မိုးစပါးသစ်စျေးကွက် ၁၀ သိန်းကျော်သာစျေးပေါက်လို့ တောင်သူတွေတွက်ချေမကိုက် အရှုံးပေါ်
- မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေပြီး စပါးတင်း ၁၀၀ ကိုမှ အများဆုံး ၁၀၅၀၀၀၀ ( ဆယ်သိန်းငါးသောင်းကျပ်) ကျပ်ဝန်းကျင်သာ စျေးပေါက်နေတဲ့အတွက် တောင်သူတွေမှာ တွက်ချေမကိုက်ဘဲ အရှုံးပေါ်နေတယ်လို့ တောင်သူတွေဆီကသိရပါတယ်။ - လက်ရှိမှာ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းမှာ မိုးစပါးအသစ်တွေစတင်ရိတ်သိမ်းနေကြတာဖြစ်ပြီး ရက် ၉၀ ၊ ထွန်းပု စတဲ့ သက်ငယ်စပါးတွေရိတ်သိမ်းနေကြတာဖြစ်ကြောင်း ၊ စပါး ပေါင် ၅၀ ရှိ တင်း ၁၀၀ ကို အနိမ့်ဆုံး ၉ သိန်းကျပ်မှ ၁၀ သိန်း ၅၀၀၀၀ ကျပ်စျေးပေါက်နေတာဖြစ်တယ်လို့သိရပါတယ်။ - " မနေ့ကပေါက်စျေး ခရမ်းမှာ စက်အရောက်ပို့ရင် ၁၁ သိန်းစျေး ပေးတယ်။အထိုင်ကတော့ ၁၀ သိန်းဝယ်တာရှိတယ်။အထိုင်စျေးကတော့ စက်ကျပေါ့။စပါးအရည်အသွေးပေါ်လိုက်ပြီး စျေးလည်း အပြောင်းအလဲရှိတယ်။စပါးစျေးက ထင်ထားသလောက်တောင်ဖြစ်မလာတော့တောင်သူတွေ ခုနှစ်တော်တော်ရှုံးမယ်။အရင်းအနှီးကများပြီး အကျိုးအမြတ်မရတဲ့အပြင်ရှုံးကြမှာ။ခုနှစ် မိုးကဖျက် ခိုကဖျက်နဲ့စပါးအထွက်နူန်းကလည်းလျော့မယ်။နောက်ပြီး စပါးစျေးမကောင်းလို့ စိုက်ဧကလျှော့ကြတာလည်းရှိတယ်။တဧကမှ စပါးတတင်းလောက် ကြဲထားတဲ့လယ်တွေဆိုရင် မရိတ်ရဘူးလေ။အကုန်စက်နဲ့ထိုးပစ်ရမှာ။ " လို့ ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ် မှ စပါးစိုက်တောင်သူကပြောပါတယ်။ - ယခုနှစ်မိုးစပါးရာသီမှာ လယ်ထွန်စက်မောင်းခ ၊ ကောက်စိုက်ခ၊ အလုပ်သမားငှားခ၊ ဓာတ်မြေဩဇာ ၊ စိုက်ပျိုးရေးဆေးစျေးနူန်း တွေမြင့်တက်လာသလို မိုးရွာသွန်းမှုကြောင့် စိုက်ခင်းရေမြုပ်ပျက်စီးတဲ့အတွက် မျိုးစပါးကို နှစ်ကြိမ်ကြဲရခြင်း ၊ စပါးရိတ်ခြွေစက်ခနူန်းထားမြင့်ခြင်း ကြောင့် စပါးစိုက်ပျိုးမှုကုန်ကျစရိတ်မှာ တဧကကို ၇ သိန်းကျပ်လောက်ရှိတယ်လို့သိရပါတယ်။ - " မြေဩဇာတအိတ်ကိုပုလဲက ၁၂၅၀၀၀ ကစတယ်ဗျာ။၁၅ ပတ်လည်ဆို ၁၆၀၀၀၀ လောက်ရှိတယ်။ ကုန်ကျစရိတ်က မြေဩဇာသုံးရင်သုံးသလောက် အနည်းအများရှိတယ်။ခုနှစ်ကအကုန်တက်တယ်။စပါးအခြောက်ကြဲချိန်မိုးများပြီးရေနစ်ကုန်လို့ နှစ်ကြိမ်ပြန်ကြဲရတယ်။အခုဖြစ်နေတဲ့စပါးစျေးနဲ့ဆိုမကိုက်ဘူး။စပါး၈၀ ထွက်မှအရင်းလောက်ရမယ်။စပါး ၅၀ သာထွက်ရင်ရှုံးတယ်။" လို့ ပဲခူးတိုင်းမှ တောင်သူကပြောပါတယ် ။ - လက်ရှိ ဖြစ်ပေါ်နေတဲ့ စပါးစျေးအရဆိုရင် - စပါးတဧကကို စပါးတင်း ၈၀ ထွက်ရှိခဲ့ရင်တောင် ကုန်ကျစရိတ်အရင်းသာရရှိပြီး အကျိုးအမြတ်မရရှိကြောင်း ၊ အကယ်လို့ စပါး ၅၀ သာထွက်ရှိပါက အရှုံးနဲ့ရင်ဆိုင်ရကြမှာဖြစ်တယ်လို့ဆိုပါတယ်။ - ဒါကြောင့် စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၁၅ သိန်းကျပ်လောက်ရရှိမှသာ တောင်သူတွေအကျိုးအမြတ်ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ - ပြီးခဲတဲ့ ၂၀၂၄ ခုနှစ်မိုးစပါးရိတ်သိမ်းချိန်တုန်းက စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၁၆၅၀၀၀၀ ကျပ်အထိစျေးတန်းရှိခဲ့တာကြောင့် ယခုနှစ်နဲ့ယှဥ်ရင် စပါး ၁၀၀ ကို ၆၅၀၀၀၀ ကျပ်လောက်အထိ စျေးကွက်ကျဆင်းနေတာတွေ့ရပါတယ်။ - မိုးစပါးအသစ်စျေးကွက်ကျဆင်းနေသလို ယခင်နှစ်စမိုးစပါးလက်ကျန်အဟောင်းတွေလည်း စျေးကျဆင်းပြီး ဝယ်ယူသူအလွန်နည်းနေတယ်လို့သိရပါတယ်။ - " စျေးတွေက အမျိုးမျိုးပဲ ။ဝယ်သူရှာတော့ညပွဲစားပါးစပ်ထဲစျေးဖြစ်နေတယ်။ဒါတောင် ခခယယ ရောင်းရတာပါ။"လို့ ပြည်မြို့နယ်မှ တောင်သူကပြောပါတယ်။ - စပါးစျေးကွက်ကျဆင်းနေတာကြောင့် တောင်သူတွေမှာ စပါးကို အကြွေးစနစ်နဲ့ရောင်းချနေကြရသလို ဆန့်ကိတ်ခွဲပြီး အကြွေးစနစ်နဲ့ရောင်းချနေကြရကြောင်း ၊ အကြွေးစနစ်ရောင်းချရာမှာ တောင်သူ တချို့မှာ လူလိမ်ခံရပြီး စပါးဖိုးငွေတွေ ဆုံးရှုံးရတဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်။ - စပါးစျေးကွက်ကျဆင်းရတဲ့အကြောင်းအရင်းတွေထဲမှာ စပါးကို နယ်ကျော်ပြီးသယ်ယူရောင်းချခွင့်မရှိခြင်း ၊ ဆန်အရောင်းအဝယ်ကျခြင်း ၊ သယ်ယူပို့ဆောင်ရေးခက်ခဲလာခြင်း တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ - Source: Voice of Myanmar - ------- - မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
