ပဲခူးတိုင်း နိုဝင်ဘာ ၁၈ ရက် မှ နိုဝင်ဘာ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ
· ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းပင်လယ်ပြင်များမှာ အားကောင်းလျှက်ရှိသောအရှေ့မြောက်မုတ်သုံလေကြောင့် လေထုမငြိမ်မသက်ဖြစ်ပြီး အထက်အမြင့်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC) များဖြစ်ပေါ်လာနိုင်ပါမယ်။
· နိုဝင်ဘာ၁၇ ရက်နေ့ည GFS model ကြိုတင်ခန့်မှန်းချက်အရ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပြီး မြောက်-အနောက်မြောက်သို့ရွေ့လျားကာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေကို ဦးတည်ရွေ့လျားနိုင်ပါတယ်။
· ECMWF model ရဲ့ ကြိုတင်ခန့်မှန်းချက်မှာတော့ သိသာထင်ရှားတဲ့လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာနိုင်မည့်အခြေအနေမရှိပဲ အားကောင်းသောလေပွေလှိုင်း အဖြစ် တမီလ်နာဒူးပြည်နယ်ကမ်းခြေကိုဦးတည်ရွေ့လျားနိုင်ကြောင်းတွေ့ရပါတယ်။
· နိုဝင်ဘာလကုန်ရက်၊ ဒီဇင်ဘာလ-ပထမပတ်အတွင်း တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်း ထိုင်းပင်လယ်ကွေ့မှာလည်း လေပွေလှိုင်းဖြစ်ပေါ်နိုင်ပြီး အနောက်ဘက် - ကပ္ပလီပင်လယ်ဘက်ကိုဆက်လက်ရွေ့လျှားနိုင်ကြောင်း သင်္ချာပုံစံပြု model များရဲ့ ခန့်မှန်းချက်မှာတွေ့ရပါတယ်။
· အရှေ့မြောက်ဘက်မှတိုက်ခတ်လျှက်ရှိတဲ့ ဆောင်းမုတ်သုံ(ခေါ်)အရှေ့မြောက်မုတ်သုံလေအေးများ ထိုင်းနိုင်ငံဘက်မှတဆင့် အရှိန်အဟုန်ဖြင့်တိုးဝင်လျှက် ရှိတာကြောင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်သက်ရောက်မှုသည် မြန်မာနိုင်ငံဘက်သို့ မတိုးနိုင်ဘဲ နေ့/ညအပူချိန်များဆက်လက်ကျဆင်းကာ နိုဝင်ဘာလ လကုန်ပိုင်းရက်တွေမှစတင်ပြီး ဖြည်းဖြည်းချင်းအအေးပိုလာနိုင်မှာဖြစ်ကြောင်းခန့်မှန်းရပါတယ်။
ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်
· ပဲခူးတိုင်း နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ(၇ ရက်အတွင်း) မိုးအသင့်အတင့်ရွာနိုင်ပါတယ်၊
· ပဲခူးတိုင်းအရှေ့ခြမ်းမှ - ကျောက်ကြီး၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ဖြူး၊ ဝေါနှင့်ညောင်လေးပင်မြို့နယ်နဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှ ပေါက်ခေါင်း၊ ပြည်၊ လက်ပံတန်းတွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် ရွာနိုင်ပါတယ်။
· ပဲခူးတိုင်းရဲ့ ၂၄ နာရီ ပျမ်းမျှမိုးရေချိန်အနေနဲ့ ၀.၁၈ လက်မခန့် ရွာနိုင်ပါတယ်။
· ပဲခူးတိုင်းအရှေ့ပိုင်းဒေသများတွင် အရှေ့-အရှေ့မြောက်ဘက်မှ ဆောင်းမုတ်သုံနှင့်ပါလာသော ရေခိုးရေငွေ့ကြွယ်ဝသည့်လေထု ဝင်ရောက်မှုကြောင့် မိုးအနည်းငယ်ပိုနိုင်ပါတယ်။
· ပဲခူးတိုင်းအရှေ့ခြမ်းဒေသများမှာ မိုးရွာသွန်းသည့်ပုံစံမညီမျှပဲ မိုးအနည်းအများကွာခြားမှုများရှိနိုင်ပြီး၊
· ပဲခူးတိုင်းအနောက်ခြမ်းဒေသများတွင် အရှေ့ပိုင်းဒေသများထက်ပို၍ညီမျှသော မိုးရွာသွန်းမှုပုံစံ ကိုတွေ့မြင်နိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ
· ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအရှေ့ပိုင်းက လိပ်သိုမြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၂၃°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၅°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၅၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၉၀% မှ ၁၀၀% အတွင်းရှိနိုင်ပါမယ်။
· လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ 50 - 70 ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။
· ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁.၃ ပေခန့်ရှိနိုင်ပြီး၊ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်ခန့်ရှိနိုင်ပါတယ်။
ပဲခူးတိုင်းကုန်းတွင်း မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်-အနောက်မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့….
ရွက်ဖျန်းအားဆေး အသုံးပြုနည်းအကြံပြုချက်
- ပိုးမွှားရောဂါကင်းသော စိုက်ခင်းများရွက်ဖျန်းအားဆေးအတွက် အသုံးပြုလိုပါက အပင်ငယ်စဥ်တွင် နိုက်ထရိုဂျင် (N) + ဖော့စ်ဖရပ်စ် (P) အချိုးများသောရွက်ဖျန်းအားဆေးကို အဓိကအသုံးပြုပါ။
- အဖူးစတင်ဖြစ်ပေါ်ချိန်တွင် ပိုတက်စီယမ် (K) အချိုးများသောရွက်ဖျန်း+ အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ (B, Mg, Mn, Mo, Zn ) ပါရှိသောရွက်ဖျန်း ကိုရွေးချယ်နိုင်ပါတယ်။
- ပိုးမွှား၊ရောဂါကျနေသော စိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးများကို အလွန်အကျွံသုံးစွဲခြင်းမပြုလုပ်ပါနဲ့။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူသူများ သတိပြုရန်
၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး မြနိမာနိုင်ငံ၏ ရာသီဥတုသည် လာနီညာရာသီ ဥတုဖြစ်ပေါ် နိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါသည်။ လာနီညာ ရာသီဥတု သဘောသဘာဝမှာ အေးပြီးစွတ်စိုတတ်ပါသည်။ တခါတရံ မိုးရွာစွာ ရွာတတ်သည်။ ထို့ကြောင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကန်ရေ အပူချိန်ကျဆင်းခြင်း နှင့် ပျော်ဝင်အောက်စီဂျင် လျော့နည်းခြင်းများ ကြုံတွေ့နိုင်ပါသည်။ သတိပြုရပါ။ နှင်းများစွာကျရောက်သော မနက်ပိုင်းတွင်လည်း ငါးများ ကန်ရေမျက်နှာပြင်အထိ တက်ရောက် အသက်ရှူခြင်းများတွေ့ရှိရပါမည်။
အဆိုပါအခြေအနေမျိုးတွင် ကြုံတွေ့ပါက ည (၁၂)နာရီကျော်လွန်သော အချိန်တွင် ငါး ပုစွန်မွေးမြူရေး ကန်၏ ရေကိုလှုပ်ရှားပေးရန်လိုအပ်ပါသည်။ ကန်အောက်ခြေရှိရေကို စုပ်ယူပြီး ရေပြန် ပြန်ချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှသာ ကန်အတွင်းပျော်ဝင်အောက်စီဂျင်ရရှိနိုင်ပါမည်။
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price