပါသည်။ တစ်ဧကအတွက် မျိုးစေ့ ၂၀၀ ဂရမ်လိုအပ်ပါသည်။ အစို ဓာတ်မပြတ်စေရန် ရေမှန်မှန်လောင်းပေးပါ။ ပုရွက်ဆိတ်ရန်မှ ကင်းရန် ပျိုးဘောင်ကို ဖျူရာဒါန် ဆေးဖြူးပေးခြင်း၊ မျိုးစေ့ကို စီဗင်ဆေးမှုန့်လူးနယ်ခြင်းတို့ ပြုလုပ်ပေးရန် လိုပါသည်။ ပျိုးပင်များ ကြပ်လွန်းက ယိုင်လဲပြီး မှိုရောဂါကျရောက်တတ်၍ မှိုသတ်ဆေးဖြန်းပေးရန်လိုပါသည်။


    မျိုးရွေးချယ်ခြင်း
    ပျော်ဘွယ်မိုးထောင်၊ မိသားစုငရုတ်ရှည်၊ ငရုတ်ပုမျိုးစသည်ဖြင့် ကြိုက်နှစ်သက်ရာမျိုးကို ရွေးချယ်စိုက်ပျိုး ကြပါသည်။ ငရုတ်အခြောက်အဖြစ် လည်းကောင်း၊ ငရုတ်စိုအဖြစ် ခူး၍လည်းကောင်း၊ စိုက်ပျိုးသူများ ရောင်း ဝယ်ဖောက်ကားကြသည်။



    မြေပြုပြင်ခြင်း
    မြေမရွေးစိုက်ပျိုးနိုင်ပြီး သဲနုန်းမြေသည် အကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံး မြေချဉ်ငံဓာတ်မှာ (၅ ဒသမ ၅ - ၇)အတွင်း ဖြစ်သည်။ စိုက်ခင်းမြေကို နွားချေးချ၊ ထယ်ထိုးပြီး ထွန်ရေးကောင်းရသည့်တိုင် ထွန်မွှေပါ။ အစိုဓာတ်ထိန်းထားရန် ကြမ်းရိုက်ပါ။



    စိုက်ပျိုးခြင်း
    ပျိုးပင်များ (၅-၆)ရွက်ရှိချိန် ပျိုးသက်(၃၀-၃၅)ရက်သား အရွယ်တွင် စိုက်ခင်းသို့ ညနေချိန်ရွှေ့စိုက် ပါ။ တန်းကြား၊ ပင်ကြား နှစ်ပေဖြင့် တစ်ဧက အပင်ဦးရေ ၁၀၀၀၀ စိုက်ပျိုးပါ။ အပင်စိုက်စဉ်တွင် အမြစ်ကို မြေထဲသို့ ဖြောင့်တန်းစွာထား၍ စိုက်ပါ။
    အပင်ပြုစုခြင်း
    စိုက်ပြီး ၂၀ ရက်သားတွင် ပေါင်းလိုက်ပါ။ ပုံမှန်ပေါင်းရှင်းခြင်းနှင့် မြေတွင်းအစိုဓာတ် နည်းသွားပါက အပွင့်အသီးများကြွေ ကျတတ်သဖြင့် ရေသွင်းပေးရပါမည်။ စိုက်ခင်းတွင် အဓိကကျသော အင်းဆက်ပိုးမွှားဖြစ်သော သီးထိုးကျိုင်းနှင့် သီးထိုးယင် အကောင်ငယ်များက သီးတောင့်များကို ဖျက်စီးပါသည်။ ကာကွယ်ရန်မှာ ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် တစ်ပတ် တစ်ကြိမ်ပက်ဖျန်းနိုင်ပါသည်။ စိုက်ခင်းတွင် ကိုင်းဖျားခြောက်ရောဂါ၊ သီးတောင့်မှည့်ပျောက်စွန်း ရောဂါများ ကျရောက်ခြင်းမှ ကာကွယ်ရန် မှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။



    မြေသြဇာထည့်သွင်းခြင်း
    မြေတစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား နှစ်အိတ်၊ တီစူပါ တစ်အိတ်၊ ပိုတက်ရှ် တစ်အိတ်ထည့်ပါ။ မြေပြင်စဉ်တွင် မြေခံအဖြစ် တီစူပါ၊ ပိုတက်ရှ်နှင့် ယူရီးယားကို တစ်ဝက်ထည့်၍ ကျန်ယူရီးယားတစ်ဝက်ကို ဘောင်တင်ချိန်နှင့် ပန်းပွင့်ချိန်တွင် နှစ်ကြိမ်ခွဲကျွေးပါ။



    ဆွတ်ခူးခြင်း
    ရွှေ့ပြောင်းစိုက်ပြီး ၄၅-၆၀ ရက်သားတွင် ပန်းစတင်ပွင့်ပါသည်။ အစိမ်းအဖြစ်ခူးမည်ဆိုပါက အသီး အရွယ်ရောက်ပြီး အစိမ်းရင့်ချိန်တွင် ခူးပါ။ အသီးခူးရာတွင် အပွင့်များမကြေစေရန် ကိုင်းနု၊ ကိုင်းရင့်များ မကျိုးပဲ့စေရန် ဂရုစိုက်ခူးရပါမည်။


    သုံးရက်၊ ငါးရက်ခြား၊ ခုနစ်ရက်ခြားစသည်ဖြင့် ရက်ခြားမှန်မှန်ခူးပေးရ မည်။ ရက်ခြားမှန်မှန်ခူးပေးခြင်းဖြင့် ကျန်အသီးငယ်များ ကြီးထွားမှုကောင်းပြီး အထွက်တိုးလာနိုင်ပါသည်။ အသီးခူးပြီးတိုင်း ပုလဲနှင့် ပိုတက်ရှ်ကို ဆတူရော၍ အပင်နှစ်တန်းကြား၊ သို့မဟုတ် အပင်အရင်းမှခွာ၍ အပင် ပတ်ပတ်လည်တွင်ကျွေးပြီး မိုးရေ မရပါက ရေသွင်း၊ ရေလောင်းခြင်း ပြုလုပ်ပေးပါက အထွက်ပိုမိုလာပါ သည်။



    အပင်နှစ်ပင်ကြားတွင် မြေသြဇာဇွန်း နှစ်ဇွန်း၊ ၂၀ ဂရမ်မှ ၄၀ ဂရမ်ခန့် ကျွေးသင့်ပါသည်။ မျိုးအလိုက် ၁၀ ကြိမ်မှ အကြိမ် ၂၀ ခန့်ထိ ခူးဆွတ်နိုင်သည်။ အခြောက်ပြုလုပ်လိုပါက ရင့်မှည့်သောအဆင့်ကိုသာ ခူးသင့်သည်။ ယင်းနောက် နေလှမ်း၍လည်းကောင်း၊ ရေနွေးဖျာ ၍လည်းကောင်း ငရုတ်ခြောက်ပြုလုပ်နိုင်သည်။ ရေနွေး ဖျောရာတွင် မိုးပြဲဒယ်၌ ရေနွေး ကိုကြို၍ တစ်ပွက်-နှစ်ပွက် ပွက်ချိန်၊ အပူချိန် ၅၀ ဒီဂရီဆဲလ်စီရပ်ခန့်တွင် ခူးဆွတ်ထားသော အသီးမှည့်များ ကို ဒယ်အတွင်းသို့ထည့်၍ မွှေပေးရပါမည်။ ၁၀-၁၅ မိနစ်ခန့်တွင် ဆယ်ယူ၍ နေလှန်းရပါမည်။ အသီးစို တစ်ပိဿာလျှင် အခြောက် ၃၀ ကျပ်သားခန့်ရရှိပါသည်။ ရေနွေးဖျောခြင်းဖြင့် အသီးပုပ်ခြင်း၊ ဖလံဖြူဖြစ်ခြင်း စသည့်မှိုရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပြီး အထူးသဖြင့် မိုးစိုက်ငရုတ်များတွင် မဖြစ်မနေပြုလုပ်ကြသည်။
    မျိုးစေ့ယူမည့် ငရုတ်များကိုလည်း ရေနွေးစိမ်သင့်ပြီး အပူမလွန်ကဲသင့်ပါ။ မျိုးပေါက်ရာခိုင်နှုန်း ကျတတ်၍ ရေနွေးတစ်ပွက်၊ နှစ်
    ပွက်ဆူလျှင် အပူပေးခြင်းကိုရပ်ပြီး နာရီဝက်စိမ်ပြီး အခြောက်ခံသင့်သည်။ ငရုတ်သည် တစ်ဧကလျှင် မျိုးကိုလိုက်၍ အသီးခြောက်
    ၃၀၀-၅၀၀ ပိဿာအထိ ထွက်နိုင်ပြီး အစို ၁၀၀၀ မှ ၂၀၀၀ ပိဿာအထိ ထွက်နိုင်ပါသည်။
    <em>- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)


likes41comments1
views4070