cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နွားကျင်ငယ်ရည်မှရရှိသော “နတ်ဆေး”သို့မဟုတ် “စွမ်းထက်အီးအမ်”အပင်အားဆေးရည်

. အပင်အာဟာရ
နွားကျင်ငယ်ရည်ကို စိုက်ပျိုးရေးမှာ အကျိုးရှိအောင်အသုံးပြုလို့ရတာကို ကျမတို့ တောင်သူ တွေအနေနဲ့ သိသော်လည်း အသုံးပြုသူဦးရေမှာ လွန်စွာနည်းပါးလှပါတယ်။ အကျိုးကျေးဇူးများစွာ ရှိလှတဲ့ နွားကျင်ငယ်ရည်ကို ဘယ်လိုစုဆောင်းရမလဲ။ ဘယ်လိုအသုံးပြုသင့်သလဲဆိုတာကို ကျမတို့ရဲ့ ရိုသေလေးစားရပါသော ဆရာကြီးဦးသိန်းစု ပြောပြထားသော ဗဟုသုတများကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
  • နွားကျင်ငယ်ရည်တွင် N – 1%၊ P – 1.2 %၊ K အနည်းငယ်ပါဝင်သည့်အတွက် ပုလဲဓာတ်မြေသြဇာ အစားထိုးအနေနဲ့ အသုံးပြုလို့ရပါတယ်။ အပတ်စဥ်ပုံမှန်ဖျန်းပေးပါက နောင်တချိန်တွင် ပုလဲ ဓာတ်မြေသြဇာကို မလိုတော့သည်အထိ ကောင်းမွန်လှသော နွားကျင်ငယ်ရည်ရွက်ဖျန်း မြေသြဇာပင် ဖြစ်ပါသည်။ နွားကျင်ငယ်ရည်ရွက်ဖျန်း မြေသြဇာအသုံးပြုပါက ရရှိနိုင်သောအကျိုးကျေးဇူးများမှာ မြေသား တည်ဆောက်မှု ပိုမိုကောင်းမွန်လာခြင်း၊ တီကောင်များနှင့် အကျိုးပြုအဏုဇီဝပိုးများ ပိုမိုပွားများ လာခြင်း၊ အနည်းလိုအာဟာရများတိုးပွားလာခြင်း၊ အပင်ကြီးထွားနှုန်းပိုမိုမြန်ဆန်လာခြင်း၊ ပိုးမွှားရောဂါ ခံနိုင်ရည်ရှိလာခြင်း၊ အပင်များစိမ်းစို၍ အစာချက်လုပ်မှု အားကောင်းလာခြင်း၊ လက်ရှိ သီးနှံအတွက်တင်မကပဲ နောင်စိုက်မည့်သီးနှံများအတွက်ပါ အကျိုးဖြစ်ထွန်းစေခြင်း၊ ၃ နှစ်ဆက်တိုက် အသုံးပြုပါက ဓာတုဆေးများကင်းလွတ်လာသည်အထိ ကောင်းမွန်ခြင်းတို့ ဖြစ်ပါသည်။ 

    နွားကျင်ငယ်ရည်ရယူရာတွင် နွားများအိပ်စက်ရာ နွားတင်းကုတ်ထဲ၌ နွား ၁ ကောင်စာအတွက် ၁၀ ပေ ပတ်လည် တမန်တလင်းခင်း၍ ထောင့်တစ်ဖက်တွင် အနည်းငယ်နှိမ့်ပေးကာ ပိုက် သို့ ရေကန်ငယ်ပြုလုပ်ကာ ခံယူနိုင်ပါသည်။ ရရှိလာသော နွားကျင်ငယ်ရည်များကို အောက်ပါနည်းလမ်း (၄) မျိုး အတိုင်းအသုံးပြုနိုင်ပါသည်။  

    (၁) နွားကျင်ငယ်ရည်အား ရေနှင့် ရောစပ်၍ဖျန်းခြင်း 

    နွားကျင်ငယ်ရည်တွင် ပုံမှန်အားဖြင့် အပင်အတွက် အာဟာရများပါဝင်နေပြီး ဖြစ်သောကြောင့် ရေဖြင့်ရောစပ်ရုံဖြင့်လဲ ရိုးရှင်းစွာ အသုံးပြုနိုင်ပါသည်။ ရောစပ်ရာတွင် အပင် သက်တမ်းပေါ်မူတည်ကာ နွားကျင်ငယ်ရည် ၁ ဆ အား ရေ ၁၀ ဆ သို့ ၂၀ ဆ ဖြင့်ရာစပ်၍ သီးနှံပင်များကို ပက်ဖျန်းနိုင်ပါသည်။ လီတာ ၂၀ ဆေးဖျန်းပုံး ၁ပုံးလျှင် နွားကျင်ငယ်ရည် ၁ လီတာ သို့ ၂ လီတာ နှုန်းဖြင်းပက်ဖျန်းခြင်းအားဖြင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များအား ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါသည်။ 

    (၂) သီးနှံစွန့်ပစ်ပစ္စည်းများဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေးပြုလုပ်နည်း 

    နွားကျင်ငယ်ရည်အား သီးနှံစွန့်ပစ်ပစ္စည်းများဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေး ပြုလုပ်ရာတွင် အကျိုးပြုအဏုဇီဝပိုးများအား ပွားများလာစေပြီး သဘာဝနည်းလမ်းများအရ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေပဲ အပင်အားရောဂါပိုးမွှားဒဏ်ကိုပိုမိုခံနိုင်လာစေမှာဖြစ်ပါသည်။ ထိုသို့ ရောစပ်ရာတွင် နွားကျင်ငယ်ရည် ၄ လီတာ၊ သီးနှံစွန့်ပစ်ပစ္စည်း ၆၂ ကျပ်သား၊ သကြားညို ၆၂ ကျပ်သား တို့ကို မြေအိုး သို့ ပလတ်စတစ်ပုံးထဲသို့ထည့်ကာ အချဥ်ဖောက်ပေးရပါမည်။ သီးနှံစွန့်ပစ် ပစ္စည်းများအသုံးပြုရာတွင် မပုပ်သိုးသောစွန့်ပစ်ပစ္စည်းများကိုသာအသုံးပြုရမည်။ ၃ ပတ် မှ ၁ လ ကြာပါက ကစော်နံ့ကဲ့သို့ ချိုးမွှေးမွှေးအနံ့ရရှိလာပါက အပင်အာဟာရရွက်ဖျန်းအားဆေး ပြုလုပ်ခြင်းမှာ အောင်မြင်ပါသည်။ အပုပ်နံ့ထွက်လာပါက အသုံးပြုရန် မသင့်လျော်ပါ။ ရရှိလာသော နွားကျင်ငယ်ရည် အပင်အာဟာရရွက်ဖျန်းအားဆေးရည်အား ရေအဆ ၁၀၀ ဖြင့် ရောစပ်ကာအသုံးပြုနိုင်ပါသည်။ လီတာ ၂၀ ဆေးဖျန်း ပုံး ၁ပုံးလျှင် သီးနှံစွန့်ပစ်ပစ္စည်းများနှင့် နွားကျင်ငယ်ရည်အပင်အာဟာရ ရွက်ဖျန်း အားဆေးရည် ၂၀ စီစီနှုန်း ဖြင့် ပက်ဖျန်းခြင်းအားဖြင့် အပင်အတွက်လိုအပ်သော အာဟာရများ ဖြည့်တင်းပေးနိုင်မည်ဖြစ်ပါသည်။  

    (၃) နွားချေးဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေးပြုလုပ်နည်း 

    နွားချေးဖြင့်ရောစပ်ကာ အပင်အာဟာရရွက်ဖျန်းအားဆေးပြုလုပ်နည်းသည် သီးနှံစွန့်ပစ်ပစ္စည်း များဖြင့် ပြုလုပ်သည်ထက် ပို၍ မြန်ဆန်စေပါသည်။ ထိုသို့ ရောစပ်ရာတွင် နွားကျင်ငယ်ရည် ၁ လီတာ၊ နွားချေး ၆၀ ကျပ်သား၊ ထန်းလျက် ၆၀ ကျပ်သား၊ ရေ ၁၀ လီတာ တို့ကို မြေအိုး သို့ ပလတ် စတစ်ပုံးထဲသို့ထည့်ကာ အချဥ်ဖောက်ပေးရပါမည်။ အချိန် ၁ ပတ်ကြာပါက အပုပ်နံ့မထွက်ပဲ ကစော်နံ့ ကဲ့သို့ ချိုးမွှေးမွှေးအနံ့ရရှိလာပါက အထက်ပါနှုန်းထားအတိုင်း ရောစပ်ကာ အသုံးပြုနိုင်ပါသည်။ လီတာ ၂၀ ဆေးဖျန်း ပုံး ၁ပုံးလျှင် နွားချေးနှင့် နွားကျင်ငယ်ရည်အပင်အာဟာရ ရွက်ဖျန်းအားဆေးရည် ၂၀ စီစီ နှုန်းဖြင့် ပက်ဖျန်းပေးနိုင်ပါသည်။ ၁ ပတ် လျှင် ၁ ကြိမ်အသုံးပြုပါက အခြားဓာတုရွက်ဖျန်းအားဆေးများ မလိုအပ်တော့သည်အထိ ကောင်းမွန်လှသော သဘာဝ ရွက်ဖျန်းအားဆေးများပင်ဖြစ်ပါသည်။ 

    (၄) စွမ်းထက်အီးအမ်ပျော်ရည် (Jiv Amrit) 

    စွမ်းထက်အီးအမ်ပျော်ရည်ဆိုသည်မှာ အကျိုးပြုအဏုဇီဝမျိုးစိတ်ပေါင်း ၇၅၀၀၀ ကျော် ပါရှိ သော အပင်အားဆေးရည်ပင်ဖြစ်ပါသည်။ ပြုလုပ်ပုံမှာ လွန်စွာရိုးရှင်းလှပြီး ကုန်ကျစရိတ် လွန်စွာ သက်သာစေသော “နတ်ဆေး” ဟုပင် တင်စားရလောက်သည့် အပင်အာဟာရ အားဆေးရည်ပင် ဖြစ်ပါသည်။ စွမ်းထက်အီးအမ်ပျော်ရည်ပြုလုပ်ရာတွင် လိုအပ်သောပါဝင်ပစ္စည်းများမှာ  

    ၁. ဝါးရုံပင်အောက်မှ မြေကြီး - ၅ ကျပ်သား ( ၅၀ ကျပ်သား) 

    ၂. နွားကျင်ငယ်ရည် လတ်လတ်ဆတ်ဆတ် - ၁ လီတာ (၁၀ လီတာ) 

    ၃. နွားချေး လတ်လတ်ဆတ်ဆတ် - ၆၀ သား (၆ ပိဿာ) 

    ၄. ပဲမှုန့်အစိမ်း - ၁၅ ကျပ်သား (၁.၅ ပိဿာ) 

    ၅. ထန်းလျက် - ၁၅ ကျပ်သား (၁.၅ ပိဿာ) 

    ၆. ရေ - ၄.၅ ဂါလန် ( ၄၅ ဂါလန်) 

    ၇. ၅ ဂါလံဆန့် မြေအိုး / စဥ့်အိုး (၅၀ ဂါလံဆန့်သည့် မြေအိုး) 

    ပြုလုပ်ပုံအဆင့်ဆင့်မှာ -  

    ၁. ပထမဦးစွာ ဝါးရုံပင် သို့ အပင်ကြီးအောက်တွင်ရှိသော မြေရယူရာတွင် အပေါ်ယံမှ အမှိုက်ဆွေးများအားဖယ်ရှားက မြေကြီးထဲသို့ ၄-၅ လက်မ အနက်တူး၍ မြေကြီး ၅ ကျပ်သား ရယူပါ။ 

    ၂. ရေ ၄.၅ ဂါလံနှင့် ယူခဲ့သော မြေကြီး၊ နွားချေးတို့ကိုဖျော်ကာ ပါရှိသော အမှိုက်များကို ကုန်စင်အောင်ဖယ်ရှားပေးပါ။ အမှိုက်များပါလာပါက ပုပ်သွားတတ်၍ သေချာစွာ ဖယ်ပေးရန်လိုအပ်ပါသည်။  

    ၃. ထန်းလျက်နဲ့ ပဲမှုန့်တို့ကို ရေအနည်းငယ်ဖျော်ထားပေးပါ။ညင်သာစွာ မွှေပေးပါ။  

    ၄. ရေဖျော်ထားသော အရာများအားလုံးကို မြေအိုးထဲထည့်၍ နွားကျင်ငယ်ရည် ၁ လီတာ ပေါင်းထည့်ပြီး နှံ့စပ်အောင်မွှေပါ။ 

    ၅. အိုးပေါ်တွင် ဇကာခံ၍ အဝတ်စဖြင့်အုပ်ကာ နှုတ်ခမ်းသားပတ်ပတ်လည်ကို ကြိုးဖြင့်တင်းကြပ်စွာ ချည်နှောင်ထားပေးပါ။  

    ၆. ယင်နားပါက လောက်များတက်ကာပျက်ဆီးတတ်၍ ယင်မနားစေရန် အထူးဂရုစိုက်ပေးပါ။ 

    ၇. စွမ်းထက်အီးအမ်ပျော်ရည်ပြုလုပ်ထားသော မြေအိုးအညး အရိပ်ထဲတွင်ထားရှိကာ တစ်နေ့တစ်ကြိမ် မွှေပေးပါ။ 

    ၈. ဖျော်ပြီး နောက်ရက်တွင် အပေါ်ယံမျက်နှာပြင်တွင် မှိုမျှင်များသန်းလာပါလိမ့်မည်။ တစ်ပတ်ခန့် အကြာတွင် မျက်နှာပြင်တစ်ခုလုံးအပြည့် မှိုမျှင်ပေါင်းစုံအပြည့်ဖြင့်လွှမ်းမိုးသွားပါလိမ့်မည်။ 

    ၉. ပြုလုပ်ပြီး ၇-၁၀ ရက်အတွင်း အပုပ်နံ့မထွက်ပဲ ကစော်နံ့ကဲ့သို့ ချိုးမွှေးမွှေးအနံ့ရရှိလာပါက အသုံးပြုနိုင်ပြီး ပိုမိုအစွမ်းထက်စေပါသည်။ ထိုရက်ထက်ကျော်လွန်လာပါက အဏုဇီဝပိုးလေးများ သေဆုံးလာတတ်၍ လျင်မြန်စွာအသုံးပြုပေးပါ။ 

    ထို့ကြောင့် စွမ်းထက်အီးအမ်ပျော်ရည်သည် မိမိဒေသအတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများကို အခြေခံ၍ ပြုလုပ်ထားပြီး ထန်းလျက်နဲ့ ပဲမှုန့်တို့အားစားသုံးစေကာ ပိုမိုပေါက်ပွားလာစေပြီး ဒေသနဲ့ ကိုက်ညီသော အပင်အာဟာရအားဆေးရည်ဖြစ်သည့်အတွက် “နတ်ဆေး” ဟူ၍ခေါ်ဆိုနိုင်စေခြင်းပင် ဖြစ်ပါသည်။ (ပါဝင်ပစ္စည်းအချိုးများတွင် ဖော်ပြပါ အပြင် နောက်တွင်ဖော်ပြထားသောအချိုးမှာ ပမာဏများများလုပ်လိုသူများအတွက် ဖြစ်ပါသည်။) 

    ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -

    http://download.htwettoe.com/

    ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
21
comments
0
views
2289